ပူတင်နဲ့ ထရမ့်တွေ့ဖို့ စီစဉ်နေပြီ

Author CJ Platform
Categories
Published on Jan 10, 2025

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေးတစ်ခုကို စီစဉ်ထားတယ်လို့ ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောပါတယ်။

 

ဒါပေမဲ့ သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမယ့် နေ့ရက်အချိန်တွေကိုတော့ ထရမ့်ဘက်က မသတ်မှတ်ရသေးဘူးလို့လည်း သိရပါတယ်။

 

လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထရမ့် တကျော့ပြန် တရားဝင်သမ္မတ ဖြစ်လာပြီးရင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ရုရှား- ယူကရိန်း စစ်ပွဲကို သံသမန်ရေးရာ နည်းလမ်းနဲ့ ရပ်တန့်အောင် လုပ်ဆောင်သွားနိုင်တယ်လို့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ ယူကရိန်းဘက်ကတော့ အလျင်စလို စစ်ပြေငြိမ်းခဲ့ရင် သူတို့ဘက်က တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရနိုင်တဲ့ ကိစ္စကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

 

ထရမ့်ရဲ့ အကြံပေးတွေကတော့ ယူကရိန်းနဲ့ နယ်မြေအတော်များများကို ရုရှားလက်ထဲ ပေးအပ်ရလိုက်နိုင်တဲ့ စစ်ပြေငြိမ်းရေး အစီအစဉ်တွေကို အဆိုပြုထားတယ်လို့ ဆိုပါတယ်။

 

“သူ (ပူတင်) က ‌တွေ့ချင်နေတာပါ။ ကျွန်တော်တို့ဘက်ကလည်း အစည်းအဝေးကို စီစဉ်နေပါတယ်”လို့ ထရမ့်က ပြောပါတယ်။

 

သူဟာ ဖလော်ရီဒါပြည်နယ် ပမ်းဘိခ်ျမြို့က မာအေလာဂိုးအပန်းဖြေနေရာမှာ ကျင်းပတဲ့ ရီပတ်ဘလီကန် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲမတိုင်ခင်မှာ အခုလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ကလည်း ဒီစစ်ပွဲကိုပြီးသွားအောင် လုပ်ရပါမယ်။ ဒါက တကယ့်အရှုပ်ကြီးပါပဲ” လို့လည် ထရန့်က ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုပါတယ်။

 

ရုရှားဘက်က ယူကရိန်းကို ကျူးကျော်မှု စတင်ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ဟာ  ယူကရိန်းအတွက်လုံခြုံရေးအတွက် ကူညီထောက်ပံ့မှုအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် အပါအဝင်  ၁၇၅  ဘီလီယံကျော်အထိ အကူအညီပေးခဲ့ပါတယ်။

 

ဒါပေမဲ့ နောက်တက်လာမယ့် ထရမ့်ဟာ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုတယ်လို့ ပြောဆိုထားတဲ့အတွက် အခုလိုမျိုးအကူအညီတွေ ဆက်လက်ရနေဦးမလားဆိုတာ‌ကတော့ မသေချာသေးပါဘူး။

 

ရုရှားရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်‌ကတော့ ထရမ့်ဘက်က ဆက်သွယ်ဖို့ ဆန္ဒရှိတာကို ပူတင်ဘက်က ကြိုဆိုကြောင်း၊ ဒါပေမဲ့ လက်ရှိအချိန်ထိ တရားဝင် ဆက်သွယ်ပြောဆိုတာမျိုး မရှိသေးကြောင်းနဲ့ ထရမ့် တရားဝင်သမ္မတရာထူးရယူတာကို စောင့်တာက ပိုသင့်လျော်ကြောင်းကို ယမန်နေ့  အစောပိုင်းမှာ အသိပေးထားပါတယ်။

 

ဓာတ်ပုံ – Reuters

 

ပုံစာ- ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံခဲ့စဉ် (ပုံအဟောင်း)

 

ကိုးကား – Reuters