ဂီနီအာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဂုဏ်ပြုဖလား ဘောလုံးပွဲမှာ ရန်ဖြစ်လို့ လူရာနဲ့ချီသေဆုံး

Author CJ Platform
Categories
Published on Dec 02, 2024

အာဖရိကတိုက်အနောက်ပိုင်းက ဂီနီ (Guinea) နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ အန်ဇီရီကိုရီမြို့မှာ ယမန်နေ့ ဒီဇင်ဘာ ၁ နေ့မှာ ပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲစဉ်အတွင်း ပရိသတ်တွေအကြား ခိုက်ရန် ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူနဲ့ချီသေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြ ကြပါတယ်။

 

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေဟာ ရေခဲတိုက်တွေမှာလည်း ပြည့်နေပြီး ဆေးရုံလျှောက်လမ်း တစ်လျှောက်မှာလည်း ပြည့်နှက်နေတယ်လို့ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေ အကြောင်းကို ဆရာဝန်တွေက သတင်းဌာနတွေကို အတည်ပြုပြောပါတယ်။

 

“ဆေးရုံမှာ အလောင်းတွေက အများကြီးရှိနေပြီး တချို့ဆိုရင် ဆေးရုံလျှောက်လမ်းတွေမှာ ချထားရပါတယ်။ ရေခဲတိုက်ထဲမှာလည်း အလောင်းတွေက ပြည့်နေပါပြီ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

 

သေဆုံးသူတွေဟာ ၁၀၀ ဝန်းကျင်ရှိနေပြီလို့ သူက ဆက်ပြောခဲ့သလို အလောင်းတွေဟာ ဒေသတွင်းက အခြားဆေးရုံနဲ့ ရေခဲတိုက်ထဲမှာလည်း ပြည့်နှက်နေတယ်လို့ ဖြည့်စွက်ပြောပါတယ်။ အခြားဆရာဝန်တစ်ဦးကလည်း ဒါဇင်နဲ့ချီ လူတွေသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

လူမှုကွန်ရက်တွေမှာတော့ ပွဲကြည့်ပရိသတ်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေတဲ့ ရုပ်သံဗီဒီယိုတွေနဲ့ မြေပြင်ပေါ်မှာ လူတွေ လဲကျသေဆုံးနေတဲ့ မြင်ကွင်းတွေပါ ပျံ့နှံ့နေပါတယ်။

 

ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ အန်ဇီရီကိုရီမြို့က ရဲစခန်းကိုလည်း ဖျက်ဆီးပြီး မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

 

“ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် တစ်ခုကနေ စပြီးဖြစ်တာပါ။ ပြီးတော့ ပရိသတ်တွေက ကွင်းထဲကို ဝင်လာခဲ့ကြတာ”လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

 

“ဒီကနေ့ ညနေပိုင်းမှာ အန်ဇီရီကိုရီမြို့မှာ ကျင်းပတဲ့ Labé နဲ့  Nzérékoré အသင်းတွေရဲ့ ဘောလုံးပွဲကို ပျက်သွားစေတဲ့ ဖြစ်ရပ်တွေကို အစိုးရက ရှုတ်ချပါတယ်” လို့ ဝန်ကြီးချုပ် ဘာဟ်အူရီက ယမန်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အဲဒီ ဘောလုံးပွဲဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ်ခန့်အပ်ထားတဲ့ ဂီနီစစ်ခေါင်းဆောင် မာမာဒီဒွန်ဘွိုင်ယာရဲ့ ဂုဏ်ပြုဖလားပွဲ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒွန်ဘွိုင်ယာဟာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့ဖို့အတွက် ရည်ရွယ်ပြီး အခုလိုမျိုး ဘောလုံးပြိုင်ပွဲတွေကို မကြာခဏဆိုသလို ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။

 

သူဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ သမ္မတအယ်လ်ဖာကွန်ဒေးကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတကွန်ဒေးဟာ အခုလိုမျိုး အာဏာသိမ်းမှုတွေကို ကာကွယ်ဖို့အတွက် ဒွန်ဘွိုင်ယာကို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဗိုလ်မှူးချုပ်အဖြစ်ခန့်အပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

 

အာဏာသိမ်းပြီးနောက် နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် သူဟာ ၂၀၂၄ ခုနှစ်ကုန်မှာ အရပ်သားအစိုးရကို အာဏာပြန်လည်လွှဲပြောင်းပေးမယ်လို့ ကတိပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီလို လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

 

ဒွန်ဘွိုင်ယာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဒုတိယဗိုလ်မှူးချုပ်အဖြစ် ထူးထူးခြားခြား ရာထူးတိုးပေးခဲ့ပြီး ပြီးခဲ့တဲ့ လမှာလည်း စစ်ဗိုလ်ချုပ်ကြီးအဖြစ် ထပ်ပြီး ရာထူးတိုးမြှင့်ခဲ့ပါတယ်။

 

ဒါ့အပြင် ဒွန်ဘွိုင်ယာဟာ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ တရားရုံးကို ပို့ဆောင်တာ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးအောင်လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်သူတွေအပေါ် နှိမ်နင်းမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

 

သယံဇာတပေါကြွယ်ဝပေမဲ့ ဆင်းရဲတွင်းနက်နေတဲ့ အာဖရိကတိုက် အနောက်နဲ့ အလယ်ပိုင်းတို့မှာ ၂၀၂၀ ခုနှစ်ကစလို့‌ အောင်မြင်တဲ့ အာဏာသိမ်းမှုပေါင်း အနည်းဆုံး ရှစ်ကြိမ်နဲ့အထက် ဖြစ်ပွားခဲ့ပြီး အဲဒီအာဏာသိမ်းမှုတွေထဲမှာ ဒွန်ဘွိုင်ယာရဲ့ အာဏာသိမ်းမှုလည်း အပါအဝင်ဖြစ်ပါတယ်။

 

ဓာတ်ပုံ-  News.Az

ပုံစာ- ပရိသတ်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု မြင်ကွင်း။

ကိုးကား – News.Az, CNN