မြန်မာဘက်ကထောက်ခံစရာမလိုဘဲ ပန်းရောင်ကတ်နဲ့ ထိုင်းတစ်နိုင်ငံလုံး နေထိုင်လုပ်ကိုင်ခွင့်ရရေး ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီနဲ့ BFN တို့ ဆွေးနွေး

Author သုတ
Categories
Published on Dec 20, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်မှာ ယမန်နေ့ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လွှတ်တော်အလုပ်သမားရေးကော်မတီနဲ့ Bright Future Network(BFN)တို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ဒုဥက္ကဋ္ဌ ဆိုင်ရာ ယန်ပသွန်(Sia Jampathong)ဦးဆောင်တဲ့အဖွဲ့နဲ့ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ သပိတ်အင်အားစုတစ်ခုဖြစ်တဲ့ BFN တို့ရဲ့ဆွေးနွေးပွဲမှာ လူသစ်နည်းတူ လူဟောင်းတွေကိုပါ စစ်ကောင်စီဘက်ကထောက်ခံပေးစရာမလိုတဲ့ ပန်းရောင်ကတ်(ဘတ်) တစ်ခုတည်းနဲ့ ထိုင်းတစ်နိုင်ငံလုံးမှာ နေထိုင်အလုပ်လုပ်ခွင့်ရရေး တောင်းဆိုခဲ့တယ်လို့ BFN ရဲ့ တာဝန်ရှိသူ ကိုဆူရတ်ဂီရီးက CJ Platform ကို ပြောပါတယ်။

 

“ဒါက ဒုတိယတစ်ခါသွားတောင်းဆိုတာ။ ပထမတစ်ခါက ဘတ်တစ်ခုတည်းနဲ့ နေထိုင်နိုင်ဖို့အရေး ထိုင်းအစိုးရက လူသစ်တွေကိုပဲပေးပြီး လူဟောင်းတွေကိုမပေးသေးဘူး။ အဲဒီလိုဖြစ်တာ။ အခုဒုတိယအကြိမ် လူသစ်ရော၊ လူဟောင်းရော အကုန်လုံးပေါ့ဗျာ။ ဘတ်တစ်ခုတည်းနဲ့ နေထိုင်လို့ရအောင် လုပ်ပေးဖို့ သွားတောင်းဆိုခဲ့တာပါ” လို့ သူက ပြောပါတယ်။

 

ပထမအကြိမ်အဖြစ် ဒီနှစ် ၂၀၂၄၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

လူသစ်တွေကို ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ ထိုင်းတစ်နိုင်ငံလုံးမာ နေထိုင်အလုပ်လုပ်ခွင့်ရရှိဖို့ ထိုင်းအစိုးရက ဒီနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင်အတည်ပြုပေးထားပြီးဖြစ်တယ်လို့ ကိုဆူရတ်ဂီရီးက ပြောပါတယ်။

 

ဒါကြောင့် ဘတ်အသစ်ပြုလုပ်မယ့် သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူ၀န်မှုကြီးကြပ်ရေးဌာန(လ၀က)က မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား(CI) ထပ်မံကိုင်ဆောင် လျှောက်ထားစရာမလိုတော့ဘူးလို့ BFN ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

ပန်းရောင်ကတ်တစ်ခုတည်းနဲ့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရရှိပါက စစ်ကောင်စီရဲ့ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရာရောက်ပြီး တော်လှန်ရေးအဖွဲ့တွေအတွက်လည်း ထူးခြားတဲ့ ပုံရိပ်ကောင်းတစ်ခုဖြစ်စေတယ်လို့ သူက ပြောပါတယ်။

 

“ဒီစနစ်နဲ့သွားပြီဆိုရင် မင်းအောင်လှိုင်အတွက် ဝင်ငွေတွေကို ဖြတ်တောက်နိုင်ပြီလေဗျာ။ အလုပ်သမားပိုက်ဆံကို အစ်ကိုတို့က သူတို့ကိုမပေးတော့ဘူး။ ဒါတွေက ထိုင်းအစိုးရနဲ့ပဲ သက်ဆိုင်သွားပြီ။ အဲဒီတစ်ခုတော့ အိုကေတယ်ဗျ” လို့ သူက ပြောပါတယ်။

 

ဒါပေမဲ့ လက်ရှိမြေပြင်မှာတော့ ဘတ်စာရင်းတင်သွင်းပေးတဲ့ ပွဲစားတွေက CI လျှောက်ထားဖို့လိုအပ်တယ်လို့ပြောဆိုပြီး ငွေကြေးတောင်းခံတာတွေရှိတယ်လို့ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်နေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်ရော လူအများစုကပါ ဒီလိုပဲသိထားတာ။ ထိုင်းအစိုးရက ဘာပဲပြောပြော ကျွန်တော်တို့က ပွဲစားတွေနဲ့အပ်ရတာလေ။ အခုတော့ Name list တင်ထားတယ်။ ကျွန်တော် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်က ပွဲစားတွေကို ဆက်သွယ်ပြီး မေးကြည့်တယ်။ CI က လုပ်ကိုလုပ်ရမယ်။ လုပ်မှရမယ်။ CI ဖိုးကို အစိုးရက စျေးသတ်မှတ်ပြီးရင် ကျသလောက် ထပ်ပေးရမယ်။ အဲဒီအတွက် ငွေကို ကြိုပြင်ထားဖို့ကိုလည်း ပွဲစားတွေက ပြောတယ်” လို့ သူက ပြောပါတယ်။

 

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက်နေထိုင်သူတွေအတွက် တရားဝင် နေထိုင်အလုပ်ခွင့်ရရှိဖို့ ထိုင်းအစိုးရက ဘတ်အသစ်လျှောက်ထားခြင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစတင်ပြီး တရားဝင်ခွင့်ပြုပေးထားပါတယ်။

 

ဒါ့အပြင် ဘတ်အသစ် လုပ်ငန်းစဥ်လွယ်ကူမှုရှိစေရေးအတွက် အဲဒီလုပ်ငန်းစဉ်အားလုံးကို တစ်နေရာတည်း အပြီးသတ်၀န်ဆောင်မှုပေးနိုင်ရေး အကြံပြုတိုက်တွန်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းလွှတ်တော်အလုပ်သမားရေးရာကော်မတီ ဒု-ဥက္ကဌ၊ အဖွဲ့၀င်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ BFN အဖွဲ့က တာ၀န်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ ထိုင်းပြည်သူ့လွှတ်တော်အတွင်းရေးမှူးရုံး၊ ပြန်ကြားရေးဌာနမှာလည်း ဖော်ပြထားပါတယ်။

 

ပန်းရောင်ကတ်(ဘတ်)အသစ် အကျိုးဆောင်တွေကတစ်ဆင့် လျှောက်ထားမယ်ဆိုပါက ဘတ် ၆၅၀၀ ကနေ ၁၅,၀၀၀ အထိ ရှိနေပြီး စစ်ကောင်စီဘက်ကနေ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ဆက်လက်လျှောက်ထားမယ်ဆိုပါက ဘတ် ၆၅၀၀ လောက် ထပ်မံကုန်ကျတယ်လို့ အကျိုးဆောင်တွေဆီကနေ သိရပါတယ်။

 

ဓာတ်ပုံ- ပေးပို့

 

ပုံစာ- ထိုင်းလွှတ်တော်အလုပ်သမားရေးကော်မတီအဖွဲ့ဝင်တွေနဲ့ Bright Future Network ရဲ့တာဝန်ရှိသူတွေကိုတွေ့ရစဉ်