ဧရာဝတီတိုင်းမှာ ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို တစ်ပတ်အတွင်း ရွှေ့ပြောင်းဖို့ စစ်ကောင်စီ ဖိအားပေး

Author သုတ
Categories
Published on Dec 16, 2024

ရခိုင်ပြည်မှာ ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာကြောင့် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ၊ ငွေသောင်ယံနဲ့ ရွှေသောင်ယံကမ်းခြေမြို့တို့မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို တစ်ပတ်အတွင်း ထွက်သွားဖို့ စစ်ကောင်စီက ဖိအားပေး မောင်းထုတ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အာရက္ခတပ်တော် (AA) ရဲ့ တပ်ဖွဲ့ဝင်တွေ ဧရာဝတီတိုင်းထဲကို စိမ့်ဝင်လာတယ်ဆိုတဲ့ သံသယနဲ့  ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ ရခိုင်ပြည်သူတွေကို နေထိုင်ခွင့်မပေးဘဲ ဒီဇင်ဘာလ ၁၄ ရက်ကစလို့ တစ်ပတ်အတွင်း ပြောင်းရွှေ့ခိုင်းနေတာလို့ ဧရာဝတီတိုင်းအတွင်း စစ်ရှောင်နေရတဲ့ ဂွဒေသက အမျိုးသမီးတစ်ဦးက  ပြောပါတယ်။

 

“တစ်ပတ်အတွင်း ဖယ်ပေးရမယ်။ AA တွေ ဝင်လာတယ် သတင်းရလို့တဲ့။ ရခိုင်ပြည်ကို ပြန်ဝင်ရ အဆင်မပြေရင် ဖျာပုံဘက်ကို ပြောင်းရွေ့ပေးမယ်လို့ ပြောတာကြားတယ်။ ကုန်ကျငွေကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပေးရမှာပါ”လို့ သူက ပြောပါတယ်။

အခုလို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က ဦးဆောင်ဖိအားပေးနေပြီး ဒေသခံအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ချောင်းသာ ရွာသစ် ဓမ္မာရုံမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့  မွန်းလွဲ ၂ နာရီခန့်မှာ အစည်းအဝေးခေါ် ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ရခိုင်ပြည်ကနေ ချောင်းသာ၊ ငွေသောင်ယံနဲ့ ရွှေသောင်ယံဘက်မှာ စစ်ဘေးရှောင်နေသူ ဦးရေ ၁,၀၀၀ အထက်ရှိပြီး လက်ရှိမှာတော့ စားသောက်ရေးအပြင် နေထိုင်ရေးအတွက်ပါ အခက်အခဲ ဖြစ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် ငါးဖမ်းခွင့်ကိုလည်း အရင်ကတည်းက နေထိုင်သူတွေကိုသာ ပေးပြီး စစ်ဘေးရှောင်လာတဲ့ ၁၁ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ပြည်သူတွေကိုတော့ အကြောင်းပြချက်မရှိ ငါးဖမ်းခွင့် မပေးတော့တာ ၁၆ ရက် ရှိပြီလို့ တောင်ကုတ်ကနေ ဧရာဝတီတိုင်းမှာ စစ်ဘေးရှောင် ရောက်ရှိနေသူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“စစ်ရှောင်လာသူတွေမှာ ငါးဖမ်းပြီး လုပ်ကိုင်စားသောက်သူတွေ ရှိတယ်။ အခု သူတို့ကိုလည်း ဖမ်းခွင့် မပေးတော့ဘူး။ ပင်လယ်ထဲ မဆင်းရတာ နှစ်ပတ်ကျော်ပြီ။ ရှာဖွေစားသောက်ဖို့ပါ အရမ်းခက်ခဲနေကြတယ်”လို့ သူက ပြောပါတယ်။

 

ဧရာဝတီတိုင်းက မြို့နယ်တချို့မှာလည်း စစ်ဘေးရှောင် ရခိုင်ပြည်သူတွေ နေထိုင်တဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က စစ်ဆေးတာတွေ ပိုလုပ်ဆောင်နေပြီး ၁၁ မျဉ်းစောင်း ကိုင်ဆောင်သူတွေအနေနဲ့ ခရီးသွားလာရေးကအစ  မလွယ်ကူတော့တာတွေ ကြုံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အလားတူ ကျုံပျော်မြို့မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အဖွဲ့က ဧရာဝတီဒေသတွင်း နေထိုင်သူတွေအနေနဲ့ အိမ်ငှားရမ်းတာတွေ လုပ်ဆောင်ရာမှာ သေချာစုံစမ်းမေးမြန်းပြီး ငှားရမ်းလုပ်ဆောင်ဖို့နဲ့ ဖြစ်လာတဲ့ ကိစ္စအဝဝကို အိမ်ရှင်တွေက တာဝန်ယူပေးရမယ်လို့ ပြောကြောင်း ကျုံပျော်မြို့နယ်က အသက် ၂၅ နှစ်အရွယ် ကိုရဲအောင်က ပြောပါတယ်။

“ကျွန်တော့်အဒေါ်က သူ့အိမ်ကို ငှားတာ၊ ရခိုင်က စစ်ရှောင်လာတဲ့လူတွေကို၊ နောက်ရက်တွေကျ အုပ်ကြီးနဲ့ အဖွဲ့က စစ်လား၊ ဆေးလားနဲ့ တာဝန်ယူရမယ်တို့ ဘာတို့နဲ့ သတိပေးသွားတယ်။ နောက်ဆို အိမ်ငှားမယ်ဆိုရင် သေချာမေးမြန်းပြီးမှ ငှားလို့လည်း ပြောသွားသေးတယ်”လို့ သူက ပြောပါတယ်။

 

လက်ရှိမှာတော့ ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ မြို့တွေကို သိမ်းပိုက်ပြီးရင် ဧရာဝတီတိုင်းက မြို့တွေကို  AA ထိုးစစ်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေကြောင့် စစ်ကောင်စီက အရင်ကထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး အင်အားဖြည့်တင်းမှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

ပုံစာ- ရခိုင်ပြည်တွင်းက စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကို တွေ့ရစဉ် (ပုံဟောင်း)