မြန်မာတစ်ပြည်လုံး အပူချိန်တွေထပ်ကျလာလို့ အအေးပိုလာနိုင် “ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“နေ့/ညအပူချိန်”
မြန်မာတစ်နိုင်ငံလုံးမှာ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက်အတွင်း မနက်အစောပိုင်းတွေမှာ အပူချိန်ထပ်ကျပြီး အအေးပိုလာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ရန်ကုန်တစ်မြို့လုံးမှာလည်း အပူချိန်ကျဆင်းလာနိုင်တယ်လို့ သူက ဆိုပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၃ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။
ကလောမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ အင်းလေးမှာ ၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ လက်ပံတန်းမြို့မှာ ၁၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိအနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်မယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ပြောထားပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၅ ကနေ ၂၉ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၆ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
ဒါ့အပြင်ပုသိမ်မြို့နဲ့ ဘားအံမြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ် အထိ ညအပူချိန်တွေ ကျဆင်းနိုင်ပါတယ်။
“မုန်တိုင်းအခြေအနေ”
တရုတ်ပြည်က သွယ်တန်းထိုးဆင်းလာတဲ့ လေဖိအားများမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို တိုးဝင်နေတယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။
ဒါကြောင့် အရှေ့မြောက်ဘက်က လေစီးကြောင်းအားကောင်းနေတဲ့အတွက် တနင်္သာရီတိုင်းမှာ အရှေ့လေပြင်းတိုက်ခတ်နေမှာဖြစ်ပြီး ဇန်နဝါရီလ ၁၇ ရက်လောက်အထိ ဆက်တိုက်နေမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာဖို့ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။
မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရခိုင်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နဲ့ ချင်းပြည် တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ