“ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” မိုးလေဝသဖြစ်စဉ်တွေ ပေါင်းစုံနေလို့ လာမယ့်လေးရက်အတွင်း ဒေသ ၈ ခုမှာ ရေကြီး/မြေပြိုအန္တရာယ်သတိပြုဖို့လို

Published on Dec 19, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် (၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ရောက်ရှိနိုင်ကာ အဲဒီကတစ်ဆင့် (၄၈)နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းတလျှောက် ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“ထူးခြားဖြစ်စဉ်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့လေအေးတွေ တွေ့ဆုံမှု၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ စတဲ့မိုးလေဝသဖြစ်စဉ်တွေ ပေါင်းစုံဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ဆိုပါတယ်။

 

ဒါကြောင့် လာမယ့် ၂၀ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ လေးရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသတွေမှာ နေရာကွက်မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ဒါ့ကြောင့် မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်သတိထားကြဖို့ သတိပေးထားပါတယ်။

 

ဒါ့အပြင် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက သတိပေးထားပါတယ်။

 

ဒါ့အပြင် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုဖို့လည်း သတိပေးထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာ နိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။