တောင်ကိုရီးယားမှာ NUG ပတ်စ်ပို့သက်တမ်းတိုးခွင့် အစိုးရပိတ်လိုက်တဲ့အပေါ် NUG နဲ့ နီးစပ်သူတွေ ဘာပြောလဲ?
တောင်ကိုရီးယားမှာ NUG ပတ်စ်ပို့သက်တမ်းတိုးခွင့် အစိုးရပိတ်လိုက်တဲ့အပေါ် NUG နဲ့ နီးစပ်သူတွေ ဘာပြောလဲ?
တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တရားဝင်ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ရထားသလို လွန်ခဲ့တဲ့ ငါးလ ဇူလိုင်လကတည်းက သက်တမ်းလွန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို NUG ကိုယ်စားလှယ်ရုံးကနေ အခွန်နဲ့ ငွေကြေးတစ်စုံတစ်ရာမကောက်ဘဲ သက်တမ်းအသစ် ၂ နှစ်တိုးပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နဲ့ နိုဝင်ဘာ ၉ ရက်နေ့တွေမှာ အဲဒီပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကို ဖျက်သိမ်းတာနဲ့ အမည်မည်းစာရင်းသွင်းတာတွေလုပ်မယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုမှုတွေလုပ်ခဲ့သလို တရားဝင်သတိပေးစာတွေထုတ်လာခဲ့ပါတယ်။
အဲဒီနောက် ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာပဲ တောင်ကိုရီးယားအစိုးရဘက်က NUG ကနေ မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးနေတဲ့အစီအစဉ်ကို အစိုးရဘက်က လက်မခံတော့ဘူးလို့ ကြေညာလာပါတယ်။ ဒီအပေါ် တောင်ကိုရီးယားက NUG အသိုင်းအဝိုင်းကို CJ Platform က ဆက်သွယ်မေးမြန်းထားပါတယ်။ ဘာလို့ တောင်ကိုရီးယားအစိုးရက ရပ်ဆိုင်းလိုက်တာပါလဲ။ ဒီလိုရပ်ဆိုင်းတဲ့အပေါ် သူတို့ဘယ်လိုတုံ့ပြန်ပါလဲ။ အပြည့်အစုံကို ဖတ်ရှုရမှာဖြစ်ပါတယ်။
****************************************
“ပြောရရင်တော့ ကိုရီးယားအစိုးရဘက်က ပြတ်ပြတ်သားသားနဲ့ မာမာမရပ်တည်နိုင်ဘူး။”
တောင်ကိုရီးယားရောက် အမည်ဖော်လိုသူ သတင်းအရင်းအမြစ် တစ်ဦး
ဒီကိစ္စကို စလုပ်တုန်းကလည်း ကိုရီးယား MOFA နဲ့ ညှိပြီးတော့ လုပ်ရတာပဲ။ လုပ်ကြရင်းနဲ့ စကစသံရုံးဘက်က စာတွေထွက်လာတယ်။ တရားစွဲမယ်။ အရေးယူမယ်လုပ်တယ်။ ဒါပေမဲ့ ဒီကိစ္စက တရားစွဲလို့မရဘူး။ NUG ကလည်း တရားဝင်အစိုးရတစ်ရပ်ဖြစ်တယ်။ အမျိုးသားညီညွှတ်ရေးတုံးနဲ့ထုတာဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ စာရွက်ပေါ်မှာထုတာ။ ကိုရီးယားနိုင်ငံရဲ့စာရွက်ပေါ်မှာ အတုလုပ်တာမဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့် တရားစွဲလို့လည်းမရဘူး။ ဖမ်းလို့လည်း မရဘူး။ အဲဒီအတွက် ကိုရီးယားအစိုးရကလည်း ဘာမှလုပ်လို့မရဘူး။
ဒါပေမဲ့ သူတို့မှာ တိုင်ပတ်တာ။ တိုင်ပတ်တော့ သူတို့က ကျွန်တော်တို့ကို နားလည်မှုတစ်ခုအနေနဲ့၊ လူသားချင်းစာနာထောက်ထားမှုတစ်ခုအနေနဲ့ ဒီလိုမျိုးလုပ်ခွင့်ပေးသော်ငြားလည်းပဲ စကစသံရုံးဘက်ကနေပြီးတော့ ဗမာနိုင်ငံမှာလည်း ကိုရီးယားသံရုံးရှိတယ်။ ဗမာနိုင်ငံမှာလည်း ကိုရီးယားလူမျိုးတွေရှိတယ်။ကိုရီးယားလူမျိုးတွေရဲ့ လုံခြုံရေးနဲ့ ဆက်ဆံရေးနဲ့ သံတမန်ရေးရာကိစ္စတွေ အဲဒီလိုမျိုး ဖိအားတွေပေးတဲ့အခါမှာ သူတို့လည်း မခံနိုင်ဘူးဖြစ်တာဖြစ်မယ်။
ပြောရရင်တော့ ကိုရီးယားအစိုးရဘက်က ပြတ်ပြတ်သားသားနဲ့ မာမာမရပ်တည်နိုင်ဘူး။ အဲဒီသဘောမှာရှိတယ်။ ဒီအတိုင်း မြန်မာနိုင်ငံသားတွေ သူတို့နိုင်ငံမှာ နေခြင်းအားဖြင့် သူတို့အတွက်ကလည်း အကျိုးအမြတ်ရှိတယ်။ အလုပ်သမားအားက လိုနေတယ်။ လိုနေတဲ့အတွက်ကြောင့်မလို့ ဒီလူတွေမပြန်သ၍ ဒီလူတွေဟာ ကိုရီးယားမှာ ကျွမ်းကျင်တဲ့လုပ်သားတွေ ဖြစ်နေတယ်ဗျာ။ ဖြစ်နေတော့ သူတို့ကို နေထိုင်ခွင့်ဗီဇာတွေ ပေးနေသော်ငြားလည်းပဲ သူတို့အတွက်လည်း အကျိုးရှိစေတယ်။ ပြောမယ်ဆိုရင်တော့ Win-Win Policy ပေါ့။ သူတို့လည်း အကျိုးရှိ၊ ကိုယ်တွေလည်း အကျိုးရှိတဲ့အနေအထားမျိုးပေါ့ဗျာ။
ဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ ဒီဇင်ဘာလဆန်းပိုင်းလောက်က ပတ်စ်ပို့သက်တမ်းတိုးတဲ့ကိစ္စကို ရပ်ဆိုင်းလိုက်တယ်တယ်လို့ကြားတယ်။ ဒါပေမဲ့ သတင်းတော့ မကြေညာဘူး။ ဒါပေမဲ့ ကိုယ့်အတွေးထဲမှာတော့ ကိုရီးယား MOFA ဘက်က မေတ္တာရပ်ခံတဲ့အတွက် ရပ်ဆိုင်းထားပါတယ်ဆိုပြီးတော့ အဲဒီလိုပဲ ရပ်ဆိုင်းလိုက်တယ်ပေါ့။ ဒါပေမဲ့ တိုးပြီးသားလူတွေကိုတော့ ဘာမှပြဿနာမရှာဘူး။ Process အတိုင်း ဗီဇာပေးတာတို့ဘာတို့တော့ ဆက်လုပ်ပေးနေပါတယ်။ စကစသံရုံးဘက်ကနေ Blacklist သွင်းမယ်လုပ်တော့ ဗမာလူထုက မခံမရပ်နိုင်ဖြစ်ပြီးတော့ အော်ကြတဲ့အချိန်မှာ သတင်းကြီးက Hot သွားတာ။
သူတို့ကလည်း သူတို့ရဲ့ ဗမာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်။ ဗမာနိုင်ငံနဲ့ ကိုရီးယားနဲ့ စကစနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေလည်းရှိတယ်။ မလူးသာမခံသာဖြစ်တဲ့သဘောမျိုးတွေပေါ့ဗျာ။ ဒါပေမဲ့ အခုလောလောဆယ်မှာ သက်တမ်းတိုးပြီးတဲ့သူတွေကတော့ ဘာမှပြဿနာမရှိဘူး။ ပိုနေမြဲ ကျားနေမြဲ သူတို့ရဲ့ Process အတိုင်း ဆက်လုပ်နေလို့ရတယ်။
****************************************
“NUG ကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့တော့ မသေချာ မရေရာမှုတွေကို ကြုံရနိုင်တဲ့အနေအထားမျိုးပေါ့နော်။”
တောင်ကိုရီးယားနိုင်ငံရောက် NUG အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦး
အဲဒီကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော့်အမြင်ကိုပြောရရင် ကိုရီးယားအစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရားရေးဝန်ကြီးဌာနက ဒီဟာတွေကိုလုပ်ဖို့ တရားဝင်ခွင့်ပြုထားတဲ့ အနေအထားမျိုးတော့ မရှိဘူး။ အဲဒါကို နားလည်မှုနဲ့ စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အရမ်း နာမည်ကျယ်ပျံ့လာပြီး လူသိများလာတော့ စစ်တပ်လက်အောက်ခံ ဆိုးလ်မှာရှိတဲ့ မြန်မာသံရုံးကနေပြီး Official Notice တွေ ထုတ်ပြီး အဲဒီလိုမျိုးလုပ်တာဟာ သူတို့ဘက်က လုပ်ပေးတာမရှိဘူး။ တရားဝင်လုပ်ပေးတာ အရင်ပတ်စ်ပို့လုပ်ပေးတာရှိတယ်။ Observations တုံးထုပေးတာရှိတယ်။ ၂ နှစ်ပေါ့။ အဲဒါကို သူတို့က မလုပ်ပေးတော့ဘူးဆိုပြီးတော့ ၂၀၂၀ နောက်ပိုင်းကနေ ကြေညာတယ်။ အခုလုပ်နေတာတွေက အတုပလုပ်တာပေါ့နော်။ တရားမဝင်ဘူးဆိုပြီးတော့ သူတို့ဘက်ကနေ Notice ထုတ်တယ်။ ပြီးတော့ ကိုရီးယားနိုင်ငံရဲ့ တရားဝန်ကြီးဌာနနဲ့ လဝက Official complain လုပ်ခဲ့တယ်လို့ ကျွန်တော်ယူဆတယ်။
NUG ဘက်ကတော့ သက်တမ်းတိုးတာ ရပ်ဆိုင်းထားတယ်ဆိုတဲ့ အစီအစဉ်ပဲရှိတယ်။ ပြီးတော့ အရင်တိုးထားတဲ့သူတွေ ပယ်ဖျက်ခံရနိုင်သလားဆိုတော့ နည်းနည်းတော့ ပြောရခက်တယ်။ ဒီနေ့မှပဲ အဲဒီထုတ်ပြန်ချက်က လဝကဝက်ဘ်ဆိုက်မှာ တရားဝင်တင်ထားတာဆိုတော့။ အရင်တိုးထားတဲ့သူတွေကို ပြန်စိစစ်ပြီးတော့ တရားမဝင်ပတ်စ်ပို့စ်အဖြစ် ပယ်ဖျက်တာတွေ ရှိလာနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ စာရွက်စာတမ်းအတုလုပ်မှုဆိုတဲ့အထဲ သွားရောက်တာပေါ့နော်။ အရေးယူမှုကတော့ မရှိဖို့ မျှော်လင့်တယ်။ ဒီဟာကို အကြုံးမဝင်တော့ဘူး။ ပတ်စ်ပို့သက်တမ်းကုန်နေတဲ့ စာအုပ်အဖြစ်ပဲ လုပ်လိုက်မယ်ဆိုရင်တော့ ဒီတိုင်းပဲပြီးသွားမှာပေါ့နော်။ ကိုရီးယားကလည်း မြန်မာတွေနဲ့ပတ်သက်ရင် သက်ညှာတဲ့ အနေအထားလေးတွေလည်း ရှိတော့လေ။
ဖြည့်စွက်ပြောချင်တာက ပတ်စ်ပို့ကိစ္စကို တော်တော်များများ နားလည်မှုလွဲနေတာ မပြောတတ်ဘူး။ ကျွန်တော်တို့ နားလည်တာက အင်မတန်အရေးကြီးတဲ့ စာရွက်စာတမ်းဖြစ်တဲ့အတွက် အုပ်ချုပ်တဲ့ အစိုးရနဲ့ မဆိုင်ဘူးလို့ ကျွန်တော်သတ်မှတ်တယ်။ အဲဒါက နိုင်ငံ သို့မဟုတ် အချုပ်အခြာအာဏာပိုင် နိုင်ငံသားဖြစ်မှု နိုင်ငံတစ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတစ်ခုဖြစ်တယ်။ နိုင်ငံတကာခရီးသွားဖို့ သက်ဆိုင်ရာနိုင်ငံက ထုတ်ပေးရတာပေါ့နော်။ လောလောဆယ် စစ်တပ်က မြန်မာပြည်ကို အုပ်ချုပ်နေတဲ့အတွက် သူရဲ့ လက်ထဲမှာ အဲဒီအာဏာက အပြည့်အဝရှိနေတဲ့သဘောလို့ပဲ ကျွန်တော်နားလည်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့တော့ လောလောဆယ်မှာ တရားဝင်အစိုးရအဖြစ်နဲ့ နိုင်ငံတကာမှာ အသိအမှတ်ပြုခြင်း မရှိသေးတဲ့အတွက်ကြောင့် ဒီလိုမျိုး ပတ်စ်ပို့ကို ထုတ်ပေးတယ်။ သက်တမ်းတိုးပေးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ အရင်ကတည်းက သုံးသပ်တယ်။ သို့သော်ငြားလည်း တခြားနိုင်ငံက ကိုယ်စားလှယ်ရုံးတွေကနေပြီး အဲဒီလိုမျိုး ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာမရှိဘဲ တောင်ကိုရီးယားတစ်နိုင်ငံကပဲ ကွက်ပြီး ဘာလို့ ထလုပ်လဲဆိုတာ သက်ဆိုင်ရာတာဝန်ခံရုံးတွေကပဲ တာဝန်ခံဖြေရှင်းပေးနိုင်မယ်လို့ပဲ ထင်ပါတယ်။ သဘောတရားတွေ နောက်ဆက်တွဲတွေကို သေသေချာချာ စဉ်းစားသုံးသပ်ရဲ့လားဆိုတဲ့ မေးခွန်းတစ်ခုတော့ စဉ်းစားမိတယ်။
နောက်ထပ် ဆက်လက်သက်တမ်းတိုးပေးဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စလို့ မြင်တယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ တရားဝင်သံရုံးက လုပ်တာမဟုတ်ရင် တရားမဝင်ဘူး။ အတုအပ လုပ်တာမျိုးလည်း သက်ရောက်တယ်။ တောင်ကိုရီးယားနိုင်ငံသည် စစ်တပ်ကို ဘယ်လိုမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘူးဆိုသော်ငြားလည်း တစ်ဖက်မှာလည်း NUG ကိုလည်း အသိအမှတ်မပြုဘူးဆိုတဲ့ အခြေအနေမျိုးလည်း ရှိနေသေးတယ်။ ဟိုဘက်ရော၊ ဒီဘက်ရော အသိအမှတ်ပြုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ သံတမန်ရေးရာ အဆင့်အတန်းကို သံအမတ်ကြီးအဆင့်ကို ခန့်အပ်ခြင်းမရှိဘဲ သံရုံးအရာရှိ တာဝန်ခံပုံစံမျိုး မြန်မာပြည်မှာရှိတဲ့ ကိုရီးယားသံရုံးမှာ အဲဒီလိုပဲထားရှိတယ်။ အဲဒီကိစ္စက အရင်ကတည်းကလည်း အလားအလာမရှိတဲ့ ကိစ္စဖြစ်လို့ ဘာဖြစ်လို့ စွန့်စားပြီးတော့လုပ်လဲ မပြောတတ်ဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း ကိုရီးယားနိုင်မှာ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာတဲ့အနေနဲ့ နေထိုင်ခွင့်ပေးတဲ့အနေနဲ့ G1-99 ဆိုတဲ့ ဗီဇာတစ်မျိုးကို ကိုရီးယားအစိုးရက ထုတ်ပြန်ပေးခဲ့တယ်။
ခြောက်လသက်တမ်းတိုးပြီးတော့ ကိုရီးယားမှာ နေထိုင်အလုပ်လုပ်နိုင်တယ်။ မြန်မာနိုင်ငံသားအရေအတွက် ငါးထောင်ခန့် အဲဒီဗီဇာနဲ့နေတယ်။ ပြဿနာက အဲဒီလို ဗီဇာနဲ့ နေတဲ့သူတွေကို သံရုံးကနေပြီး ပက်စ်ပို့သက်တမ်းမတိုးပေးဘူးဆိုပြီး လုပ်လိုက်တယ်။ အဲလိုမလုပ်ခင် အစပိုင်းမှာ သက်တမ်းတိုး တုံးထုပေးတယ်။ ၂ နှစ်ပေါ့နော်။ အဲဒီနောက်ပိုင်းမှာ သူတို့ သက်တမ်းမတိုးပေးတော့ဘူး။ သက်တမ်းမတိုးပေးတော့တဲ့ ကာလမှာ သံရုံးဘက်က မတိုးပေးတဲ့အကြောင်း ပြောပြီးတော့ ကိုရီးယားလဝကမှာ နေထိုင်ခွင့်သက်တမ်းတိုးတဲ့အခါကျရင် ပြည့်စုံအောင်ရှင်းပြနိုင်ရင်တော့ လဝကဘက်က လုပ်ပေးတယ်လို့ ကျွန်တော်ကြားရတယ်။ နောက်ပိုင်းမှာလည်း သံရုံးက ပိုက်ဆံရှာတဲ့ ပုံစံမျိုးနဲ့ ပြန်ပြီးတော့ တစ်ဦးကို ဝမ်လေးသိန်းကျော်နဲ့ G1-99 သမားတွေကို သူတို့ ပတ်စ်ပို့သက်တမ်းတိုးပေးတယ်ပေါ့နော်။ အဲဒီကိစ္စတွေဖြစ်လာတဲ့နောက်ပိုင်း NUG ကလည်း G1-99 သတ်မှတ်ချက်တစ်ခုတည်းမဟုတ်ဘူး၊ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့စ်သက်တမ်းတိုးပေးပါတယ်။ တုံးထုပေးပါတယ်ဆိုပြီး လုပ်တယ်ပေါ့နော်။
နောက်ပြဿနာတစ်ခုက သံရုံးဘက်ကနေပြီးတော့ G1-99 သမားတွေကို ပတ်စ်ပို့သက်တမ်း မတိုးပေးတဲ့အချိန်မှာ အကျိုးအကြောင်းပြောပြပြီး နေထိုင်ခွင့်သက်တမ်းတိုးလို့ရသေးတာပေါ့နော်။ အခုက အဲဒီလိုမျိုးလုပ်ဖို့ အခက်အခဲရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံရုံးက ပတ်စ်ပို့သက်တမ်းတွေ တိုးပေးတဲ့အချိန် မင်းတို့ ဘာလို့သက်တမ်းသွားမတိုးလဲဆိုပြီး ဖြစ်လာတာမျိုးတွေရှိလာတာပေါ့နော်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ပတ်စ်ပို့သက်တမ်းကတော့ တိုးကြရတယ်ပေါ့နော်။ တချို့လည်း NUG ကိုယ်စားလှယ်ရုံးကနေပြီး သက်တမ်းတိုးပေးတယ်ဆိုပြီးတော့ အဲဒီလိုမျိုးတွေနဲ့ သက်တမ်းတိုးပြီးတော့ လဝကနေထိုင်ခွင့်သက်တမ်းလျှောက်တဲ့အခါ ခွင့်ပြုကြတယ်။ အခုနောက်ပိုင်းကတော့ တရားဝင်စာထွက်လာတဲ့နောက်မှာ သက်တမ်းမတိုးပေးတော့ဖို့ အလားအလာတော့ရှိတယ်။
ပြဿနာက NUG ကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးထားတဲ့လူတွေသည် သူတို့လက်ရှိကိုင်ထားတဲ့ စာအုပ်သည် သက်တမ်းကုန်နေတဲ့ စာအုပ်အဖြစ် စာရင်းဝင်သွားပြီဆိုရင် သူတို့က လဝကမှာ သွားသက်တမ်းတိုးဖို့က နည်းနည်းတော့ အခက်အခဲရှိလာနိုင်တယ်။ ဒါပေမဲ့ မရဘူးဆိုတဲ့ အနေအထားမျိုးတော့ မဖြစ်နိုင်သေးဘူး။ တစ်ဖက်မှာ စစ်ကောင်စီလက်အောက်ခံသံရုံးမှာ သက်တမ်းတိုးမယ်ဆိုပြန်ရင်လည်း NUG ကိုယ်စားလှယ်ရုံးရဲ့ တံဆိပ်တုံးက ပါနေတော့ အဲဒီလိုမျိုးရဖို့ကလည်း မလွယ်နိုင်တော့ဘူး။ သံရုံးဘက်ကလည်း ပျောက်ဆုံးကြောင်းလျှောက်မယ်ဆိုရင်တောင်မှ စာအုပ်ရဲ့ မျက်နှာစာ အစုံအလင်ကို ဓာတ်ပုံရိုက်ထားတဲ့ အထောက်အထားရှိမှသာ ပျောက်ဆုံးကြောင်းလျှောက်ထားတာကို လက်ခံမယ်ဆိုပြီးတော့ သူတို့ဘက်ကနေ တင်းချလိုက်တဲ့ အနေအထားရှိတာပေါ့နော်။ ဒါတွေကတော့ ကျွန်တော်ထင်တယ်။ NUG ကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့တော့ မသေချာ မရေရာမှုတွေကို ကြုံရနိုင်တဲ့အနေအထားမျိုးပေါ့နော်။
ဓာတ်ပုံ – NUG