စစ်တပ်ပမာဏ ထိုင်း လျှော့ချမယ်

Author CJ Platform
Categories
Published on Dec 24, 2024

ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးကောင်စီဟာ လက်နက်ကိုင်တပ်တွေရဲ့ အရွယ်အစား လျှော့ချဖို့နဲ့ လက်နက်အသုံးပြုမှုတွေ လျှော့ချမယ့် မူဝါဒကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖွတ်သမ်ဝီချာရာချိုင်က ဦးဆောင်တဲ့ ကောင်စီဟာ အခုနှစ်အတွက် နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးမှာ စစ်တပ်ရဲ့ ဦးတည်ချက်ကိုချမှတ်ပေးမယ့် ၂၀၂၆-၂၀၃၇ မဟာဗျူဟာ စီမံချက်ကို ပြန်လည်သုံးသပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိကြတဲ့ ဌာနတွေဟာ ကိုယ်ပိုင်မဟာဗျူဟာ အစီအစဉ်တွေ ရှိကြပြီး အစီအစဉ်တွေဟာ ဌာနတစ်ခုနဲ့ တစ်ခု ဆန့်ကျင်တာမျိုး မရှိဘူးလို့ မစ္စတာ ဖွန်သမ်က ဆိုပါတယ်။

 

ဒါပေမဲ့ တပ်မတော်ကို ပမာဏလျှော့ချမယ့် ကိစ္စအောင်မြင်ဖို့ဆိုရင် ဌာနအားလုံးက စည်းလုံးညီညွှတ်တဲ့ ဦးတည်ချက်နဲ့ အမျိုးသားရေးမဟာဗျူဟာနဲ့အညီလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

 

ဒါ့အပြင် ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ဆုတင်ခလွန်ဆန် ရေးသားခဲ့တဲ့ ကာကွယ်ရေးဥပဒေကို ပြင်ဆင်မယ့် ဥပဒေမူကြမ်းကိုလည်း လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

 

အကြံပြုချက် တချို့ရရှိထားတဲ့ အဲဒီမူကြမ်းဟာ ပြန်လည်သုံးသပ်ဖို့အတွက် ကောင်စီကိုထပ်ပြီး မတင်သွင်းခင်မှာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့လည်းရှိတယ်လို့ မစ္စတာဖွန်သမ်ကို ဆိုပါတယ်။

 

လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တပိုင်းအနေနဲ့ မူကြမ်းကို အစိုးရအဖွဲ့ထံကို တင်ပြကာ အတည်ပြုချက်ယူပြီးနောက်မှာ လွှတ်တော်ကိုတင်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

 

အခုကိစ္စကို ကြီးကြပ်ဖို့ ကာကွယ်ရေး ဒုတိယဝန်ကြီးနဲ့ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန်တို့ကို တာဝန်ပေးထားတယ်လို့လည်း မစ္စတာဖွန်သမ်က ဆိုပါတယ်။

 

ကောင်စီဟာ ကမ္ဘာ့ရေးရာများကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံရဲ့ ကြားနေရပ်တည်ချက်အတိုင်း ဆက်လက်ထိန်းသိမ်းကာ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်သွားကြဖို့ သဘောတူခဲ့တယ် လို့လည်း သူက ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး သနတ်တစ်ပ်ဆဝမ်ဆအန်က အခုသဘောတူလိုက်တဲ့ မူဝါဒဟာ စစ်ရေးပြင်ဆင်မှုနဲ့ ပေါင်းစည်းညီညွှတ်မှု တိုးတက်စေဖို့အတွက် မူဘောင် တစ်ခုကို ချမှတ်ပေးမှာဖြစ်တယ်လို့ ယမန်နေ့က ပြောပါတယ်။

 

အခုမူဘောင်ဟာ အစိတ်အပိုင်းတစ်ခုချင်းစီကို အစီအစဉ်တွေနဲ့ စီမံချက်တွေ ဖန်တီးနိုင်စေပြီး စစ်တပ်ရဲ့ အခန်းကဏ္ဍကိုပိုမိုနားလည်သဘောပေါက်စေလိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာ စစ်တပ်ရဲ့ ပမာဏကိုလျှော့ချဖို့ စတင်နေပြီဖြစ်ပြီး လာမယ့် ၂၀၂၇ ခုနှစ်မှာ တပ်ဖွဲ့ဝင် ၅ ရာခိုင်နှုန်းကို လျှော့ချသွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး သနတ်တစ်ပ်က ဆိုပါတယ်။

 

ဒါ့အပြင် တပ်ကနေ စောစောအနားယူခြင်း အစီအစဉ်နဲ့ စစ်ဆင်ရေးအဆင့်တွေက ကျွမ်းကျင်ရာထူးနဲ့ အရာရှိရာထူးတွေ ရယူထားတဲ့ ဗိုလ်ချုပ်တွေရဲ့ အရေအတွက်တွေကိုလည်း လာမယ့် ၂၀၂၈ မှာ ထက်ဝက် (၅၀ ရာခိုင်နှုန်း) လျှော့ချသွားမယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် အခုအစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပညာရေးအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းဦးရေတွေကို ကန့်သတ်တာ၊ ခြိမ်းခြောက်မှုတွေ စစ်ဆင်ရေးတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် စစ်မှုထမ်းအရေအတွက်ကို ချိန်ညှိတာ အပြင် တိုက်ခိုက်ရေးနဲ့ ထောက်ပံ့ရေးတပ်ဖွဲ့တွေမှာ စေတနာ့ဝန်ထမ်း တပ်သားသစ်တွေနဲ့ အစားထိုးမယ့် အချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Bangkok Post

 

ကိုးကား- Bangkok Post