“ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တောင်တရုတ်ပင်လယ်ပြင်မှာ ဒီနှစ်အတွက် နောက်ဆုံးမုန်တိုင်းဖြစ်ပေါ်နေ

Published on Dec 23, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။

 

တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်ချေ ဒီဇင်ဘာ ၂၅ ရက်နဲ့၂၆ ရက်တွေမှာ အဆုံးသတ်တော့မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့က ခန့်မှန်းပြောကြားထားပါတယ်။

 

တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက်က မုန်တိုင်းဖြစ်နိုင်ချေတွေနဲ့ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဖြစ်နိုင်ချေဟာ ဒီနှစ် ၂၀၂၄ ရဲ့ နောက်ဆုံးမုန်တိုင်းဖြစ်နိုင်ချေအဖြစ် အစပျိုးခဲ့ပြီး အဲဒါတွေအားလုံး ဒီဇင်ဘာ ၂၅ ရက်ကျော်ရင် ပျက်ပြယ်သွားတော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါကြောင့် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေအတွင်း ဖျက်မိုး/အခါလွန်မိုးတွေရွာနိုင်မယ့် အခြေအနေမရှိတော့ဘဲ လာမယ့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးမှာ ခြောက်ခြောက်သွေ့သွေ့ ရှိနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်တောင်ဘက်ကို ရွေ့လျားနိုင်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတွေကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

“ထူးခြားဖြစ်စဉ် အခြေအနေ”

 

တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်ကို ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး  ဒီဇင်ဘာ၂၅ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမ်းခြေအနီးကို ရောက်ရှိမယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ဆိုထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ခြောက်ပေကနေ ရှစ်ပေခန့် ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

 

Related News

Depend on news