မင်းကင်း၊ ချင်းတွင်းမြစ်ဘေးက ရွှေမျောလုပ်ကွက်အတွင်း ဒေသခံတွေနဲ့ လက်နက်ကိုင် ပ,သုံးလုံးအဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား ပြေလည်မှုမရမချင်း ရွှေမျောလုပ်ကိုင်မှု ခေတ္တရပ်ဆိုင်းထားမယ်လို့ဆို
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာ၊ ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရှိ ရွှေမျောလုပ်ကွက်အတွင်း ဒေသခံတွေနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းက ရုန်ရင်းဆန်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလို နှစ်ဖက်ထိပ်တိုက်တွေ့အပြီး လုပ်ငန်းရှင်ဘက်က မြောက်ချွန်းကျေးရွာဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ဆိုကာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လုပ်ငန်းကို ခေတ္တရပ်နားခဲ့တယ်လို့ သူက ပြောပါတယ်။
“ပြန်စိစစ်ရေးအတွက် စာရင်းစစ်အဖွဲ့ကို ရွာမှာတင်ဖွဲ့ပြီး ပကဖတစ်ယောက်နဲ့ ရွာဘက်က စာရင်းစစ်ပါတဲ့သူတစ်ယောက်နဲ့ စကားအခြေအတင်ပြောကြတာပေါ့နော်။ အဲဒီတုန်းက တိုက်နယ်မှူးကလည်း ကမ်းနားရောက်နေတဲ့အချိန် ကလေးတစ်ယောက်ကတိုင်တော့ ဟိုလူ(တိုက်နယ်မှူး)ကလည်း အဲဒီနှစ်ယောက်ကို သူတို့ဆီတွေ့ဖို့ခေါ်တာ။ လူထုက ဖမ်းဖို့ရာထင်တာ။ သူလွှတ်တဲ့ရဲဘော်တစ်ယောက်ကလည်း ရွာကို ကိုင်ခဲ့တော့ အဲဒီလိုတွေကနေ ရုန်းရင်းဆန်ခတ်ဖြစ်တာ” လို့ မြောက်ချွန်းဒေသခံ အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်အထိ နှစ်ဖက်ညှိနှိုင်းဖို့ မလုပ်ဆောင်ရသေးဘူးလို့ သူက ပြောပါတယ်။
CJ Platform သတင်းဌာနဆီပေးပို့လာတဲ့ ရုပ်သံဖိုင်တွေထဲ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့ အရပ်ဝတ်တွေနဲ့ လက်နက်ပိုင်ဆောင်ထားသူတွေနဲ့ လက်နက်မဲ့ဒေသခံတွေကြား တွန်းထိုးနေတာ၊ စကားအခြေအတင်ပြောဆိုနေတာတွေ ကြားမြင်ရပါတယ်။
ဒါ့အပြင် ရုပ်သံဖိုင်တွေထဲကတစ်ခုမှာတော့ လက်နက်ကိုင်ဆောင်ထားသူတစ်ယောက်က ဒေသခံတွေကို သေနတ်နဲ့ပစ်မယ်လို့ခြိမ်းခြောက်တဲ့အတွက် ဒေသခံအမျိုးသားနဲ့ အမျိုးသမီးတွေဘက်က “ပစ်လိုက်၊ ပစ်စမ်း၊ ပစ်၊ ပစ်” လို့ ပြောဆိုနေကြသလို “သူ့ကိုဝယ်ပေးတဲ့သေနတ်နဲ့ ပြည်သူ့ကိုပစ်တာ ပစ်စမ်း” လို့ အမျိုးသမီးတစ်ဦးရဲ့ ပြောသံကိုလည်း ကြားရပါတယ်။ ရုပ်သံအဆုံးသတ်ပိုင်းမှာတော့ ခြိမ်းခြောက်သူလို့ယူဆရသူအမျိုးသားက သေနတ်ပြန်လည်ရယူပြီး မောင်းတင်လိုက်တာကို တွေ့မြင်ရပါတယ်။
CJ Platform က ဆက်လက်စုံစမ်းရာမှာတော့ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းရုန်းရင်းဆန်ခတ်မှုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
“ခုက ညှိနှိုင်းလို့ အဆင်မပြေမချင်း ရွှေမျောပိတ်ထားမယ်လို့ပြောတယ်ဗျ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၂၈ ခန့်ရှိ မြောက်ချွန်းဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒေသခံတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေအကြား ရွှေမျောနဲ့ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် တစ်ဦးတစ်ယောက်တည်း သွားလာဖို့ကိုပင် လုံခြုံရေးအရစိုးရိမ်မှုတွေရှိနေပြီး ပကဖအဖွဲ့၀င်တွေက ဖမ်းဆီးမှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်မှုရှိနေတယ်လို့ အသက် ၃၂ နှစ်ခန့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကနဦး ရွှေမျောလုပ်ငန်းရှင်နဲ့ ကာကွယ်ရေးတပ်တွေဘက်က NUG ရဲ့ ခွင့်ပြုချက်နဲ့လုပ်ကိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့တောင်းဆိုချက်ကို မျက်ကွယ်ပြုထားခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေခွင့်ပြုမှုကို ဒေသခံတွေဆီအသိမပေးဘဲ မင်းကင်းတိုက်နယ်၊ မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေပူးပေါင်းပြီး အခွန် ကျပ်သိန်း ၁၅၀၀ ယူကာ လုပ်ငန်းရှင်တွေဆီ ရှစ်လလုပ်ကိုင်ခွင့်ချပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ ရက်နေ့က စတင်လည်ပတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ရဲ့ပထမဆုံးအပြောင်းအလဲအနေနဲ့ ဒေသခံတွေရဲ့တောင်းဆိုချက်တွေထဲကတစ်ခုဖြစ်တဲ့ မြောက်ချွန်းကျွေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
ရွှေမျောလုပ်ငန်းမှာ ကျေးရွာနေအိမ်တွေနဲ့ ကိုက် ၁၀၀ အကွာမှာတည်ရှိပြီး မျောစင် ၅၀ ခန့်နဲ့ လည်ပတ်လုပ်ကိုင်နေတယ်လို့ မြောက်ချွန်းဒေသခံလေးဦးက CJ Platform ကို ပြောထားပါတယ်။
အခုလို ရွှေတူးဖော်တာအပါအဝင် ကျေးရွာ ပ,သုံးလုံးပြန်လည်ဖွဲ့စည်းပေးဖို့ NUG ရဲ့ မင်းကင်းမြို့နယ် ပအဖ၊ ပကဖနဲ့ ပလဖအဖွဲ့တွေဆီ မြောက်ချွန်းဒေသခံ အိမ်ထောင်စု ၂၀၀ ခန့်ရဲ့သဘောတူညီချက်နဲ့ တိုင်ကြားစာပို့ထားပါတယ်။
ရုပ်သံ – ပေးပို့