ကိုယ်ဝန်ဆောင်မိခင်များ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများ
အမျိုးသမီးတွေဟာ မိခင်လောင်းတစ်ယောက်ဖြစ်လာပြီဆိုကတည်းက နေ့စဉ်နဲ့အမျှ ကြုံရတဲ့အခက်အခဲတွေ အများကြီးရှိပါတယ်။ သွားရေးလာရေး၊ စားရေးသောက်ရေး အဆင်မပြေတာ၊ ကျန်းမာရေးအခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ စတာတွေပေါ့။ ဒီလိုမျိုး ခက်ခဲပင်ပန်းနေပေမဲ့လည်း မိခင်လောင်းတွေဟာ အနာဂတ်လူတော်တွေကို အစွမ်းကုန် အားစိုက်ထုတ်ပြီး မွေးထုတ်ပေးနေတဲ့ အာဂအမျိုးသမီးတွေပါပဲ။ ဒီတစ်ပတ်ရဲ့ သိစေချင်လို့ အစီအစဉ်မှာ မိခင်တွေကြုံတွေ့နေရတဲ့ ကျန်းမာရေးအခက်အခဲတွေကို ပြောပြရင်း ဘယ်လို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရလဲ၊ ဆောင်ရန်၊ ရှောင်ရန် ဘာတွေရှိမလဲ၊ မိခင်ရော၊ ကလေးရော ကျန်းမာအောင် ဘယ်လိုနေထိုင်သင့်လဲ ဆိုတာတွေကို ပြောပြပေးသွားပါမယ်။
“ပျို့အန်ခြင်း”
Morning Sickness လို့သိကြတဲ့ ဒီလိုပျို့အန်တာကတော့ ကိုယ်ဝန်ဆောင် ပထမဆုံး သုံးလဝန်းကျင်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ အိပ်ရာကနေ ထတဲ့အချိန် မနက်ခင်းတွေမှာ အဖြစ်များပြီး မကြိုက်တဲ့ အစားအစာ၊ အနံ့တွေ့ရရင်လည်း ဖြစ်တတ်ပါတယ်။ ပျို့အန်တာမှာလည်း လေတွေပဲ အန်တတ်တာ၊ ခံတွင်းထဲမှာ တံတွေးရည်တွေ အရမ်းများလာပြီး အန်တတ်တာမျိုးပါ။
ဒီလိုဖြစ်လာပြီးဆိုရင် မိခင်အနေနဲ့ အစားစားချင်စိတ်လည်း မရှိတတ်ကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာဆိုရင် မိခင်တွေအနေနဲ့ အစားအများကြီးကို တစ်ခါထဲ ဝင်အောင်စားတာထက် ကိုယ်ခံတွင်းတွေ့တဲ့ အစာနည်းနည်းလေးကိုပဲ ခဏခဏ စားပေးသင့်ပါတယ်။ ရေ၊ နွားနို့ စတဲ့ အရည်တစ်မျိုးမျိုးကိုလည်း နည်းနည်းစီ ဝင်သလောက် သောက်ပေးရပါတယ်။
“ရင်ခေါင်းဆောင့်ခြင်း”
အစာအိမ်ထဲမှာ ဒါမှမဟုတ် ရင်သားတွေကြားထဲက နေရာက ပူလောင်နေသလိုလို၊ နာနေသလိုလို ခံစားနေရတာကို ပြောတာပါ။ ဒီလိုဖြစ်ရတာက ကလေးကကြီးထွားလာတာနဲ့အမျှ မိခင်ရဲ့ အစာအိမ်ကို အပေါ်ဘက်ကို တွန်းတင်လိုက်တဲ့ အတွက်ကြောင့်ပါ။ ဆိုတော့ အစာအိမ်ထဲမှာရှိတဲ့ အစာကိုချေဖျက်ပေးတဲ့ အက်ဆစ်တွေက ရင်ဘတ်နားကို ရောက်သလို ဖြစ်သွားတာပေါ့။ ဒါကြောင့်ပဲ ပူလောင်နေသလို ခံစားနေရတာပါ။
ဒီလိုခံစားနေရပြီဆိုရင် သက်သောင့်သက်သာဖြစ်လာအောင် ဖြေရှင်းနည်းကတော့ မိခင်အနေနဲ့ အစားအစာတွေကို တစ်ပြိုင်တည်း မစားသောက်ဘဲ ခွဲခွဲပြီး စားသောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ အစာချေဖျက်မှုစနစ်ကို အားကောင်းစေတဲ့ သင်္ဘောသီးတို့၊ နာနတ်သီးတို့ကိုလည်း စားပေးသင့်ပါတယ်။ လှဲတဲ့အခါမျိုးမှာလည်း ဦးခေါင်းကို အစာအိမ်ထက် မြင့်အောင်ထားပြီး အိပ်ပေးရပါတယ်။ ဒါမှသာ ရင်ဘတ်ထဲထိ ရောက်လာတဲ့ အက်ဆစ်တွေက အစာအိမ်ထဲကို ပြန်ရောက်သွားမှာပါ။
“ဆီးခဏခဏသွားခြင်း”
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆီးခဏခဏသွားတဲ့ပြဿနာက ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေလို့ မဟုတ်ပါဘူး။ သန္ဓေသားနဲ့အတူ ကြီးထွားလာတဲ့ သားအိမ်က ဆီးအိတ်ကို သွားဖိမိနေတဲ့အတွက် ဒီလိုဖြစ်နေရတာပါ။ ကိုယ်ဝန်ဆောင်ကာလကို ကျော်လွန်သွားတာနဲ့ ဒီပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
“ခြေ/လက်များ ဖောရောင်ခြင်း”
ခြေတွေ၊ လက်တွေ ဖောင်းဖောင်းကြီးဖြစ်ပြီး ဖောရောင်တယ်ဆိုတာကလည်း ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မိခင်တိုင်း ကြုံတွေ့တတ်ရတတ်ပါတယ်။ ဒီလို ဖောရောင်ရတာ ရေတွေက ခန္ဓာကိုယ်ထဲမှာ ပုံမှန်ထက် ပိုစုနေတတ်လို့ပါ။ ရာသီဥတုက အရမ်းပူတဲ့ အခါမျိုး၊ မတ်တပ်ကြာကြာရပ်တဲ့ အခါမျိုးမှာ ပိုနေတဲ့ရေတွေက ခန္ဓာကိုယ်ရဲ့ အနိမ့်ဆုံးအပိုင်းတွေမှာ သွားပြီးစုပါတယ်။
ကြီးထွားလာတဲ့သားအိမ်ကလည်း ခြေထောက်တွေထဲမှာ သွေးတွေ လှည့်ပတ်စီးဆင်းနေတာကို သက်ရောက်ပါသေးတယ်။ ဒီလိုတွေကြောင့် ခြေသလုံးနဲ့ ခြေချင်းဝတ်နားတွေမှာ ဖောရောင်လာရတာပါ။ ဒီလိုဖြစ်လာပြီဆိုရင် မိခင်တွေအနေနဲ့ မတ်တပ်ကြာကြာရပ်တာကို ရှောင်ကြဉ်သင့်ပြီး ခြေထောက်တွေကို မကြာခဏ အနားပေးသင့်ပါတယ်။ အနားပေးတယ်ဆိုပြီး တောက်လျှောက်ထိုင်နေတာ မဟုတ်ဘဲ လမ်းလည်း ခဏခဏ လျှောက်ပေးသင့်ပါသေးတယ်။
ဒါ့အပြင် ခြေထောက်ကို ရေအေးလေးနဲ့ စိမ်ပေးလို့ရပါတယ်။ ရေအေးဆိုတာမှာ ရေခဲရေလို အေးစက်နေတာမျိုး မဟုတ်ဘဲ အလယ်အလတ်လောက်ပဲ အေးတာမျိုးလေးပါ။ ဒါမှသာ သိသိသာသာ အကျိုးသက်ရောက်မှာပါ။
“ပိုတက်ဆီယမ် ကျခြင်း”
ပိုတက်ဆီယမ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်တွေကို မျှခြေဖြစ်အောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်က ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ကြွက်သားတွေ ကျုံ့နိုင်၊ ဆန့်နိုင်အောင်လည်း ကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကသာ ပိုတက်ဆီယမ်ကျနေပြီဆိုရင် အလွယ်တကူ မောပန်းတာ၊ အားနည်းတာနဲ့ နှလုံးခုန်နှုန်း မမှန်တာလေးတွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ပိုတက်ဆီယမ် တက်လာအောင် အုန်းစိမ်းရည် သောက်ပေးတာမျိုး၊ ငှက်ပျောသီးစားပေးတာမျိုး စတာတွေကို လုပ်ဆောင်သင့်ပါတယ်။
“သွေးအားနည်းခြင်း”
သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးနီဥလေးတွေ လုံလုံလောက်လောက် မရှိတာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သာမန်လူတွေထက် သွေးနီဥတွေကို ပိုမိုပြီးတော့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးနီဥ လုံလုံလောက်လောက် မရှိဘူးဆိုရင် မွေးလာတဲ့ကလေးမှာ သွေးအားနည်းရောဂါ ပါသွားတတ်ပါတယ်။ ဒါ့အပြင် ကလေးစောမွေးတာမျိုးနဲ့ ကလေးက ပေါင်ချိန်မပြည့်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
သွေးအားနည်းနေပြီဆိုရင် အလိုလိုအားနည်းတာ၊ မျက်နှာက ဖြူဖျော့နေတာမျိုး၊ အသားအရေ အလွန်ခြောက်သွေးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ လိုအပ်တဲ့ဆေးကို သောက်ပေးတာမျိုး ဒါမှမဟုတ် သံဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားပေးလို့ရပါတယ်။ (ဥပမာ- အမဲသား၊ ဟင်းနုနွယ်ရွက်၊ လိမ္မော်သီး စသဖြင့်)
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကလေးရော မိခင်ပါ ကျန်းမာဖို့က အရေးကြီးတဲ့အတွက် အစားအသောက်၊ အနေအထိုင်တွေကအစ ဂရုစိုက်ပေးရပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းအတွက် Gym ဆော့တာမျိုး၊ ယောဂကျင့်တာမျိုးတွေ ပြုလုပ်လို့ရပေမဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးတော့ ရှောင်ကြဉ်ပေးသင့်ပါတယ်။
ဒါ့အပြင် သေချာကာကွယ်ဆေးမထိုးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့လည်း သိပ်နီးနီးကပ်ကပ်မနေသင့်သလို သူတို့ရဲ့ အညစ်အကြေးတွေကိုလည်း မထိတွေ့သင့်ပါဘူး။ တောက်စ်ဆိုပလက်စ်မိုစစ် (Toxoplasmosis) လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့် ဖြစ်လာတဲ့ ရောဂါ ကူးစက်နိုင်ချေမြင့်လို့ပါ။ ဒီကပ်ပါးကောင်ကို ကျက်အောင်မချက်ရသေးတဲ့ အသားတချို့မှာလည်း တွေ့နိုင်သေးတဲ့အတွက် အသားတွေကို ကျက်အောင်ချက်ပြီးမှသာ စားသုံးသင့်ပါတယ်။ ဒီရောဂါသာ မိခင်မှာကူးစက်သွားမယ်ဆိုရင် သန္ဓေသားမှာ အမြင်အာရုံပြဿနာ၊ ဦးနှောက်ပြဿနာနဲ့ ဖွံ့ဖြိုးမှုနောက်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ပင်လယ်စာနဲ့ ကြက်ဥတွေကိုလည်း အစိမ်းလိုက်စားတာကနေ ရှောင်ကြဉ်ပေးသင့်ပါတယ်။ ဘက်တီးရီးယားတွေ အများကြီးပါဝင်နေနိုင်လို့ပါ။ ဒါတွေတင်မကသေးဘဲ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ကော်ဖီ၊ အယ်လ်ကိုဟော စတာတွေ သောက်တာကိုလည်း ရှောင်ကြဉ်ပေးရပါတယ်။ ကျန်တာကတော့ မိခင်တွေအနေနဲ့ ခံတွင်းတွေ့ရင်တွေ့သလို စားသောက်ပေးလို့ ရပါတယ်။
အာဟာရအပြည့်အဝ ရရှိဖို့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေ သောက်သုံးပေးတာနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အသီးအနှံမှန်သမျှကို စားသောက်ပေးတာက အတော်လေး ထိရောက်ပါတယ်။ မိခင်ရော ကလေးရော ကျန်းမာသန်စွမ်းဖို့အတွက် အနားယူနိုင်သမျှ အနားယူပေးပြီး အတတ်နိုင်ဆုံး သက်သောင့်သက်သာဖြစ်အောင် နေထိုင်နိုင်ဖို့က အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မိခင်ဟာ ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကြုံတွေ့ရတတ်တဲ့အတွက် မကြာခဏ ရေသောက်ပေးပြီး ရေဓာတ်ပြည့်ဝအောင် နေပေးသင့်ပါတယ်။ ဒီလောက်ဆိုရင် မိခင်နဲ့ကလေးကျန်းမာရေးအတွက် အတော်လေး သိသွားလောက်ပြီလို့ ယူဆပါတယ်။ နောက်အပတ်ရဲ့ သိစေချင်လို့ အစီအစဉ်မှာ ပြန်ဆုံကြပါမယ်။
Ref:
Davi, M. (2022, May 3). Potassium during pregnancy. Feedmomandme.
Antenatal Care Module: 12. Minor Disorders of Pregnancy: View as single page | OLCreate. (n.d.).
Fletcher, J. (2023, February 16). What to avoid during pregnancy.
#CJPlatform #သိစေချင်လို့ #ကိုယ်ဝန်ဆောင်