“အာဂအမျိုးသမီးများ”
ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍမှာ စစ်ကောင်စီက နိုင်ငံကို အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက အမျိုးသမီးတွေဟာ တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ပါဝင်လာပြီး လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့တဲ့အကြောင်းနဲ့ အသံတွေကို ဖော်ထုတ်ထားပါတယ်။ အာဏာသိမ်းကာလဟာ လေးနှစ်နီးပါး ရှိလာချိန် သူတို့ ဘယ်လိုအခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ ဘယ်လို ရုန်းကန်နေရပါသလဲ။
****************************************
“ငါတို့ခံစားနေရတာ နောက်ဆုံးဖြစ်အောင် ကြံ့ကြံ့ခံအောင် ငါတို့ လုပ်နေကြတာ။”
စစ်ကိုင်းမြို့နယ် အသက် ၃၀ ခန့် ရဲမေသျှင်
စကစ အဏာသိမ်းတဲ့ မနက်ခင်း တစ်နေကုန်လည်း ထမင်းမစားနိုင်ဘူး။ ခံစားချက်ကတော့ လုံး၀ဆောက်တည်ရာမဲ့ပဲ။ ကိုယ်တွေ မျှော်မှန်းထားတဲ့အရာတွေ တည်ဆောက်ထားတဲ့အရာတွေက ပျက်စီးသွားတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီတော့ ပထမဆုံး လုပ်တဲ့အလုပ်က ဆန္ဒပြတာပဲပေါ့။
ကိုယ်လက်သင့် မခံဘူးဆိုတဲ့ဟာကို ဆန္ဒပြတယ်။ ဆန္ဒပြနိုင်အောင်လို့ ဦးဆောင်တဲ့ အဖွဲ့ထဲမှာလည်း ပါတယ်။ ကိုယ်တိုင်လည်း ဦးဆောင်ခဲ့တယ်။ ဦးဆောင်ပြီးတော့လည်း လုပ်ခဲ့တယ်။ တောက်လျှောက် ဆန္ဒပြပွဲတွေ အကုန်လုံးကျတဲ့နေရာမှာ ဦးဆောင်ဆောင်ရွက်ခဲ့တယ်။ ဆန္ဒပြလို့မရတော့ဘူး လက်နက်ကိုင် တော်လှန်ရမယ်ဆိုတော့ ကျွန်တော်တို့က မိန်းကလေးလည်း ဖြစ်တယ်။
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်တဲ့ အခြေနေကို မရောက်ပေမဲ့ Supporting အနေအထားပေါ့နော်။ နောက်ကနေပြီး သူတို့ လုပ်ငန်းလမ်းစဥ်မူဝါဒတွေ လုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့အောင်လို့ ကူညီဆောင်ရွက်တာတွေ သွားလာရာမှာတွေအတွက်ပါ လွယ်ကူချောမွေ့အောင်နောက်ကနေ လက်နက်မကိုင်ဘဲနဲ့ လက်နက်ကိုင်တဲ့သူတွေကို ကူညီဆောင်ရွက်ခဲ့တာများခဲ့တယ်။ ပထမဆုံး စွန့်လွှတ်ခဲ့ရတာတော့ ကိုယ့်ရဲ့ တစ်သက်လုံးရှင်သန်ခဲ့ရတဲ့ ပတ်၀န်းကျင်၊ မိဘအသိုင်း၀န်းလေ။ ပြီးတော့ ပတ်၀န်းကျင်အသစ်မှာ နေရတယ်။ လုံး၀ Life style က ရော့အင့်ဆိုပြီး တဆစ်ချိုးပြောင်းသွားတာ။ တစိမ့်စိမ့်နဲ့ ပြောင်းတာမဟုတ်ဘဲ လုံး၀ တဆစ်ချိုးပြောင်းသွားတာ။ ‘
နေထိုင်ရတာတွေ၊ စားသောက်ရတာတွေ၊ ဆက်ဆံရတာတွေကတော့ ကိုယ့်လို တော်လှန်ရေးရဲဘော်အချင်းချင်းပေမဲ့ နေထိုင်ပုံက ဟိုဘက်မှာ နေထိုင်ပုံနဲ့ အခုနေပုံက တစ်ခါမှ မတွေးဖူးတဲ့ ပုံစံတွေနဲ့ နေထိုင်ခဲ့ရတယ်။ စားသောက်ပုံတွေက မတွေးဖူးတဲ့ ပုံစံတွေ စားသောက်ဖူးရတယ်။ နောက်ပြီး အရေးပေါ်အခြေနေတွေကြောင့် ပြောင်းရရင် တစ်နေကုန် စစ်ရှောင်နေရတာတွေလည်း ကြုံတွေ့ရတယ်။
အဲဒီလိုမျိုး လက်နက်အသံတွေ ကြားထဲမှာ ဒီလမ်းခရီးမှာ တစ်နေကုန် ညမိုးချုပ်အထိ ပြေးခဲ့ရတာတွေ၊ အဲဒီလိုတွေလည်း ကြုံခဲ့ရဖူးတော့ ရှင်သန်ခဲ့ရတာတွေ လုံး၀ တဆစ်ချိုးပဲ။ ဒါကြောင့်လည်း ကိုယ်ခံစားရသလိုမျိုး ကလေးတွေ အခု မွေးဖွားလာတဲ့ ကလေးတွေ ဘာမှ မသိနားမလည်တဲ့ ကလေးတွေ မခံစားရဖို့ရာအတွက် ငါတို့ခံစားနေရတာ နောက်ဆုံးဖြစ်အောင် ကြံ့ကြံ့ခံအောင် ငါတို့ လုပ်ငန်း (တော်လှန်ရေး) လုပ်နေကြတာ။
****************************************
“ထင်းစည်းလို စည်းစည်းလုံးလုံးဖြစ်မှ ကွဲကွဲပြားပြားဆို ခဏလေးနဲ့ ပြိုနိုင်တယ်။”
မြင်းမူမြို့နယ် အသက် ၂၄ ခန့် LPDF ရဲမေကျော့
စဖြစ်ဖြစ်တုန်းကတော့ ကြောက်တာပေါ့။ ကြောက်တယ်လေ သူတို့လာတယ်တဲ့ဆိုရင် ပြေးလိုက်ရ လွှားလိုက်ရနဲ့ လာရင် ခဏခဏပြေးနေရတာ။ တဖြည်းဖြည်းနဲ့ စစ်ကိုင်းနယ်က ဘာဖြစ်တယ်၊ တခြားနယ်က ဘာဖြစ်တယ်ကြားလိုက်ပေါ့နော်။ အဲဒီတော့ မကြောက်တော့ဘူး။ ဘာသွားသတိရလဲဆို ကျောင်းနေတုန်းက အဖိုးကြီးက သူ့သားတွေကို ထင်းစည်းချိုးခိုင်းတာ သတိရတယ်။
ညီမလေးတို့ အစောက ကြောက်လို့ ပြေးတုန်းကဆိုရင် တော်လှန်ရေးမှာ ပါ၀င်တဲ့သူကလည်း ပါ၀င်နေတယ်။ ညီမလေးတို့က ပြေးလွှားနေရတာ စာအုပ်ထဲကလို ထင်းစည်းက တစ်ချောင်းချင်းဆို ကျိုးနိုင်တယ်လေ။ အစည်းလိုက်ဆို ဖြိုလှဲဖို့ရာ ခက်ခဲသွားမှာပေါ့။ အဲဒါကြောင့် ယောကျာ်းလေး၊ မိန်းကလေးရယ် မဟုတ်ဘူး။ ညီမလေးတို့လည်း ဒီနိုင်ငံသားဖြစ်တဲ့အတွက် တစ်နေရာစာလေး အင်အားဖြစ်ဖြစ် နည်းနည်းလေးမှ အင်အားတောင့်တောင့်ပေါ့။ ကြောက်တဲ့စိတ်တွေ ပျောက်ပြီး ပါ၀င်ချင်စိတ်တွေ ရှိလာတယ်။ နိုင်ငံအတွက် အကူညီလေး နည်းနည်းမှ ရရ။ လူဆိုတာ အကုန်လုံးက သေမယ့် လူကြီးပဲ။ ကိုယ့်နိုင်ငံအတွက် ပါ၀င်ကူညီရင်း အသက်ဆုံးရှုံးသွားတာက ပိုပြီး မြင့်မြတ်တယ်လေ။ ပြေးရင်းလွှားရင်းလည်း တစ်နည်းနည်းနဲ့ သေသွားနိုင်တယ်။
အဲဒါကြောင့် အချောင် မခိုချင်ပါဘူး။ တတ်နိုင်သလောက် ပါ၀င်မယ်ဆိုတဲ့ စိတ်နဲ့ ပါ၀င်ခဲ့တာပါ။ ညီမလေးတို့ဘက်က ထင်းစည်းလို စည်းစည်းလုံးလုံးဖြစ်မှ ကွဲကွဲပြားပြားဆို ခဏလေးနဲ့ ပြိုနိုင်တယ်။ ဖြိုခွဲဖို့ဆိုလွယ်ကူပါတယ်။ အဲဒါကြောင့် မပါ၀င်သေးတဲ့သူတွေလည်း တော်လှန်ရေးမှာ ပါ၀င်စေချင်ပါတယ်။ အဲဒါမှ ထင်းစည်းက ပြည့်စုံသွားမှာ။
****************************************
“မအလ မကျရှုံးသ၍တော့ မသေချင်သေးဘူး”
ရွှေဘိုမြို့နယ်က ၃၅ နှစ်ခန့် LPDF ရဲမေ Smile
အရင်ကတော့ နိုင်ငံရေးတွေဘာတွေ ဘာမှ မသိခဲ့ဘူး။ ကိုယ်ကလည်း အတန်းပညာ သိပ်မရှိဘူး။ မအလ အာဏာသိမ်းတယ်။ အဲဒါကို မကြိုက်ဘူး။ မကြိုက်တော့ ဆန္ဒပြကြတယ်။ ဆန္ဒပြကြတော့လည်း ဘယ်မှာ ပစ်သတ်လို့တဲ့၊ ဘယ်နားထိတယ်တဲ့။ ဒီလူတွေက အေးအေးဆေးဆေး ဆန္ဒပြကြတာကို သူတို့က အကြမ်းဖက်တယ်။ ဒီလိုမခံချင်စိတ်ကြောင့်ပဲ ဒီတိုင်းတော့ မနေနိုင်ဘူး ဆိုတဲ့ စိတ်၀င်တယ်။
သူများတွေ ပြောတယ်။ လုပ်နိုင်ပါ့မလား၊ ဘာလို့ မလုပ်နိုင်ရမှာလည်း ဟုတ်တယ်မလား။ ယောကျာ်းလည်းလူပဲ၊ မိန်းမလည်းလူပဲ လုပ်နိုင်တယ် သိလား။ အဲဒီမှာ စတွေ့တဲ့ အခက်ခဲတာကတော့ လေ့ကျင့်ရေးလုပ်ရတာတွေပဲ။ အရမ်းပင်ပန်းကြတယ်။ မခံချင်စိတ်နဲ့ ကြိုးစားတယ်။ ကိုယ့်စိတ်က ဘေးက ကူနေရတာထက်၊ ကိုယ်တိုင် လက်နက်ကိုင်ပြီး ပစ်ခတ်ပစ်ချင်တာ။
အရင်က သေနတ်သံ၊ ဗုံးသံ ဇာတ်ကားထဲတောင် ကြောက်ခဲ့တဲ့ကောင်မနော်။ အခုတော့ ကိုယ်တိုင်ပဲ ပစ်ချင်၊ ခတ်ချင်တယ်။ မခံချင်စိတ်တစ်ခုကြောင့်ပါပဲ။ ဒီလိုလုပ်နေရတာ ဒီရဲမေတစ်ယောက်အနေနဲ့ အလုပ်လုပ်နေရင် သေချင်သေသွားပါစေ။ တိုင်းပြည်အတွက် အလုပ်လုပ်နေတာမို့ သေသွားလည်း သေပျော်တယ်။ ဒါပေမဲ့ မအလ မကျရှုံးသ၍တော့ မသေချင်သေးဘူး။ ကျရှုံးတဲ့အထိ ပါ၀င်တိုက်ခိုက်ချင်သေးတယ်။