ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ)
ဒီတစ်ပတ် (ဒီဇင်ဘာ ၁၆ ကနေ ၂၁ ရက်နေ့အထိ) အတွင်း KNU က မာနယ်ပလောစခန်း နှစ် ၃၀ အကြာမှာပြန်သိမ်းလိုက်တာ၊ စစ်ကောင်စီထိပ်ပိုင်းအရာရှိတွေအပြောင်းအလဲဖြစ်တဲ့သတင်းတွေ ဒီတစ်ပတ်အစောပိုင်းရက်တွေမှာ လွှမ်းမိုးထားချိန်မှာပဲ နှောင်းပိုင်းရက်တွေမှာ အမ်းနပခကို သိမ်းပိုက်ပြီး အမ်းတစ်မြို့နယ်လုံးသိမ်းပိုက်တဲ့အပြင် ဧရာဝတီတိုင်းအစပ်က ဂွမြို့ကိုပါ AA ထိန်းချုပ်လိုက်တဲ့သတင်းကကြားဖြတ်ဝင်လာခဲ့ပါတယ်။ အဲဒီလိုပဲ ထိုင်းနိုင်ငံက မြန်မာ့အရေးနှစ်ရက်တာ ဆွေးနွေးပွဲသတင်းတွေနဲ့ NUG ပတ်စ်ပို့သက်တမ်းတိုးပေးမှု တောင်ကိုရီးယားလက်မခံတော့တဲ့သတင်းတွေလည်း စာဖတ်ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီပေါ်တာ အဆွဲကြမ်းလာတဲ့သတင်းတွေလည်း တွင်တွင်ကျယ်ကျယ်ထွက်ပေါ်လာတဲ့အတွက် အထူးခြားဆုံးသတင်းတွေကို အနှစ်ချုပ်ဖော်ပြသွားပါမယ်။
****************************************
“အမ်းနပခအောင်ပြီးနောက် ဂွကို ဆက်လှမ်းနေတဲ့ AA”
စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း တပ်စခန်း၊ တပ်ရင်း/တပ်ဖွဲ့၊ မြို့တွေတင်မက ရေတပ်၊ နယ်ခြားစောင့်တပ်တွေကို အလွယ်တကူ လက်လွှတ်နေရတာ အခုဆိုရင် အစဉ်အလာကြီးတဲ့ စစ်တိုင်းဌာနချုပ် နှစ်ခုအထိတောင် ရှိလာခဲ့ပြီဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ် MNDAA လက်ထဲ ဒီနှစ် ၂၀၂၄၊ ဩဂုတ်လ ၃ ရက်နေ့က လက်လွှတ်ခဲ့ရအပြီး လေးလအတွင်း ရခိုင်ပြည်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို လက်လွှတ်ခဲ့ရပြန်ပါပြီ။
အမ်းမြို့သိမ်းတိုက်ပွဲကို ဒီနှစ် မတ်လ ၂၄ ရက်နေ့မှာစတင်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ နပခကလွဲပြီး ကျန်တပ်စခန်းအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် နပခကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၁၅ ရက်အကြာ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီလို့ အာရက္ခတပ်တော် AA ဘက်က တရားဝင်ကြေညာပါတယ်။
အဲဒီနပခသိမ်းတိုက်ပွဲအတွင်း တိုင်းမှူးက ထွက်ပြေးသွားခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ သေပြီလို့သတင်းထွက်ခဲ့တဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီးအောင်စစ်နိုင်နဲ့ ရုံးအုပ်ချုပ်ရေး အရာခံဗိုလ် အေးသိန်းတို့ကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သောကြာနေ့မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
လက်နက်ချအညံ့ခံတဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်သံဖိုင်တွေကိုတော့ ဒီဇင်ဘာ ၁၆၊ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ AA က ထုတ်ပြန်ခဲ့ပါတယ်။
အခုလို အမ်းနပခအပါအဝင် တစ်မြို့နယ်လုံးကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ရခိုင်ပြည်အတွင်း AA က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တွေအပြင် ချင်းပြည်၊ ပလက်ဝဒေသကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
ဆက်လက်ပြီး AA က ဧရာဝတီ-ရခိုင် အစပ်က ဂွမြို့နယ်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ခမရ-၅၆၃ နဲ့ မြို့ပေါ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဂွမြို့ရဲ့ ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ(၁၁)လက်အောက်ခံတပ်ရင်းတွေ၊ တခြားတပ်ရင်းပေါင်းများစွာနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဆက်ဖြစ်နေပြီး ဂွမြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို AA က သိမ်းပိုက်ရရှိထားပြီလို့ သောကြာနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါကြောင့် ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် စတဲ့သုံးမြို့နယ်ပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။
****************************************
“ဆွေးတော့ ဆွေးပြီး နွေးမလာတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ”
ဒီတစ်ပတ် ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ ထိုင်းက ကမကထပြုလုပ်ပြီး မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲတွေ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပထမနေ့ ဆွေးနွေးပွဲအတွင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့အပါအဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်၊ တရုတ် နိုင်ငံခြားရေးဒုဝန်ကြီး စွမ်းဝေတုန်၊ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး အကြံပေး၊ လာအိုနဲ့ အိန္ဒိယတို့က နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲအတွင်း စစ်ကောင်စီဒုဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ့်အကြောင်း၊ ဖမ်းဆီးထောင်ချခံထားရတဲ့ ထိုင်းရေလုပ်သားလေးဦးလွှတ်ပေးမယ့်အကြောင်း၊ နိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးဖို့လမ်းဖွင့်ထားတယ်လို့လည်း ပြောခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ပထမနေ့ဆွေးနွေပွဲအတွင်း မြန်မာက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ အကြမ်းဖက်မှုလျှော့ချပြီး ငြိမ်းချမ်းစွာ အဖြေရှာရေး ဆွေးနွေးဖို့အချိန်ကျပြီလို့ ဆွေးနွေးပွဲ တက်သူတွေအားလုံးက တစ်သဘောတည်း ရှိခဲ့ကြတယ်လို့လည်း သူက ပြောသွားပါသေးတယ်။
ဒုတိယနေ့ သောကြာနေ့အစည်းအဝေးကို အိမ်ရှင်ထိုင်းနိုင်ငံ အပါအဝင် ပြီးခဲ့တဲ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိအာဆီယံ ဥက္ကဋ္ဌ လာအို၊ လာမယ့်ဥက္ကဋ္ဌ မလေးရှား တို့အပြင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာဆီယံကိုးနိုင်ငံ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲအတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုသွားပါတယ်။ နောက်ပြီး အာဆီယံဘုံသဘောတူညီချက် ငါးခုကို စစ်ကောင်စီအနေနဲ့ လေးစားလိုက်နာဆောင်ရွက်ဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အာဆီယံဆွေးနွေးပွဲတွေဖြစ်လာဖို့မျှော်လင့်တယ်လို့ သူက ပြောသွားပါတယ်။ နောက်ပြီး မြန်မာမှာ ငြိမ်းချမ်းပြီး တာရှည်ခံတဲ့အဖြေတစ်ခုရရှိဖို့ အဓိကသက်ဆိုင်သူတွေကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမဖြစ်မနေလိုအပ်နေပြီလို့လည်း သူက ပြောသွားပါသေးတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ ဘက်စုံပါဝင်တဲ့ ဆွေးနွေးပွဲပေါ်ပေါက်ရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအများစုက အလေးထားဆွေးနွေးခဲ့တယ်လို့ ဒုတိယနေ့ဆွေးနွေးပွဲအပြီး မီဒီယာတွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသွားပါတယ်။
****************************************
“တောင်ကိုရီးယားမှာ NUG ဗလာ”
စစ်အာဏာသိမ်းဂယက်ရိုက်ခတ်ခံရတဲ့ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာစစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့နိုင်ငံတွေထဲက အထင်ပေါ်ဆုံး နိုင်ငံခြားတိုင်းပြည်တစ်ခုဖြစ်ပါတယ်။
အဲဒီမှာ တော်လှန်ရေးအစိုးရလို့အများသတ်မှတ်ထားကြတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တရားဝင်ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ရထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ငါးလ ဇူလိုင်လကတည်းက တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းလွန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို NUG က အခွန်နဲ့ ငွေကြေးတစ်စုံတစ်ရာမကောက်ဘဲ သက်တမ်းအသစ် ၂ နှစ်တိုးပေးခွင့် ရထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နဲ့ နိုဝင်ဘာ ၉ ရက်နေ့တွေမှာ အဲဒီပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကို ဖျက်သိမ်းတာနဲ့ အမည်မည်းစာရင်းသွင်းတာတွေလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုတွေလုပ်ခဲ့သလို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ တောင်ကိုရီးယားအစိုးရဘက်ကိုလည်း တိုက်ရိုက်ဖိအားပေးခဲ့ပါတယ်။
အဲဒီနောက် NUG အစီအစဉ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးခွင့်ပြုထားတာကို ရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုသက်တမ်းတိုးတာရပ်ဆိုင်းဖို့ကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က NUG ဘက်ကို ဒီဇင်ဘာလ ပထမအပတ်ကတည်းက ပြောထားပြီးဖြစ်တယ်လို့ အဲဒီက NUG အသိုင်းအဝိုင်းက CJ Platform ကို ဖြေကြားထားပါတယ်။
NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးနေချိန်မှာ လာရောက်သက်တမ်းတိုးသူ များပြားခဲ့ပြီး သက်တမ်းတိုးလုပ်ငန်းစဉ်ဟာ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့မှုရှိခဲ့တယ်လို့ တောင်ကိုရီးယားရောက် မြန်မာတွေက ပြောပါတယ်။
ဒီလို NUG မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့် ရပ်ဆိုင်းခံရတာ၊ NUG ဆီ သက်တမ်းတိုးထားသူတွေဟာ နေထိုင်/လုပ်ကိုင်ခွင့်ထိခိုက်မှာ စိုးရိမ်မှုတွေရှိနေပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားရဲ့ထုတ်ပြန်ချက်ထဲ သက်တမ်းအသစ်မတိုးပေးတော့တာသာဖြစ်ပြီး သက်တမ်းတိုးပြီးသားလူတွေကတော့ ပုံမှန်အတိုင်း နေထိုင်လုပ်ကိုင်ခွင့်ရှိသလို ဗီဇာသက်တမ်းတိုးနိုင်တယ်လို့ NUG နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
****************************************
“နှစ် ၃၀ ကြာ စစ်ကောင်စီလက်က မာနယ်ပလော KNU မတိုက်ဘဲပြန်ရ”
ဘာသာရေးပဋိပက္ခဖြစ်အောင် စစ်တပ်လုပ်ဆောင်ခဲ့တယ်လို့နာမည်ကျော်တဲ့ ကရင်ပြည်၊ ဘားအံခရိုင်ထဲက မာနယ်ပလောဌာနချုပ်ကို နှစ် ၃၀ အကြာ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ မတိုက်ဘဲ ပြန်ရသွားပါပြီ။
KNU ရဲ့ ဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့ ဒီဌာနချုပ်ကို စစ်တပ်က ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ အင်အားအလုံးအရင်းသုံး၊ အသေအပျောက်များစွာနဲ့ သိမ်းယူခဲ့ပါတယ်။
အစဉ်အလာကြီးမားတဲ့ မာနယ်ပလောဒေသကို KNLA နဲ့ပူးပေါင်းတပ်တွေ ပြန်ရဖို့ ၂၀၂၃ ခုနှစ်ကတည်းက ချဉ်းကပ်ခဲ့ကြပြီး ဒီနှစ် ၂၀၂၄ ထဲမှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ကြပါတယ်။
မာနယ်ပလောမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဖူးလောကုန်း၊ ကဆောဝါးလေး(ဆင်ဖြူတောင်စခန်း)၊ ဂယ်ဂေါ်ကျိုး၊ အမြောက်ကုန်း စတဲ့စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နို့ဒေးစခန်းလို့ဒေသတွင်းမှာထင်ရှားတဲ့ ခမရ-၉၁၃ မှာ သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။
မာနယ်ပလောဌာနချုပ်ထဲက လက်ကျန် နို့ဒေးစခန်းနဲ့ အမြောက်တပ်ခွဲ ၃၁၁ တို့ကို ဒီဇင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှာ အပြီးသတ် တိုက်ယူနိုင်ခဲ့ကြတယ်။ မာနယ်ပလောကိုရဖို့ တစ်လခွဲကြာမြင့်ခဲ့ပြီး ခမရ ၉၁၃ ကို ထိုးစစ်ဆင်တာကတော့ ၃ ရက်ကြာခဲ့တယ်လို့ သိရပါတယ်။
KNU ရဲ့ ဌာနချုပ်ဟောင်းနေရာကို တပ်မဟာ ၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း ၂၂၊ တပ်မဟာ ၅ ကွန်မန်ဒိုတပ်ခွဲ၊ FFD ဒရုန်းတပ်ဖွဲ့၊ မြေပြင်ချေမှုန်းရေးတပ်ဖွဲ့၊ တပ်မဟာ ၇ ဒရုန်းတပ်ဖွဲ့၊ Federal Wings Drone တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
****************************************
“သွေးရူးသွေးတန်း စီမံခန့်ခွဲနေတဲ့ မင်းအောင်လှိုင်”
တိုက်တိုင်းရှုံးနေတဲ့ စစ်ရှုံးစစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ဩဇာခံတွေကို ရာထူးအမြောက်အမြားပေးပြီး သူအသက်ဆက်နိုင်ရေး သွေးရူးသွေးတန်းစီမံဆောင်ရွက်နေပါတယ်။
ဒီတစ်ပတ်ထဲ အရင်က သူအားကိုးအားထားပြုပြီး စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးရာထူးတွေပေးထားတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အပါအဝင် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်ချုပ်အဆင့်အထိ ရာထူးအပြောင်းအလဲတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကနေ ဖယ်ရှားခံရပြီး နဝတ ဒုတိယဥက္ကဋ္ဌနဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိဟောင်း မင်းအောင်လှိုင်ရဲ့ မျက်နှာသာပေးခံရတဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ညှိကွပ်အသစ်ဖြစ်လာပါတယ်။
ဒါကြောင့် မင်းအောင်လှိုင် ကာချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၁၃ နှစ်အတွင်း ညှိကွပ် ငါးဦးအထိ အပြောင်းအလဲဖြစ်ခဲ့တာပါ။ အရင် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။
အခုပြောင်းလဲလိုက်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုလည်း အရင် ကာ/ချုပ်အဖြစ် နာမည်ထွက်ခဲ့တဲ့ ညှိကွပ်ဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးလမ်းစဉ်အတိုင်း ကာကွယ်ရေးဝန်ကြီးအဖြစ် ရာထူးချခံလိုက်ရတာဖြစ်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကတော့ ကာကွယ်ရေးဝန်ကြီးအပြင် ဒုတိယဝန်ကြီးချုပ်တာဝန်ပါ ပူးတွဲခန့်အပ်ခံရတာဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၈ ရက် စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် ကာကွယ်ရေးဝန်ကြီးနေရာရထားတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီးအဆင့်ကိုရောက်သွားပါတယ်။
အဲဒီနောက် ရာထူးအပြောင်းအလဲတွေအဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်က လစ်လပ်သွားတဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးက အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လည်း တိုင်းမှူးအပြောင်းအလဲဖြစ်ခဲ့သလို အဲဒီတိုင်းမှူးဟောင်း ဗိုလ်ချုပ်ဝေလင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ရွှေ့ပြောင်းခံရပြီး တပ်ထိန်းချုပ် ဗိုလ်မှူးချုပ်စိုးကျော်ထက်က တိုင်းမှူးအသစ်ဖြစ်လာတယ်လို့ ဘီဘီစီသတင်းဌာနရဲ့ သတင်းအရ သိရပါတယ်။
အခုလို ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီတပ်မှာ ဗိုလ်ချုပ်ကြီး ၁၀ ဦးအထိ ရှိလာတော့မှာဖြစ်ပါတယ်။