KIA ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဖို့ စစ်ခေါင်းဆောင်ပြော

Author လဂွန်းအိမ်
Categories
Published on Jan 10, 2025

စစ်ပွဲတိုင်းအရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်နဲ့ လာရောက်ပူးပေါင်းဖို့ ကချင်ပြည်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)ကို စစ်ကောင်စီတပ်ခေါင်းဆောင်က ဖိတ်ခေါ်လိုက်ပါတယ်။

 

ဒီကနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မင်းအောင်လှိုင်က အထက်ပါအတိုင်းထည့်သွင်းပြောကြားသွားတာပါ။

 

စစ်ကောင်စီအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုပြီး နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖော်ဆောင်နေတဲ့အထဲ KIA အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုအားလုံး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပါဝင်ရမယ်လို့ သူက ပြောသွားပါတယ်။

 

နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုတွေကို လွှတ်တော်လမ်းကြောင်းပေါ်ကနေ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ညှိနှိုင်းအဖြေရှာရမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့နဲ့ ပစ္စုပ္ပန်ကောင်းကို တည်ဆောက်နေတယ်လို့ နိုင်ငံတဝန်းဗုံးပတ်ကြဲနေတဲ့ တပ်ခေါင်းဆောင်က ပြောပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ အကြမ်းဖက်(စစ်ကောင်စီဆန့်ကျင်တဲ့)အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူတွေ လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေကြရတယ်လို့ တိုင်းစစ်ဌာနချုပ်နှစ်ခု လက်လွှတ်ထားရတဲ့ စစ်ခေါင်းဆောင်က အပြစ်ဖို့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကကျရောက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့  ၆၄ နှစ်ပြည့်အခမ်းအနားမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ အာဏာရှင်စနစ် မုချကျဆုံးရမယ်လို့ ကြုံးဝါးပြောဆိုသွားပါတယ်။

 

ဒါ့အပြင် ၂၀၂၁ အာဏာသိမ်းမှုကနေပေါ်ထွန်းလာတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ရှေ့ဆက်လက်တွဲသွားမယ်လို့ ပြောခဲ့တဲ့အပြင် အခုချိန်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နိုင်ဖို့ အခွင့်ကောင်းဖြစ်တယ်လို့လည်း သူ့ရဲ့မိန့်ခွန်းထဲ ပြောခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစတင်ခဲ့တဲ့ KIO/KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်အတွင်း ကချင်ပြည်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအားလုံးကို သိမ်းပိုက်ထားနိုင်သလို ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ် စတဲ့မြို့တွေအပြင် ရှမ်းမြောက်က မဘိမ်းမြို့တို့ကို သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် မကြာမီရက်ပိုင်းဖြစ်တဲ့ ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီ ၈ ရက်နေ့မှာ ကချင်ပြည်နယ်တောင်ဘက်စွန်း တရုတ်-မြန်မာနယ်စပ်အနီး မံစီမြို့ကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

 

ထိုးစစ်ဆင်နေတဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ အလားအလာကောင်းနေတယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ထားကြပါတယ်။

 

ဓာတ်ပုံ – Pro-SAC