“ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ခြောက်ခုမှာ မိုးရွာနိုင်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ အများအားဖြင့် သာယာမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”
တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင် ပြည်၊ မွန်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။