ဒေသခံတွေအသိမပေးဘဲ ရွှေမျောလုပ်ကွက်တွေချပေးခဲ့တဲ့ မင်းကင်းက မြောက်ချွန်းကျေးရွာ ပအဖ ပထမဆုံးပြင်ဆင်ဖွဲ့စည်း ပကဖ၊ ပလဖ ပြန်ဖွဲ့ဖို့နဲ့ ရွှေမျောလုပ်ငန်းတွေ မရပ်တန့်သေး

Author မင်းထက်
Categories
Published on Dec 21, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရှိ ရွှေမျောလုပ်ကွက်တွေအရေး ပြန်လည်စိစစ်ဆောင်ရွက်ဖို့ ဒီဇင်ဘာ ၁၈ ရက်နေ့က မြောက်ချွန်းကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

NUG ရဲ့ မင်းကင်းမြို့နယ် ပအဖ၊ ပကဖနဲ့ ပလဖအဖွဲ့တွေဆီ မြောက်ချွန်းရွာက အိမ်ထောင်စု ၂၀၀ ခန့်က နို၀င်ဘာတတိယပတ်ကတည်းက ရွှေတူးဖော်လုပ်ကိုင်တာအပါအဝင် ကျေးရွာ ပသုံးလုံးပြန်လည်ဖွဲ့စည်းပေးဖို့ တိုင်ကြားစာပို့ထားပြီးနောက် တစ်လခန့်အကြာ ဒီဇင်ဘာ ၁၈ ရက်မှာ မြို့နယ်ပအဖက ဦးဆောင်ပြီး ကျေးရွာပအဖ ပြန်လည်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

 

“ဒီဇင်ဘာ ၁၈ ရက်က ပအဖ အပြောင်းအလဲလုပ်သွားတယ်။ စောစောက ပအဖတွေဖြုတ်ပြီး အဖွဲ့၀င်နေရာပြန်ထားတယ်။ ပကနဲ့ ပလ မပြောင်းဘူး။ လူထုဘက်ကြိုက်တဲ့ လေးယောက်ထည့်ပေးတယ်။ ပအဖ ခေါင်းဆောင်ကို လူထုကြိုက်တဲ့တစ်ယောက်တင်ပေးတယ်” လို့ ဒီအကြောင်းသိရှိထားသူ မြောက်ချွန်းဒေသခံ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒီခေါင်းဆောင်ဟာ အရင်က ကျေးရွာပအဖလုပ်ဆောင်ချက်တွေကိုသိရှိသူမဟုတ်သူလို့ သူက ဆက်ပြောပါတယ်။

 

“နောက် ပအဖခေါင်းဆောင်ကို ခုနစ်ရက်အတွင်းအစီရင်ခံစာတင်ရမယ်။ အရင်က ဘယ်လိုချုပ်ခဲ့လဲ ပြန်စိစစ်ပေးရမှာ။ လုပ်ငန်းရှင်နဲ့ တွေ့ပြီး ဘယ်လိုလုပ်ထားလဲ။ နယ်နိမိတ်လယ်လောက်ထိလဲ။ ဒေသခံဘက်က တောင်းဆိုတာတွေနဲ့ မျောတွေ ဘယ်လောက်ရှိတုန်း၊ အဲဒီလို သူတို့လုပ်ရမယ့်လုပ်ငန်းတွေကို နောက်လူကိုလွှဲပေးတာမျိုးဖြစ်ပါတယ်” လို့ နောက်ထပ် အသက် ၄၀ ခန့်ရှိ မြောက်ချွန်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

အဲဒီလုပ်ကွက်တွေကို ဒေသခံတွေသဘောတူညီချက်မပါဘဲ မင်းကင်းတိုက်နယ်၊ မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေပူးပေါင်းပြီး အခွန် ကျပ်သိန်း ၁၅၀၀ ယူကာ လုပ်ငန်းရှင်တွေဆီ ရှစ်လလုပ်ကိုင်ခွင့်ချပေးခဲ့ပြီးနောက် နို၀င်ဘာ ၂၀ ရက်ကနေစတင်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ လည်ပတ်လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ယခု ကျေးရွာပအဖကို ပြောင်းလဲဖွဲ့စည်းပေးခဲ့ပေမဲ့ ကျေးရွာ ပကဖနဲ့ ပလဖတို့ကိုတော့ ဖွဲ့စည်းပုံမူ၀ါဒအရ မင်းကင်းမြို့နယ် ပကဖနဲ့ ပလဖ တာ၀န်ရှိသူတွေက ပြောင်းလဲဆောင်ရွက်ပေးမှရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ပသုံးလုံးအတွက်တိုင်ပေမဲ့ ပအကိုပဲလုပ်တယ်။ ပလကျ ပြည်ထဲရေးက ပြောတာက တစ်ယောက်တည်းရှိတော့ အစားထိုးလို့မပြေဘူးပေါ့။ နောင်တစ်ချိန် အပြစ်ရှိလို့ တိုင်ရင်အရေးယူပေးမယ်။ ပကကျ ဒီလူတွေကိုပြန်ထားပေးတာ။ ဖြစ်စေချင်တာက အပြစ်ရှိတဲ့သူကို ဒီတိုင်းထားတော့ လက်နက်ကိုင်တွေက ဘာလုပ်လုပ်အရေးမယူဘူးတွက်သွားမယ်။ ဒီတိုင်းသာထားရင် ဒါလုပ်လို့ အရေးမယူနိုင်ဘူးဖြစ်ရင် ပကဖထဲကလူတွေက လူကောင်းရှိမှာမဟုတ်တော့ဘူး” လို့ အထက်ပါ အသက် ၄၀ ခန့် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

ရွှေမျောလုပ်ငန်းရှင်နဲ့ ကာကွယ်ရေးတပ်တွေဘက်က အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သက်ဆိုင်ရာ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အခွန်ပေးဆောင်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ဒေသခံတွေ လတ်တလောတောင်းဆိုထားတဲ့ စိစစ်နေဆဲအချိန်မှာ လုပ်ငန်းကို ရပ်တပ်ထားဖို့ကိုတော့ လိုက်လျောခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာက ချင်းတွင်းမြစ်ဘေးတလျှောက် မြေနုကျွန်းပေါ်က ရွှေမျောလုပ်ငန်းမှာ ကျေးရွာနေအိမ်တွေနဲ့ ကိုက် ၁၀၀ အကွာမှာပဲတည်ရှိပြီး မျောစင် ၅၀ ခန့်နဲ့ လည်ပတ်လုပ်ကိုင်နေတယ်လို့ မြောက်ချွန်းဒေသခံသုံးဦးက CJ Platform ကို ပြောပါတယ်။

 

ချင်းတွင်းမြစ်ကို အမှီပြုပြီး စိုက်ပျိုးရေးအပါအဝင် သက်မွေးဝမ်းကျောင်းပြုနေသူတွေ အများအပြားရှိနေတဲ့အတွက် ရွှေမျောစွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ဒေသခံတွေရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေပျက်စီးကာ မြစ်တိမ်ကောမှာတို့ကို စိုးရိမ်နေတယ်လို့ အဲဒီရွှေမျောလုပ်ငန်းတွေနဲ့ နီးစပ်ရာကျေးရွာတွေမှာနေထိုင်တဲ့ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ- ပေးပို့

 

ပုံစာ- မြောက်ချွန်းကျေးရွာက ချင်းတွင်းမြစ်ဘေးတလျှောက်က ရွှေမျောလုပ်ကွက်တွေကိုတွေ့ရစဥ်