ထိုင်းငါးဖမ်းလှေတွေကို မြန်မာစစ်တပ်က ပစ်ခတ်မှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်၊ ဖမ်းဆီးခံ ထိုင်းနိုင်ငံသား လေးဦး ပြန်လည်လွှတ်ပေးဖို့ တောင်းဆို
ထိုင်းငါးဖမ်းလှေတွေ မြန်မာ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တယ်ဆိုပြီး မြန်မာရေတပ်က ပစ်ခတ်ခဲ့တာကြောင့် တံငါသည် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ ဒါဇင်နဲ့ချီ အဖမ်းခံရတဲ့ ဖြစ်စဉ်အပေါ် ထိုင်းနိုင်ငံအနေနဲ့ ကန့်ကွက်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်တန်ရှင်နာဝပ်က ယမန်နေ့ ဒီဇင်ဘာ တစ်ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာ ၃၀ ရက်နေ့က မြန်မာရေတပ်က ငါးဖမ်းလှေတွေကို ပစ်ခတ်ခဲ့စဉ်မှာ ငါးဖမ်းလှေတွေဟာ မြန်မာ့ ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်တယ်ဆိုတဲ့ အခိုင်အမာ ပြောဆိုချက်တွေကိုလည်း သူ (မ) က မေးခွန်းထုတ်ခဲ့ပါသေးတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကတော့ ထိုင်းငါးဖမ်းစက်လှေ ၁၅ စင်းအနက် နှစ်စင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အနီးက မြန်မာ့ရေပိုင်နက်အတွင်း ရေမိုင် လေးမိုင်ကနေ ၅ ဒသမ ၇ မိုင် (၇ ဒသမ ၄ ကီလိုမီတာကနေ ၁၀ ဒသမ ၆ ကီလိုမီတာ) လောက်အထိ ဝင်ရောက်သွားမိတဲ့ အချိန်မှာ ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ အစောပိုင်းက ပြောပါတယ်။
ထိုင်းငါးဖမ်းစက်လှေတွေ မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ “အဲဒီကိစ္စက မသေချာ မရေရာသေးပါဘူး”လို့ ထိုင်းဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အကြမ်းဖက်မှုကိုတော့ ကျွန်မတို့ အားပေးထောက်ခံမှာ မဟုတ်ပါဘူး” လို့လည်း သူ (မ) က ဆက်ပြောခဲ့သလို ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထပ်ပြီး ရှာဖွေနေကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ တံငါသည် ၃၁ ဦးထဲက ထိုင်းနိုင်ငံသား လေးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုနေတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ (ကျန် ၂၇ ဦးက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။)
မြန်မာစစ်ကောင်စီကတော့ ရိုက်တာသတင်းဌာနရဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုကို တစ်စုံတစ်စုံ ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝီချာရာချိုင်က အင်သားသုံးဖြေရှင်းမှုအပေါ် ကန့်ကွက်တဲ့စာကို နယ်စပ်ရေးရာ လမ်းကြောင်းကနေတစ်ဆင့် မြန်မာနိုင်ငံဆီကို ပေးပို့ခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရှင်းလင်းတဲ့ အသေးစိတ်အချက်အလက်တွေ အပါအဝင် ဖမ်းဆီးထားတဲ့ ထိုင်းလှေနဲ့ တံငါသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မရစ်စ်ဆမ်ဂျီယမ်ပွန်ဆာကလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း စာတစ်စောင်ကို မြန်မာစစ်ကောင်စီထံ ပေးပို့ခဲ့ပြီးဖြစ်သလို ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်နဲ့ ထိုင်းနိုင်ငံသား လေးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိစ္စတွေအတွက် ဆွေးနွေးဖို့ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ မြန်မာသံအမတ်ကို ခေါ်ယူတွေ့ဆုံမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး အခုထိ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြန်မာ – ဘင်္ဂလာဒေ့ရှ်နယ်စပ် ကော့ဘဇားက စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေကို မြန်မာရေတပ်က ပစ်ခတ်မှုကြောင့် တံငါသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန Dhaka Tribune က ဖော်ပြခဲ့မှုကိုတော့ အဲဒီနေ့မှာ ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက် မြန်မာရေတပ်က သင်္ဘောတစ်စင်းမှ ရှိမနေဘူးလို့ စစ်ကောင်စီဘက်က နိုင်ငံပိုင်သတင်းစာကနေ တစ်ဆင့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ငြင်းချက်ထုတ် ဖြေရှင်းခဲ့ပါသေးတယ်။
ဓာတ်ပုံ- Thai Maritime Enforcement Command Center Region 3
ပုံစာ- မြန်မာရေတပ်ရဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်လာတဲ့ ထိုင်းရေတပ် စစ်သင်္ဘောတွေ ရနောင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်
ကိုးကား – Reuters