အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူအပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု ဂယက်
အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိသမ္မတဖြစ်သူ ဂျိုးဘိုင်ဒင်ဟာ အာဏာလက်လွှတ်ရဖို့ လပိုင်းအလိုမှာပဲ တရားစွဲဆိုခံနေရတဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင်ကို အမှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကြောင့် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့တစ်လျှောက်လုံးမှာ ဘိုင်ဒင်ဟာ သူ့သားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပေမဲ့ ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ကတိဖောက်ဖျက်ပြီး သားဖြစ်သူကို ပြစ်မှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဟန်တာဘိုင်ဒင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဂျိုးဘိုင်ဒင် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီး သိပ်မကြာခင် ကတည်းက ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုအောက်မှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အစောပိုင်းမှာ အမှုရပ်ဆိုင်းဖို့ သဘောတူညီချက်ရှိခဲ့ပေမဲ့ တရားသူကြီးတွေရဲ့ စိုးရိမ်ချက်တွေကြောင့် အမှုရပ်ဆိုင်းဖို့ ပျက်ပြယ်ခဲ့ပြီး သီးခြားအမှုနှစ်ခုနဲ့ တရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူ့ကို ၂၀၁၈ ခုနှစ်မှာ ဒလ်လာဝဲလ်ပြည်နယ်မှာ သေနတ်ဝယ်ခဲ့တုန်းက မူးယစ်ဆေးဝါးစွဲနေတာကို ဖုံးကွယ်ခဲ့မှုနဲ့ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကနေ အမေရိကန် ဒေါ်လာ ခုနစ်သန်းရရှိခဲ့ပြီး အခွန် ၁ ဒသမ ၄ သန်း မပေးဆောင်ဘဲ ရှောင်တိမ်းခဲ့မှုတို့နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်တဲ့ သေနတ်အမှုအတွက် ဒီဇင်ဘာ ၁၂ ရက်နဲ့ ထောင်ဒဏ် ၁၇ နှစ်အထိ ကျခံရနိုင်တဲ့ အခွန်အမှုအတွက် ဒီဇင်ဘာ ၁၆ ရက်နေ့တို့မှာ ပြစ်ဒဏ် ချမှတ်ဖို့ တရားရုံးက စီစဉ်ထားခိုက်မှာပဲ ဂျိုးဘိုင်ဒင်က အခုလိုမျိုး သားဖြစ်သူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ကတော့ အခုလို ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် သူ့သားဟာ နိုင်ငံရေးအရ တရားမျှတမှု မရှိဘဲ တရားစွဲဆိုခံရနေရတာဖြစ်တယ်လို့ ပြောဆိုခဲ့သလို “ကျွန်တော့်သား ဖြစ်နေတဲ့ အတွက်ကြောင့်သာ ဦးတည်ပစ်မှတ်ထားခံရတာ ဖြစ်ပြီး ဒါဟာ မှားယွင်းနေပါတယ်” လို့ အသိပေးပြောဆိုခဲ့ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရ ကာရင်ယန်းပီရဲလ်ကလည်း သမ္မတဟာ ဒီဆုံးဖြတ်ချက်ကို သေချာစဉ်းစားပြီး မတတ်သာလို့သာ ချမှတ်ခဲ့ရကြောင်းနဲ့ ပြိုင်ဘက်တွေဟာ ဒီကိစ္စကို လက်လွှတ်ဖို့ လမ်းမမြင်တာကြောင့် အခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အစိုးရရှေ့နေ ဒေးဗစ်ဝေ့စ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသိအမှတ်ပြုပေမဲ့ အမှုတွေကို ရိုးရိုးပဲ ပိတ်သိမ်းသင့်ကြောင်း ပယ်ဖျက်ဖို့ မလိုကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
အခွန်ဌာနဘက်ကဘက ဂျိုးဇက်ဇစ်ဂလာနဲ့ ဂယ်ရီရှပလေတို့ကတော့ ဟန်တာဘိုင်ဒင်ရဲ့ အမှုကို ကာကွယ်ဖို့ တရားရေးဌာနက ကြိုးပမ်းခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ဟာ အာဏာရှိသူတွေအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။
ရီပတ်ဘလီကန်ခေါင်းဆောင်တွေကလည်း တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု ပျက်ယွင်းစေနိုင်တဲ့ ဆုံးဖြတ်ချက်လို့ ရှုတ်ချပြောဆိုခဲ့သလို အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကလည်း ဘိုင်ဒင်မိသားစုဟာ တရားရေး စနစ်ကို အလွဲသုံးစားပြုနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒီမိုကရက်ပါတီက ကော်လိုရာဒိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျရက်ပိုလစ်စ်ကတောင် နိုင်ငံထက် မိသားစုကို ဦးစားပေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အရင်ကလည်း သမ္မတတွေဟာ မိသားစုဝင်တွေကို ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ဖူးပါတယ်။
သမ္မတဘီလ်ကလင်တန်လက်ထက်မှာ ညီဝမ်းကွဲ ရော်ဂျာကလင်တန်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖူးသလို ဒေါ်နယ်ထရမ့်လက်ထက်မှာလည်း ခမည်းခမက်ဖြစ်သူ ချားလ်ကူရှနာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပါတယ်။
ဟန်တာဘိုင်ဒင်ဟာ ဂျိုးဘိုင်ဒင်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တဲ့ ၂၆ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး အရင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာဆိုရင်လည်း လူ ၂၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- REUTERS/Anna Rose Layden
ပုံစာ – သမ္မတဂျိုုးဘိုင်ဒင်ကို သားဖြစ်သူ ဟန်တာဘိုင်ဒင်နဲ့အတူ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အတူတွေ့ရစဉ်
ကိုးကား- Reuters, CNN, CBS News