ဂါဇာဒေသမှာ စစ်ပွဲစည်းမျဉ်းစည်းကမ်းတွေ အစ္စရေး ချိုးဖောက်လို့ဆို
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲစည်းမျဉ်းစည်းကမ်းတွေ အားလုံး ချိုးဖောက်ခဲ့တယ်လို့ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) ရဲ့ ကော်မရှင်နာမင်းကြီး ဖိလစ်ပီလာဇရီနီက ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောပါတယ်။
အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ ၁၄ လတာကာလကနေ အခုထိ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲစည်းမျဉ်းတွေ ဆက်ပြီး ချိုးဖောက်မှုတွေကို သူက မီးမောင်းထိုးပြောပါတယ်။
(အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ) ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ပိုပြီးတိုးလာတယ်။ အရပ်သားတွေ ထိခိုက် သေဆုံးဒဏ်ရာရမှုတွေလည်း ပိုပြီးတိုးလာနေတယ် လို့ မစ္စတာလာဇရီနီက လူမှုကွန်ရက် X မှာ ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်မှုတွေဟာလည်း ပုံမှန်လိုဖြစ်နေပြီး ကမ္ဘာကြီးအနေနဲ့ ဒါတွေကို အသားကျပြီးထုံသွားလို့မရကြောင်း၊ စစ်ပွဲတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေရှိပြီး အခုဆိုရင် စည်းမျဉ်းစည်းကမ်းအားလုံး ချိုးဖောက်ခံနေရကြောင်းကို သူကဆက်ပြီး ပြောပါတယ်။
ဒါ့အပြင် ဂါဇာကမ်းမြောင်ဒေသရဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စဟာလည်း အချိန်လွန်နေပြီဖြစ်ပြီး အရပ်သားတွေကို ကာကွယ်နိုင်ဖို့အတွက် တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့ကိုလည်း သူက အလေးပေး ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကစလို့ ဟားမက်စ်တို့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅,၂၀၀ ကျော်သေဆုံးခဲ့ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။
အခုလို တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အစ္စရေးကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက်ဗ်ဂဲလ်လန့်တို့ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် အစ္စရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာလည်း အမှုရင်ဆိုင်နေရပါတယ်။
ဓာတ်ပုံ- Anadolu Ajansi
ပုံစာ- ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) ရဲ့ ကော်မရှင်နာမင်းကြီး ဖိလစ်ပီလာဇရီနီ
ကိုးကား- Anadolu Ajansi