နခခ-၅ ဘယ်လောက်အရေးပါပြီး စခန်းသိမ်းတိုက်ပွဲ ဘယ်လောက်ခက်ခဲခဲ့လဲ?

Author ကိုထားဝယ်၊ သုတ
Categories
Published on Dec 12, 2024

“အာရက္ခစစ်သည်တော်တွေ တစ်လက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ စခန်းကြီးဖြစ်ပါတယ်။”

 

အာရက္ခတပ်တော် AA က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် နောက်ဆုံးကျန်တဲ့ မောင်တောရဲ့ နခခ-၅ စခန်းသိမ်းတိုက်ပွဲ ဘယ်လောက်ခက်ခဲခဲ့ကြောင်း ရည်ညွှန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ အဲဒီက ဘူးသီးတောင်မြို့နယ်ကိုတော့ ဒီနှစ် ၂၀၂၄၊ မေလ ၁၈ ရက်နေ့မှာ AA က သိမ်းပိုက်ထားတာပါ။

 

AA တို့ မောင်တောကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတည်းက “ချိန်ခါလီ၊ ဒုံးပိုက်” စခန်းတွေကနေ စတင်တိုက်ခိုက်ခဲ့ကြတာပါ။

 

အဲဒီနောက် ဒီနှစ် ၂၀၂၄ ၊ စက်တင်ဘာလ ၈ ရက်နေ့မှာပဲ မောင်တော တစ်မြို့လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့သူကြီးရွာထဲက အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅)ပဲ ကျန်ခဲ့တာဖြစ်ပါတယ်။

“အဖွဲ့စုံတဲ့ နခခ-၅”

 

နခခ-၅ ကို စက်တင်ဘာလကတည်းက ဝိုင်းရံပိတ်ဆို့ထားပြီးနောက် ဒီနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ AA တပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။

 

နခခ-၅ စခန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ သူတို့နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RSO၊ ARSA၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအပြင် မောင်တောဒေသအနီး ထွက်ပြေးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတာပါ။ အဲဒီမှာ အင်အား ၇၀၀ လောက်ရှိမယ်လို့လည်း အာရက္ခတပ်တော်-AA က ခန့်မှန်းပြောပါတယ်။

 

စစ်ကောင်စီစုပေါင်းတပ်ဘက်က မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။

 

နခခ-၅ ထိုးစစ်ကာလအတွင်း AA တပ်ဖွဲ့ဝင်တွေဟာ နည်းဗျူဟာမြောက် ထိုးစစ်ဆင်နိုင်ခဲ့တဲ့အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

“နခခ-၅ က ခံတပ်များ”

 

စခန်းပတ်ပတ်လည်ကို သံဆူးကြိုးနှစ်ထပ်ကာရံထားပြီး တစ်ခုနဲ့ တစ်ခုကြား သတ်ကွင်းတွေကို ကောင်းစွာပြင်ဆင်ထားတာပါ။ တချို့နေရာတွေမှာ ပေ (၂၀) လောက်ကျယ်တဲ့ ရေမြောင်းတွေဖောက်လုပ်ထားတဲ့အပြင် စူးချွန်တွေထောင်ထားပါသေးတယ်။

 

စခန်းတည်ဆောက်ထားပုံဟာ ထောင့်မှန်စတုဂံကျကျ ပတ်လည်ပုံစံဖြစ်ပါတယ်။ လေးဖက်လေးတန်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်နဲ့အတူ စခန်းအတွင်း ခိုင်ခံ့တဲ့ အဆောက်အအုံကြီး (၃၀) ကျော်လည်း အပါအဝင်ပါပဲ။

 

ထပ်ဆင့် သဘာဝရဲ့တံတိုင်းတွေအဖြစ် စခန်းရှေ့မှာ ချောင်းတစ်ခု ကာဆီးပေးထားပြန်လို့ အလွယ်တကူစခန်းထဲ ဝင်ဖို့မလွယ်ကူပါဘူး။

 

“ဒါကြောင့် အာရက္ခစစ်သည်တော်တွေဟာ တစ်လက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ စခန်းကြီးဖြစ်ပါတယ်” လို့ AA က ပြောပါတယ်။

 

အဲဒီလိုခံတပ်များတဲ့ နခခ-၅ တပ်စခန်းထဲကို မြေအောက်ကနေ လှိုဏ်ခေါင်းတူးပြီး ဖောက်ဝင်ခဲ့ကြရပါတယ်။ AA တပ်ဖွဲ့ဝင်တွေ လှိုဏ်ခေါင်းတူးတဲ့ပုံရိပ်တွေကို ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ဒါ့အပြင် မြို့သူကြီးတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်း အလုံးပေါင်း ၁,၀၀၀ ကျော်အထိ ရှင်းလင်းရရှိခဲ့ပြီး မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

 

အောင်ပွဲဆီသို့…”

 

အဲဒီလိုအခက်အခဲအမြောက်အမြားကို ကျော်ဖြတ်ပြီးနောက် ရက်ပေါင်း ၅၅ ရက်အကြာ ဒီနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၉ နာရီခွဲမှာပဲ အာရက္ခတပ်တော်က နခခ-၅ စခန်းတစ်ခုလုံးကို အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ယမန်နေ့ မနက် ၂ နာရီကျော်မှာ AA ဘက်က တရားဝင်ထုတ်ပြန်လာပါတယ်။

 

ဒီနှစ်လနီးပါးကြာတဲ့တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၄၅၀ ထက်မနည်းသေဆုံးနိုင်တယ်လို့ လက်ရှိ AA တို့ရရှိထားတဲ့သေဆုံးစာရင်းကို ပြောထားပါတယ်။

 

နောက်ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်အပါအဝင် အရာရှိတွေ၊ RSO၊ ARSA၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်းရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားသလို ဓာတ်ပုံတွေအပြင် ရုပ်သံတွေနဲ့ပါ ဖော်ပြထားတာတွေ့ရပါတယ်။

 

နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ AA က ပြောပါတယ်။

 

“ထုတ်ပြန်ချက်ထဲမှာလည်း ဘယ်လိုတိုက်ခဲ့ကြလဲဆိုတာတွေတော့ပါပါတယ်။ ဒီစခန်းက ဘယ်လောက်အရေးပါလဲ။ အရေးကြီးလဲဆိုတာကတော့ အထွေအထူးတောင်ပြောဖို့မလိုပါဘူး။ ဒါကြောင့်လည်း အသက်ပေါင်းများစွာနဲ့လဲပြီး တိုက်ယူခဲ့တာပေါ့” လို့ CJ Platform ရဲ့ AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

သူပြောပုံနဲ့ AA ရဲ့ယမန်နေ့ ထုတ်ပြန်ချက်အရ ဒီစခန်းသိမ်းတိုက်ပွဲမှာ AA တပ်ဖွဲ့ဝင်အများအပြားလည်း ကျဆုံးခဲ့တယ်လို့ နားလည်ရပါတယ်။ ဒါပေမဲ့ ကျဆုံးစာရင်းအတိအကျကိုတော့ AA ဘက်က ထည့်မပြောသလို CJ Platform ရဲ့ သတင်းရင်းမြစ်ကလည်း မပြောပါဘူး။

 

AA ဟာ နခခ-၅ စခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဘက်ကလည်း ဒီစခန်းကြီးမကျစေရေး စစ်ရေးခုခံမှုတွေအပြင် ဘာသာရေး၊ လူမျိုးရေးနည်းလမ်းတွေအထိ နည်းမျိုးစုံသုံးပြီး အသည်းအသန်ခုခံခဲ့ပေမဲ့ နောက်ဆုံး “အားမတန် မာန်လျှော့” ခဲ့ရပါတယ်။

 

ဒီစခန်းဘယ်လောက်အရေးပါလဲဆိုတာနဲ့ပတ်သက်ပြီး CJ Platform ရဲ့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ကတော့ အခုလိုပြောပါတယ်။

 

“ပဋိပက္ခနယ်မြေဖြစ်ခဲ့တယ်။ ဒီတော့ ပဋိပက္ခတွေငြိမ်းအေးဖို့အတွက် စစ်တပ်ရဲ့ကစားကွက်နယ်မြေကို ထိန်းချုပ်ပြီး အတူတကွရှေ့ဆက်ရေးကိုဖော်ဆောင်ဖို့က ဒီနယ်မြေကိုထိန်းချုပ်ထားနိုင်မှဖြစ်မယ်။ မဟုတ်ရင် ပဋိပက္ခတွေနဲ့ ဆင်းရဲတွင်းနက်နေဦးမှာပဲ။ နောက်တစ်ခုက နယ်စပ်ဒေသဖြစ်တဲ့အတွက် နိုင်ငံတကာ ဆက်ဆံရေး ၊ ကုန်သွယ်ရေးအတွက်လည်း အရေးပါတယ်။ အခုတော့ ပေးဆပ်ရကျိုးနပ်ခဲ့တာပေါ့ဗျာ”

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – နခခ-၅ စခန်းသိမ်းတိုက်ပွဲမြင်ကွင်းများ