ဆီးရီးယားမှာ ခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းပြန်တက်၊ စာသင်ကျောင်းတွေလည်း ပြန်ဖွင့်

Author CJ Platform
Categories
Published on Dec 16, 2024

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်အာဆတ်ပြုတ်ကျပြီး တစ်ပတ်အကြာမှာ လူနည်းစုဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပုံမှန်အတိုင်း တနင်္ဂနွေဘုရားကျောင်းတက် ဝတ်ပြုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အစ္စလာမ်မစ်အုပ်စုဖြစ်တဲ့ Hayat Tahrir al-Sham (HTS)က အာဆတ်ကို ဖြုတ်ချပြီး အာဏာရလာပြီးနောက်မှာ ဆီးရီးယားက လူနည်းစုအုပ်စုတွေကို သူတို့တွေရဲ့ ဘဝနေထိုင်မှုပုံစံတွေကို အန္တရာယ်ပြုမှာ မဟုတ်ဘူးလို့ အာမခံပြောကြားခဲ့ပြီးနောက်မှာ လူနည်းစုအုပ်စုတွေက အခုလို ပြုမူဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။

အာဆတ်မပြုတ်ကျခင်ကလည်း ခရစ်ယာန်အပါအဝင် လူနည်းစုဘာသာရေးအုပ်စုဝင်တွေဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ရခဲ့ပြီး အသစ်တက်လာတဲ့ အစ္စလာမ်မစ်အစိုးရအပေါ် စိုးရိမ်ထိန်လန့်မှုတွေတော့ ရှိနေဆဲဖြစ်ပါတယ်။

 

မြို့တော် ဒမတ်စကတ်ရဲ့ အိမ်နီးနားချင်းမြို့ ဘက်ဘ်တော်မာ မြို့ရဲ့ လမ်းတွေပေါ်မှာ ယမန်နေ့က ဘုရားကျောင်းတွေကနေပြန်လာတဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပြည့်နှက်နေခဲ့ပေမဲ့ တချို့ကတော့ သတိနဲ့နေထိုင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ ကြောက်တယ်။ ကျွန်မတို့ ကြောက်နေတုန်းပဲ” လို့ ဂရိမယ်လ်ကိုက်ကက်သလစ်ဘုရားကျောင်းတက်ပြီး ပြန်လာတဲ့ ဒေသခံ မာဟာဘာဆာက ပြောပါတယ်။

အာဆတ်အမာခံနယ်မြေဖြစ်တဲ့ ကမ်းရိုးတန်းမြို့ လာတာကီရာမြို့က စိန့်ဂျော့ဂရိအော်သိုဒေါ့ဇ်ဘုရားကျောင်းက သာသနာ့ကောင်စီအတွင်းရေးမှူး လီနာအက်ခရပ်ကတော့ ခရစ်ယာန်ဘာသာဝင်တွေဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အရ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ သက်သောင့်သက်သာရှိကြပြီး သူတို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟာဇာတ ဖြစ်အောင်သာ နေလိုကြတယ်လို့ ယမန်နေ့က ပြောပါတယ်။

 

ဆီးရီးယားနိုင်ငံဟာ ခရစ်ယာန်၊ အာမေးနီးယန်း၊ ကာ့ဒ်နဲ့ ရှီဟိုက်မူဆလင်စတဲ့ လူနည်းစုဘာသာဝင်အုပ်စုတွေ အများအပြားရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

 

ဆွန်နီမူဆလင်အများစုနေထိုင်ကြတဲ့ ဆီးရီးယားကို နှစ်ပေါင်းငါးဆယ်ကျော်အုပ်ချုပ်ခဲ့ကြတဲ့ အာဏာရှင်အာဆဒ်တို့ မိသားစုဟာ လူနည်းစု ရှီဟိုက်မူဆလင်ဘာသာကနေ ဆင်းသက်လာတဲ့ အယ်လာဝိတ်ဘာသာကို ကိုးကွယ်ယုံကြည်ကြတဲ့ လူနည်းစုဘာသာဝင်ဖြစ်ပါတယ်။

 

ဆီးရီးယားနိုင်ငံတွင်းက ထောင်နဲ့ချီတဲ့ ရှီဟိုက်မူဆလင်တွေဟာ  အာဏာရလာတဲ့ ဆွန်နီမူဆလင်အုပ်စု HTS တို့ရဲ့ ရန်ပြုမှာကိုစိုးရိမ်တာကြောင့် လက်ဘနွန်ဘက်ကို ပြီးခဲ့တဲ့အပတ်အတွင်းက ထွက်ပြေးလာခဲ့ကြတယ်လို့ လက်ဘနွန်လုံခြုံရေးအကြီးတန်းအရာရှိတစ်ဦးက ရိုက်တာစတင်းဌာနကကို ပြီးခဲ့တဲ့ အပတ်တွင်းက ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း သူတို့ဟာ လူနည်းစုအခွင့်အရေးတွေကို လေးစားတဲ့ အားလုံးပါဝင်ပြီး အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကိုသာ ကျောထောက်နောက်ခံပေးမှာ ဖြစ်ပြီး အကြမ်းဖက်အုပ်စုတွေကို အခြေခံထားရင်တော့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဆီးရီးယား ကြားဖြတ်အစိုးရရဲ့ ပုံမှန်အခြေအနေမှာ ကျောင်းပြန်ဖွင့်ဖို့ အမိန့်ထုတ်ပြန်ပြီးနောက်မှာတော့ နိုင်ငံတွင်းက စာသင်ကျောင်းတချို့လည်း ယမန်နေ့မှာပဲ ပြန်ဖွင့်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

နိုင်ငံတွင်းက ကျောင်းအများစုဟာ လုပ်ငန်းခွင်ဝင်ရမယ့် ရက်သတ္တပတ်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

 

ဒါပေမဲ့ ကျောင်းသားမိဘတချို့ကတော့ အခြေအနေတွေက မသေချာမရောရာ ဖြစ်နေတာကြောင့် သားသမီးတွေကို ကျောင်းကိုမပို့ကြဘူးလို့လည်း ဆိုပါတယ်။

 

ကျောင်းသားတွေကတော့ ကျောင်းပြန်ဖွင့်တာကို အားရဝမ်းသာ ကြိုဆိုခဲ့ကြပြီး ဆာလာအယ်ဒင်းဒီယက်ဘ် ဆိုတဲ့ ကျောင်းသားကတော့ “ကျွန်တော်အရင်တုန်းက စစ်မှုထမ်းဖို့ ဆွဲခေါ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ လမ်းတွေပေါ် လျှောက်ခဲ့ဖူးတယ်။ စစ်ဆေးရေးဂိတ်တွေ ရောက်တိုင်း အတော်လေးလည်းကြောက်ခဲ့ဖူးတယ်။ အခုကတော့ အကုန်လုံးကို အကောင်းမြင်ပြီး တော်တော်လေးကို ပျော်နေပါတယ်”လို့ ပြောပါတယ်။

 

အဘူမိုဟာမက်အယ်လ်ဂိုလာနီလို့ လူသိများတဲ့ အာမက်အယ်လ်ရှာရာဦးဆောင်တဲ့ ကြားဖြတ်အစိုးရအတွက်ကတော့ ပြည်တွင်းစစ်ပြီးသွားတဲ့ ဆီးရီးယားကို ပြန်လည်ထူထောင်ရမယ့် ကိစ္စဟာ စိန်ခေါ်မှုတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။

 

ပြည်တွင်းစစ်ကြောင့် လူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ရသလို အဆောက်အအုံအများအပြားဟာလည်း ဗုံးဒဏ်တွေကြောင့် စိစိညက် ကြေနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးကလည်း ချွတ်ခြုံကျနေသလို နိုင်ငံသားသန်းပေါင်းများစွာဟာလည်း ဆီးရီးယားပြင်ပက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

 

ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရမယ့် ဆီးရီးယားကို ကူညီနိုင်ဖို့အတွက် ဆီးရီးယားအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းဖို့ကိုလည်း ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ သံအမတ် ဂျီရာပီဒါဆန်ကမန်နေ့က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၂၅၄ လို့ သိကြတဲ့ ၂၀၁၅ ခုနှစ်မှာ လုံခြုံရေးကောင်စီက ဖော်ပြခဲ့တဲ့ ဆီးရီးယားနိုင်ငံအတွက် လမ်းပြမြေပုံကိုလည်း ပြန်လည်သုံးသပ်ဖို့ ရှာရာနဲ့ ပီဒါဆန်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံဘက်က ထုတ်ပြန်ပါတယ်။

 

ဆီးရီးယားနိုင်ငံရဲ့ အကူးအပြောင်းတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၂၅၄ နဲ့အညီ ယုံကြည်ရလောက်ပြီး အားလုံးပါဝင်တဲ့၊ ဂိုဏ်းဂဏကင်းမဲ့တဲ့ အုပ်ချုပ်ရေးကို ဦးတည်သင့်တယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

 

ကုလသမဂ္ဂက ကမကထပြုတဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ ဆီးရီးယားကို ခြောက်လအတွင်း ဂိုဏ်းဂဏမစွဲတဲ့ အုပ်ချုပ်ရေးစနစ် တည်ဆောက်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကိုလည်း အချိန်သတ်မှတ်ပြီး ရေးဆွဲဖို့ တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ဆိုတဲ့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

 

ဓာတ်ပုံ – REUTERS/Umit Bektas

 

ပုံစာ- ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆီးရီးယားနိုင်ငံတွင်းက ခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းတက် ဝတ်ပြုနေကြတဲ့ မြင်ကွင်း

 

ကိုးကား- Reuters