ဟေတီမှာ လူဆိုးဂိုဏ်းတွေကြောင့် တစ်နှစ်အတွင်း လူပေါင်း ၅၆၀၀ ကျော်  သေဆုံး

Author CJ Platform
Categories
Published on Jan 08, 2025

ဟေတီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း လူဆိုးဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၅,၆၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့သူတွေဟာ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ကုလသမဂ္ဂ (UN) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ UN အစီရင်ခံစာမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ဟေတီနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ကြောက်မက်ဖွယ်ရာ အနိဋ္ဌာရုံတွေကို ရှုတ်ချပြောဆိုခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ပေါများနေတဲ့ ကိစ္စကိုလည်း သတိပေး ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်မှာ လက်နက်ကိုင်ဂိုဏ်းတွေဟာ နိုင်ငံရဲ့ မြို့တော် ပေါ့အော်ပရင့်ရဲ့ နေရာအတော် များများကို ထိန်းချုပ်ထားပါတယ်။ တစ်ချိန်တည်းမှာ ရဲတပ်ဖွဲ့တွေဟာလည်း လူဆိုးဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိသူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

 

‌လက်ရှိအချိန်ထိ ဆက်ပြီးဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ဆယ်စုနှစ်များစွာ မတည်မငြိမ်ဖြစ်နေတဲ့ ဟေတီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပိုပြီးဆိုးရွားစေပါတယ်။

 

“ဒီ ကိန်းဂဏန်းတွေတစ်မျိုးတည်းနဲ့ ဟေတီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ထိန်လန့် ကြောက်မက်ဖွယ်ရာအားလုံးကို မလွှမ်းခြုံနိုင်ပေမယ့် လူတွေ ထပ်ကာတလဲလဲ ကြုံတွေ့ခံစားနေရတဲ့ အကြမ်းဖက်မှုတွေကိုတော့ မြင်သာစေပါတယ်” လို့ မစ္စတာ တာ့ခ်က ပြောပါတယ်။

 

UN ရဲ့အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ဟေတီနိုင်ငံမြို့တော်က ဆိုက်ဆိုလီပရပ်မှာရှိတဲ့ ဝါ့ဖ်ဂျယ်ရမီ ဂိုဏ်းခေါင်းဆောင်ဖြစ်သူရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အနည်းဆုံးလူပေါင်း ၂၀၇ ဦး သေဆုံးခဲ့ရတာကိုလည်း အလေးပေး ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ၂၀၂၄ ခုနှစ်ထဲမှာပဲ လူဆိုးဂိုဏ်းဝင် ဒါမှမဟုတ် လူဆိုးဂိုဏ်းနဲ့ ပတ်သက်ဆက်စပ်တယ်လို့ ဆိုသူတွေကို လူအုပ်ကြီးက တရားလက်လွှတ် စစ်ဆေးသတ်ဖြတ်ခဲ့မှုပေါင်း ၃၁၅ မှုကိုလည်း UN လူ့အခွင့်အရေးရုံးက မှတ်တမ်းတင်နိုင်ခဲ့ပြီး တချို့ဖြစ်ရပ်တွေကို ဟေတီရဲတပ်ဖွဲ့ အရာရှိတွေက ကမကထ ပြုလုပ်တာဖြစ်ကြောင်း ‌တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

 

နောက်ထပ်လည်း အထူးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့ ကွပ်မျက်  သတ်ဖြတ်မှုပေါင်း ၂၈၁ မှု  ရှိခဲ့တယ်လို့ သိရပါတယ်။

 

“ဟေတီနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ပြစ်ဒဏ်တွေက ကင်းလွှတ်ခွင့်ရနေသလို အကျင့်ပျက်ခြစားမှုတွေကလည်း ပျံ့နှံ့နေဆဲ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရတာ အတော်ကြာပါပြီ” လို့ မစ္စတာ တာ့ခ်က ဆိုပါတယ်။

 

ပြီးခဲ့တဲ့ နိုတင်ဘာလတုန်းက ဟေတီနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့‌တွေကြားက ပဋိပက္ခတွေ၊ ရဲတပ်ဖွဲ့နဲ့ ဓားတွေကိုင်ဆောင်ထားတဲ့ အရပ်သားတွေကြား ပဋိပက္ခတွေကြောင့် UN က သူ့ရဲ့ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားပါတယ်။

 

ဒါပေမဲ့ UN ကတော့ သူတို့တွေဟာ ဟေတီနိုင်ငံတွင်းက ထွက်ခွာသွားတာမျိုးမဟုတ်ဘဲ ဝန်ထမ်းတွေကို နိုင်ငံတွင်းက ပိုပြီးလုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းတာနဲ့ တချို့တွေက အဝေးကနေ အလုပ်လုပ်တာမျိုးတွေနဲ့ လုပ်ငန်းတွေကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းသာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

မစ္စတာတာ့ခ်ကတော့ ဟေတီနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အရာရှိတွေကို နိုင်ငံတကာရဲ့ အကူအညီနဲ့ ဖမ်းဆီးချုပ်နှောင်ကြဖို့ တောင်းဆိုပါတယ်။

 

“တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းတာက ဦးစားပေးဖြစ်ရမယ်” လို့ သူက ပြောပါတယ်။

 

ဒါ့ပြင် အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့အတွက် တာဝန်ပေးထားတဲ့ ကင်ညာနိုင်ငံဦးဆောင်တဲ့ ကုလသမဂ္ဂမစ်ရှင်အဖွဲ့ကိုလည်း သူတို့တွေရဲ့ အလုပ်တွေကို အောင်မြင်အောင်‌ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘဏ္ဍာငွေအထောက်အပံ့တွေကိုလည်း ပြုလုပ်ပေးဖို့ တောင်းဆိုပါတယ်။

 

ကင်ညာရဲတပ်ဖွဲ့ဝင်တွေအများစုပါဝင်တဲ့ အင်အား ၄၃၀ ရှိ ကုလသမဂ္ဂလုံခြုံရေးမစ်ရှင်အဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လက ဝန်ထမ်းအင်အားနည်းပါးနေတဲ့ ဟေတီရဲတပ်ဖွဲ့ဆီကို အားဖြည့်စေလွှတ်ခဲ့ပေမဲ့ အကြမ်းဖက်မှုတွေကတော့ ဆက်ပြီးကြီးထွားနေဆဲ ဖြစ်ပါတယ်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြဌာန်းထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်မှုကို အပြည့်အဝ အကောင်အထည်ဖော်ရမယ်လို့လည်း မစ္စတာတာ့ခ်က ပြောပါတယ်။

 

“ဟေတီနိုင်ငံတွင်းကို စီးဝင်လာတဲ့ လက်နက်တွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ လူဆိုးဂိုဏ်းတွေလက်ထဲကိုပဲ ရောက်ရောက်သွားပါတယ်။ အဲဒီလိုရောက်ပြီးရင် လူထောင်နဲ့ချီ ‌အသတ်ခံရတာ၊ လူပေါင်းသိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးရတာ၊ ကျောင်းတွေ ဆေးရုံတွေလိုမျိုး မရှိမဖြစ် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ဖျက်ဆီးခံရတာ စတဲ့ ကြေကွဲဝမ်းနည်းစရာ ရလဒ်တွေပဲ ဖြစ်လာတာပါ” လို့ သူက ပြောပါတယ်။

 

အမေရိကန်နဲ့ အခြားကာရေဘီယံနိုင်ငံတွေကို ကျောထောက်နောက်ခံပြုထားသော ဟေတီအစိုးရဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို  ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်း‌တွေကို အပြည့်အဝ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

 

ဒါပေမဲ့ ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ အဲဒီ တောင်းဆိုချက်ကို ကန့်ကွက်ခဲ့ပြီး အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ကြိုးပမ်းမှုအစား ဟေတီရဲတပ်ဖွဲ့အားကောင်းလာအောင် အာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – Ralph Tedy Erol/Reuters

 

ပုံစာ – လူဆိုးဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ပိုင်ဆိုင်သမျှ သယ်ဆောင်လာပြီး နေရပ်စွန့်ခွာထွင်ပြေးလာတဲ့ Lower Delmas က ကလေးနှစ်ဦးနဲ့ မိခင်ကို တွေ့မြင်ရစဉ်

 

ကိုးကား- Al Jazeera