“နုပျိုမှုတို့ ပေးဆပ်ခဲ့တယ်၊ ဘာတွေပြန်ရလိုက်လဲ”
ရန်ကုန်က မြို့နယ်တွေမှာ နေထိုင်ပြီး စက်မှုဇုန်တွေမှာ စက်ချုပ်အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်ထဲမှာပဲ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ကြရပါတယ်။ သန်တုန်းမြန်တုန်းမှာတော့ အလုပ်တွေဟာ တွင်ကျယ်ခဲ့ပေမဲ့ လုပ်သက်တွေ ကြာလာတာနဲ့အမျှ ကျန်းမာရေး တဖြည်းဖြည်း ထိခိုက်တာတွေ ကြုံလာရပါတယ်။ ဒီတစ်ပတ်ရဲ့ တီးတိုးသံကဏ္ဍမှာတော့ သူတို့ဖြစ်ချင်တဲ့ ဘဝမျှော်မှန်းချက်တွေရှိပေမဲ့ လူမှုဘဝ ပြောင်းလဲမှုမရှိလာဘဲ အခက်အခဲကြုံတွေ့နေရတဲ့ စက်ရုံအလုပ်သမတွေရဲ့ ရင်ဖွင့်သံတွေကို ဖော်ပြပေးလိုက်ပါတယ်။
“လုပ်ငန်းခွင်ထဲမှာ အသက်ကြီးလာတာနဲ့ အမျှ ခွဲခြားဆက်ဆံမှုတွေ ရှိလာတယ်”
အသက် ၃၂ နှစ် အရွယ် အမျိုးသမီးအလုပ်သမားခေါင်းဆောင်တစ်ဦး၊ ငွေပင်လယ်စက်မှုဇုန်။
အလုပ်လုပ်တာကတော့ ၁၈ နှစ်လောက်ရှိပြီပေါ့။ လုပ်ငန်းခွင်ထဲမှ ကိုယ်ဘဝ တဝက်လောက်က ကုန်သွားပေမဲ့ အခုချိန်ထိတော့ ဘာမှ ပြောင်းလဲ တိုးတက်လာတာ မရှိဘူး။ လုပ်သက် အရမ်းကြာတော့ အာရုံကြော အားနည်းတာတွေ မျက်စိကြည့်ရတာ အသက်အရွယ်နဲ့ မမျှဘူး။ မှုန်ဝါးလာတာတွေ၊ ပြီးတော့ လုပ်ငန်းခွင်ထဲမှာ ထိုင်တာများတော့ အညောင်းမိလာတယ်။ ဒီဝေဒနာတွေ ခံစားရလာတယ်။ လုပ်ငန်းခွင်ထဲမှာ အသက်ကြီးလာတာနဲ့ အမျှ ခွဲခြားဆက်ဆံမှုတွေ ရှိလာတယ်။ အသက်ကြီးလို့ အာရုံကြောအားနည်းတဲ့ အခါ မမြင်ရတာ မျိုးဆိုရင် တစ်အားခက်ခဲတဲ့ နေရာကို မခိုင်းတော့ဘဲ တခြားသေးသေး မွှားမွှားလောက် ခိုင်းပြီး ကိုယ်ဂရိတ်တွေကို အရင်လို သတ်မှတ် မပေးတော့ဘဲနဲ့ လိုင်းအနောက်မှာ သိပ်မကျွမ်းကျင်တဲ့ သူတွေနဲ့ ထားပြီး တန်းတူ ခိုင်းတာ၊ ခွဲခြားဆက်ဆံတာမျိုး ရှိတယ်။ လက်ရှိ ကာလမှာ အဖြစ်ချင်ဆုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေ့စဉ် စားသောက်နေရပြီး နိုင်ငံရေးဆိုရင်လည်း ကြောက်လန့်စရာ ထိတ်လန့်စရာမရှိဘဲ အေးအေးချမ်းချမ်း ဘဝလေးကို အမြန်ဆုံးရောက်ချင်တယ်။
“လုပ်သက်အရမ်းကြာတော့ ကျန်းမာရေး ထိခိုက်လာတယ်။ အထိုင်များတော့ သည်းခြေမှာ ကျောက်တည် လာတယ်”
အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ထန်းတပင်မြို့ ။
အလုပ်လုပ်တာကတော့ ၁၅ နှစ်၊ နှစ်၂၀ လောက်ရှိပြီ။ ကိုယ့်ဘဝ တစ်လျှောက်လုံး လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်ခဲ့ရပေမဲ့ ပြောင်းလဲသွားတာ မရှိဘူး။ အချိန်တွေက ကုန်တာ၊ ဝင်ငွေနဲ့ ထွက်ငွေ မမျှတော့ ရတာနဲ့ ပြန်ကုန်နေတာ။ လုပ်သက်အရမ်းကြာတော့ ထိုင်ပြီး စက်ချုပ်ရတာများတော့ ကျန်းမာရေး ထိခိုက်လာတယ်။ သည်းခြေမှာ ကျောက်တည်တော့ ခွဲစိတ်မှုတွေ လုပ်ရတာ ကျန်းမာရေးမကောင်းတော့ဘူး ဘဝမှာ ဖြစ်ချင်တာက မိသားစုတွေ အဆင်ပြေဖို့ လစာကောင်းကောင်း ရချင်တယ်။ ကျန်းမာရေးလည်း ကောင်းချင်တယ်။
“အသက်ကြီးလာပြီ။ ဖြစ်ချင်တာကတော့ နိုင်ငံရေးကောင်းပြီး ကိုယ်ပိုင်အလုပ်လေး လုပ်ချင်တယ်“
အသက် ၃၆ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ထန်းတပင်မြို့ ။
လုပ်သက်ကတော့ နှစ် ၂၀ ရှိပြီ။ နှစ် ၂၀ တောင် အလုပ်လုပ်ခဲ့ပြီး ဘာမှ ပြောင်းလဲမှု မရှိဘူး။ လုပ်သက်ကြာလာတော့ ကျန်းမာရေး ထိခိုက်လာတယ်။ အခုလောလောဆယ်တော့ ကျောက်ကပ် ကျောက်တည်၊ သားအိမ် အသားလုံးတည်တယ်။ လိပ်ခေါင်းရောဂါ ဖြစ်နေပါတယ်။ ကျန်းမာရေးမကောင်းပေမဲ့ အလုပ်က လုပ်နေရတယ်။ မိသားစုမှာ အလုပ်လုပ်မဲ့သူမရှိ။ အသက်ကြီးလာရင်လည်း လုပ်ကျွေးမဲ့သူ မရှိဘူး။ ဖြစ်ချင်တာကတော နိုင်ငံရေးကောင်းပြီး ကိုယ်ပိုင်အလုပ်လေး လုပ်ချင်တယ်။
“အညောင်းအညာမိတယ်။ စက်ရုံက ဆေးခန်းထဲမှာ ဆေးမရှိဘူး။ ကိုယ်ဘာသာ ဆေးဝယ်သောက်ပဲ”
အသက် ၃၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ တွံတေးမြို့ ။
စက်ရုံလုပ်တာ နှစ် ၂၀ရှိပါပြီ။ လုပ်ငန်းခွင်ထဲမှာဆို နှစ်ကြီးသမားဆိုတော့ ပွိုင့်ကြီး ခိုင်းတယ်။ စူပါက သူများ မလုပ်ချင်တဲ့ ပွိုင့်ကြီးတွေ အကုန်လိုက်ခိုင်းတယ်။ လုပ်ငန်းခွင်ထဲမှာ လုပ်သက်ကြာလာတော့ အညောင်းအညာမိတယ်။ စက်ရုံက ဆေးခန်းထဲမှာ ဆေးမရှိဘူး။ ကိုယ်ဘာသာ ဆေးဝယ်သောက်ပဲ။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရသေးဘူး။ လက်ရှိကို ယ်ဖြစ်ချင်တာကတော့ ကုန်စျေးနှုန်းကျပြီး နိုင်ငံရေးမြန်မြန်ကောင်းစေချင်တယ်။
“ရတဲ့ လစာထက် ကုန်စျေးနှုန်းက ပိုကြီးတော့ မစုမိဘူး”
အသက် ၃၃ နှစ်အရွယ် အမျိုးသမီးအလုပ်သမားခေါင်းဆောင်တစ်ဦး၊ လှိုင်သာယာမြို့ ။
လုပ်သက်ကတော့ ၁၇ နှစ်ပေါ့။ ပြောင်းလဲလာတာ မရှိဘူး။ ရတဲ့ လစာထက် ကုန်စျေးနှုန်းက ကြီးတော့ မစုမိဘူး။ မိဘတွေ ကျန်းမာရေးမကောင်းရင် ဆေးခန်းပြရတယ်။ အလုပ်လုပ်ရင် ခေါင်းမူးတာ ဗိုက်အောင့်တာတွေ ရှိတယ်။ အလုပ်နားချင်ပေမဲ့ လုပ်ရတာပဲလေ။ နားရင် ပိုက်ဆံ မရမှာစိုးလို့။ ကျွန်မအဖြစ်ဆုံးကတော့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု ထောင်ချင်တယ်။ မိဘတွေရှိနေတုန်းမှာ ပြည့်ပြည့်စုံစုံလေးနဲ့ ထားချင်တယ်။