ရွေးကောက်ပွဲလုပ်မယ်လို့ ခြောက်နိုင်ငံ အလွတ်သဘောအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးပြော

Author CJ Platform
Categories
Published on Dec 20, 2024

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်နေတဲ့ နိုင်ငံခြောက်နိုင်ငံရဲ့ အလွတ်သဘောအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်း‌ဆွေက လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်းဒက်ဂ်ျဘလန်ကူရာက ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို့အတွက် ရည်ရွယ်ပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုစတဲ့ နိုင်ငံခြောက်နိုင်ငံက ကိုယ်စားလှယ်တွေပါဝင်တဲ့ အလွတ်သဘောဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံပြီး ယမန်နေ့က ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆွေးနွေးပွဲကို ဦးဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက တွေ့ဆုံမှုရဲ့ အရေးပါမှုကို အလေးပေးပြောဆိုပြီး မြန်မာနိုင်ငံနဲ့ ၎င်းရဲ့ အိမ်နီးချင်းငါးနိုင်ငံစလုံး အခုလိုမျိုး တွေ့ဆုံဆွေးနွေးတာကလည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ မစ္စတာ နီကွန်ဂျာက ‌ဆိုပါတယ်။

 

“မြန်မာနိုင်ငံခြားရေးဝန်ကြီးက လာမယ့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး တိုးတက်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းပြမြေပုံအကြောင်း အစည်းအဝေးမှာ ဆွေးနွေးတင်ပြပါတယ်”လို့ ယမန်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာနီကွန်ဂျာက ပြောပါတယ်။

 

ဒါ့အပြင် ဦးသန်းဆွေက သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲကို အိမ်နီးချင်းနိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကိုလည်း ဖိတ်ခေါ်ဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့တယ်လို့လည်း မစ္စတာမာရစ်က သတင်းထောက်တွေကို ပြောပါတယ်။

 

အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံရဲ့အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ကြီးကြီးမားမားအရှုံးတွေနဲ့ ကြုံတွေ့နေရသလို အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရဲ့ စီးပွားရေးပြိုလဲပြီး နိုင်ငံရေးပါတီအများအပြားကို တားဆီးပိတ်ပင်ထားပေမဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ တောက်လျှောက် ပြောဆိုပြီး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ အတိုက်အခံအင်အားစုတွေကတော့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်လို့ ဝေဖန်ပြောဆို ကန့်ကွက်နေကြပါတယ်။

 

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အလုံးစုံအပြုသဘောဆောင်တဲ့ အစီအစဉ်အဖြစ် ရှုမြင်ကြပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို အမြန်ဆုံးဖြေရှင်းနိုင်တဲ့ ဖြေရှင်းမှုကို လိုလားကြတယ်လို့ မစ္စတာ နီကွန်ဂျာက ဆိုပါတယ်။

 

“အိမ်နီးချင်းနိုင်ငံတိုင်းက မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွှတ်တဲ့ နိုင်ငံအဖြစ် တွေ့မြင်လိုကြတယ်လို့‌ ပြောဆိုကြပါတယ်။ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုကိုရရှိဖို့ မြန်မာနိုင်ငံတွင်းက အဖွဲ့အစည်းအားလုံး အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးကို ဦးတည်လာကြဖို့ကိုလည်း အားလုံးက သဘောတူခဲ့ကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။

 

မြန်မာနိုင်ငံခြားရေးဝန်ကြီးကလည်း သူတို့အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲဟာ နှစ်နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး ဆွေးနွေးပွဲကို အိမ်ရှင် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဘင်္ဂလားဒေ့ရှ်ကြားကာလ အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်၊ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေတုန်း၊ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ်မစ်ဆရီ၊ လာအိုနိုင်ငံခြားရေးဝန်ကြီးတွန်ဆဗန်ဖုမ်ဗီဟနီနဲ့ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေတို့ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ထိုင်းနိုင်ငံဟာ အခုအပတ်ထဲမှာ လက်ရှိပြီးစီးခဲ့တဲ့ဆွေးနွေးပွဲအပါအဝင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲနှစ်ခုကို ဆက်တိုက်ပြုလုပ်သွားဖို့ စီစဉ်ထားပြီး ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ အရှေ့တောင်အာရှနိုင်ငံများအသင်း  (ASEAN) လက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံ၊ နောက်လာမယ့်  ASEAN ဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့နဲ့ အိမ်ရှင် ထိုင်းနိုင်ငံတို့ ဘန်ကောက်မြို့မှာ သုံးပွင့်ဆိုင် ဆက်လက်ဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။

 

မြန်မာ့အရေးမှာ ထိုင်းနိုင်ငံအနေနဲ့ အခုလိုမျိုးလုပ်ဆောင်တာဟာ မြန်မာနိုင်ငံပတ်လည်က ဒေသတွင်းသံခင်းတမန်ခင်းမှာ ပိုမိုထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ Thammasat တက္ကသိုလ်က အရှေ့တောင်အာရှအရေး ‌ကျွမ်းကျင်သူ ဒူလီယာပတ်ခ် ပရီချာခရတ်ရှ်က သုံးသပ်ထားပါတယ်။

 

ဓာတ်ပုံ – Reuters

 

ပုံစာ – ခြောက်နိုင်ငံအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

 

ကိုးကား – The Star, Bangkok Post