တော်လှန်ရေးအင်အားစု အားနည်းတဲ့ ဧရာဝတီတိုင်းနား စစ်ပွဲနီးလာချိန် ဘာစိုးရိမ်ချက်တွေရှိနေလဲ?
ဧရာဝတီတိုင်းဟာ စစ်ကောင်စီလက်အောက်ခံတွေ ထိန်းချုပ်မှုအားကောင်းပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲ မရှိ၊ စစ်ကောင်စီပစ်မှတ်တွေ တိုက်ခိုက်ခံရမှု အားနည်းတဲ့ဒေသဖြစ်ပါတယ်။ အခုတော့ ဧရာဝတီတိုင်းနဲ့ ၁၀ မိုင်ကျော်သာကွာဝေးတဲ့ နယ်စပ်ရခိုင်ပြည်မှာ အာရက္ခတပ်တော် AA ရဲ့ စွမ်းရည်ကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ရှိရာ ဧရာဝတီဒေသခံတွေဟာ စစ်ပွဲရောက်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပြီလား။ ဧရာဝတီမှာ ဘာတွေဖြစ်နေလဲ စတာတွေနဲ့ပတ်သက်ပြီး CJ Platform က ဧရာဝတီဒေသခံ လူငယ်လူရွယ်တွေကို အဓိကထား ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။
****************************************
“မြို့ကိုတော့ စွန့်ခွာရမယ်လေ။ ကျွန်တော်တို့ဘက် ကူးလာမှာတော့ နည်းနည်းကြောက်တာပေါ့။”
၂၃ နှစ်အရွယ်ရှိ ချောင်းသာကမ်းခြေနေ ကိုအောင်မြတ်သူ
စစ်မီးကူးလာရင်တော့ စာရွက်စာတမ်းတွေဘာတွေထုတ်ပိုးပြီး ပုသိမ်ဖြစ်ဖြစ် ရှောင်ရမှာပဲ။ မြို့ကိုတော့ စွန့်ခွာရမယ်လေ။ ကျွန်တော်တို့ဘက်ကူးလာမှာတော့ နည်းနည်းကြောက်တာပေါ့။ ဖြစ်လာရင်လည်း အသိမိတ်ဆွေမိသားစုတွေကိုတော့ အသက်မဆုံးရှုံးစေချင်ဘူး။ လက်ရှိမှာတော့ ပေါ်တာဆွဲနေတယ်လို့ကြားနေရတယ်။ ညဘက် ကမ်းခြေမှာ လူငယ်တွေကိုလိုက်ဖမ်းတယ်။ ဇီးရိုးရပ်ကွက်လို့ခေါ်တဲ့ လူနေထူထပ်တဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ကောင်လေးတစ်ယောက်ကို လာဖမ်းရင်းထွက်ပြေးသွားလို့ အမေကိုဖမ်းသွားတယ်။
****************************************
“ပြည်သူတွေ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာနဲ့ ဓားစာခံဖြစ်မှာတွေကို ကြောက်နေကြရတာ အမှန်ပဲ”
အသက် ၂၅ နှစ်ခန့်ရှိ ပုသိမ်မြို့နေ ကိုမင်းခန့်
ပုသိမ်ဆိုတဲ့ နေရာက ဘယ်ဘက်ကပဲ စစ်ကြောင်းထိုးလာလာ နတခ(အနောက်တောင်တိုင်းစစ်ဌာနချုပ်)ရော လေတပ်ပါရှိနေတော့ ဒီကိုပဲ မြှားဦးလာစိုက်မှာလေ။ အဲဒီတော့ ပြည်သူတွေ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာနဲ့ ဓားစာခံဖြစ်မှာတွေကို ကြောက်နေကြရတာ အမှန်ပဲ။ ၈ နာရီ မာရှယ်လောလို့ ပြောသံကြားပေမဲ့ တရားဝင်မထုတ်သေးဘူး။ ဒါပေမဲ့ ည ၉ နာရီနောက်ပိုင်းဆို လမ်းပေါ်လူမရှိတော့ဘူး။ တစ်တိုင်းလုံး အနေအထား စစ်မီးကူးရင် စစ်ရှောင်ဖို့ကလည်း ပြေးစရာပင်လယ်ပဲရှိတော့ ပြေးမယ့်အစီအစဉ်တော့မရှိသေးဘူး။ တောင့်ခံရမှာပဲ။ လက်ရှိမှာတော့ ပေါ်တာဆွဲနေတာတွေရော၊ အဖမ်းဆီးတွေပါ ပေါ် ပေါ်တင်တင် ပိုလုပ်လာကြတယ်။ မကြာခင် စစ်မှုထမ်းနောက်တစ်သုတ် မြန်မြန်ခေါ်တော့မယ် ထင်တယ်။ အဲဒါလည်း လန့်နေရတယ်။ ကြားရတဲ့သတင်းတွေအတိုင်းဆိုရင် ငသိုင်းချောင်း၊ ကျောင်းကုန်းဘက်က အခြေအနေမကောင်းလို့ ခံစစ်ပြင်ထားတယ်လို့ သိရတယ်။ အမြောက်တပ်တစ်ခုလည်း သွားထိုင်ထားတယ်လို့ကြားတာပဲ။
****************************************
–
“အရေးကြီးစာရွက်စာတမ်းတို့ဘာတို့ကို အိတ်တစ်လုံးနဲ့ သေချာပြင်ဆင်ထားသင့်တယ်လို့ တွေးမိပေမဲ့ မပြင်ဆင်ရသေးဘူး”
အမည်မဖော်လိုတဲ့ ပုသိမ်မြို့ပေါ်နေ အမျိုးသမီးငယ်တစ်ဦး
လောလောဆယ်တော့ စိုးရိမ်မှုမရှိသေးဘူးလို့ပဲ ပြောရမလားပဲ။ ကိုယ့်ကိုယ်ကိုယ် မကြောက်တတ်တာလို့ပဲ ပြောရမလားမသိဘူး။ တကယ်ဖြစ်လာရင်တော့ မသိဘူးပေါ့နော်။ ဖြစ်လာရင်တော့ အရေးကြီးစာရွက်စာတမ်းတို့ဘာတို့ကို အိတ်တစ်လုံးနဲ့ သေချာပြင်ဆင်ထားသင့်တယ်လို့ တွေးမိပေမဲ့ ခုထိတော့ဘာမှ မပြင်ဆင်ရသေးဘူး။ အခုတလော ပေါ်တာဆွဲတယ်လို့ အရမ်းနာမည်ကြီးနေတော့ ညဆို လမ်းတွေမှာတော့ လူနည်းနည်းရှင်းတယ်။ မြို့အဝင်အထွက်မှာ အစစ်အဆေးတွေများနေတာတော့တွေ့တယ်။ ဘာအကြံပေးရမလဲဆိုရင်တော့ စွဲသောက်နေကျဆေးတွေရှိရင်တော့ အခုထဲက ကြိုဝယ်ထားသင့်ပါတယ်။
****************************************
” မြို့ပြောင်းပြေးဖို့တော့ မတွေးထားဘူး။ အိုးအိမ်တွေ ပစ်ပြီးပြေးရလောက်အောင်အထိတော့ ကိုယ့်မြို့က ဆိုးမယ်မထင်ဘူး။”
သာပေါင်းမြို့နယ်နေ ၂၃ နှစ်အရွယ် ကိုခန့်
စိုးရိမ်မှုမရှိပါဘူး။ တစ်ချိန်ကျ ကိုယ်လည်း စစ်ဘေးဒဏ်ခံရမယ်တွေးထားလို့ပါ။ အရေးကြီးဆုံးကတော့ မိသားစုဝင်တွေဘေးကင်းဖို့ပဲ။ နောက်တစ်ခုက မြို့ပြောင်းပြေးဖို့တော့ မတွေးထားဘူး။ အိုးအိမ်တွေ ပစ်ပြီးပြေးရလောက်အောင်အထိတော့ ကိုယ့်မြို့က ဆိုးမယ်မထင်ဘူး။ အခုအခြေအနေကတော့ အစစ်အဆေးတွေနဲ့ ရှုပ်နေတာပဲ။ ကိုယ့်ဘေးကို ကိုယ်ကြိုရှောင်နေရတဲ့သဘောပါပဲ။ သူတို့(စစ်ကောင်စီ) ခံစစ်ကို သေချာပြင်နေတယ်လို့ထင်တယ်။ လွယ်လွယ်နဲ့တော့ လက်လျှော့မှာမဟုတ်ဘူး။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ခဏခဏလာနေတာဆိုတော့ သိပ်မလွယ်လှဘူးထင်တာပဲ။ ဖြည့်ပြောချင်တာကတော့ တိုက်ပွဲဆိုတာ ကိုယ်တိုင်ကြုံမှသိရမှာ တွေးထားသလို ဖြစ်လာနိုင်သလို မတွေးထားတာလည်းဖြစ်နိုင်တာမို့ ဘယ်သူမှ မထိခိုက်တဲ့ တိုက်ပွဲဆိုတာတော့ ရှိမှာမဟုတ်ဘူး။ ကိုယ်တိုင်မထိခိုက်အောင်နေနိုင်ဖို့ပဲ ကြိုးစားရမှာပေါ့။
****************************************
“စစ်ကောင်စီက ပြည်သူကိုဆိုက်ဝါးတွေ ပြန်အသုံးချပြီး တစ်ဖက်လှည့် လူတွေကိုပေါ်တာဆွဲတယ်”
ရေကြည်မြို့နယ်ရှိ ၂၆ နှစ်အရွယ် ကိုထက်ဇော်
စိုးရိမ်မှုကတော့ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ဧရာဝတီတိုင်းထဲမှာပဲမလို့ လူငယ်လူလတ်ပိုင်းတွေကို သူတို့အတွက် ပေါ်တာဆွဲဖို့လွယ်နေတယ်။ ဒီဘက်ကို စစ်က အချိန်နဲ့ တပြေးတည်း ရောက်လာဖို့ ပိုနီးတယ်။ မရောက်လာသေးရင်တောင် အရှိန်က အနည်းငယ်ရိုက်တယ်။ စစ်မီးကူးလာခဲ့ရင်တော့ ပြေးဖို့အတွက် ကြိုတင်ပြင်ဆင်မှရမယ်။ အဘက်ဘက်မှာက စစ်ကောင်စီအောက်က သက်ဆိုင်ရာ ရုံးတွေအရမ်းများတယ်လေ။ ရိက္ခာနဲ့ ဆေးဝါးကလည်း ကြိုစုနိုင်မှရမယ်။ လက်ရှိမှာတော့ ည ၈ နာရီဆို ခါတိုင်းထက် လူအသွားအလာနည်းသွားတယ်ဗျ။ စစ်ကောင်စီက ပြည်သူကို ဆိုက်ဝါးတွေပြန်အသုံးချပြီး တစ်ဖက်လှည့် လူတွေကိုပေါ်တာဆွဲတယ်။ လူဦးရေသန်းခေါင်စာရင်းကောက်ရင်း ယောကျာ်းလေးစာရင်းရှိတဲ့အိမ်တွေကို စစ်မှုထမ်းဖို့ ငွေတွေလိုက်ကောက်တယ်။ ပြည်သူ့တပ်တွေလည်း ဧရာဝတီတိုင်းထဲရောက်နေပြီဆိုတော့ ထောက်ပို့ထီတို့ မုန့်ဟင်းခါးလိုက်ပွဲအတွက်လည်း တတ်နိုင်သလောက် ကူပေးဖို့လည်း ဝိုင်းဝန်းဖို့ ဖြည့်စွက်ချင်ပါတယ်။