ကိုယ်ဝန်ဆောင်သည်နဲ့ မီးဖွားပြီးစ မိခင်တွေ သေဆုံးမှုနှုန်း ဘာလို့ မြင့်ရတာလဲ?
၂၀၂၀ ခုနှစ်ရဲ့ စစ်တမ်းတွေအရ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်းတွေနဲ့ပတ်သက်လို့ ကမ္ဘာ့ဒေသအသီးသီးက အမျိုးသမီး ၈၀၀ ဝန်းကျင်ဟာ နေ့စဉ်သေဆုံးနေရတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေနဲ့ မီးဖွားပြီးစ မိခင်တွေသေဆုံးနှုန်းရဲ့ ၉၅ ရာခိုင်နှုန်းနီးပါးဟာ ဝင်ငွေနိမ့်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကပါ။ သေနှုန်းမြင့်မားတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့အလျောက် မိခင်နဲ့ ကလေးဆိုင်ရာကျန်းမာရေးအသိတွေကစလို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအထောက်အပံ့ ကောင်းကောင်းမွန်မွန် မရရှိတာမျိုးတွေအပြင် အခြားသောအခြေအနေပေါင်းများစွာဟာ ချို့ယွင်းနေရပါတယ်။
ဒီတစ်ပတ်ရဲ့ “သိစေချင်လို့” အစီအစဉ်မှာတော့ ကိုယ်ဝန်ဆောင်သည်တွေအပါအဝင် မိခင်နဲ့ ကလေးဆုံးပါးမှုတွေရဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေဖြစ်လောက်မလဲ၊ ဘယ်လိုအခြေအနေတွေမှာ သေဆုံးမှုများပြားနေရသလဲဆိုတာတွေကို စူးစမ်းကြည့်ကြရအောင်ပါ။
“အဓိကကြုံတွေ့နေရတဲ့ ဒေသများ”
သေဆုံးမှုနှုန်းမြင့်မားတဲ့ နိုင်ငံအများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့အတိုင်း နိုင်ငံနဲ့တစ်ဝန်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး မလုပ်နိုင်ကြပါဘူး။ ဒါ့အပြင် ရေခံမြေခံ၊ လမ်းပန်းဆက်သွယ်ရေးတွေကြောင့်လည်း မသေဆုံးသင့်ဘဲ သေဆုံးသွားရတဲ့ မိခင်တွေနဲ့ မိခင်လောင်းလျာတွေ အများအပြားပါ။ ကျေးလက်မှာ နေထိုင်တဲ့အမျိုးသမီးတွေနဲ့ မြို့ပြမှာနေထိုင်တဲ့ အမျိုးသမီးတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ကျေးလက်နေအမျိုးသမီးတွေဟာ သေဆုံးသူဦးရေ ပိုများနေတာကို ဥပမာကြည့်နိုင်ပါတယ်။
သေဆုံးနှုန်း အမြင့်ဆုံးနိုင်ငံတွေကတော့ အာဖရိကတိုက်နဲ့ အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံအများစုပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ သေဆုံးနှုန်းတွေ လျော့ကျလာတယ်ဆိုပေမဲ့ သေဆုံးနှုန်းမလျော့တဲ့ နိုင်ငံတွေရော၊ သေနှုန်းမြင့်တက်လာတဲ့ နိုင်ငံတွေပါ ရှိနေဆဲပါပဲ။ အထူးသဖြင့် ဒီလိုမျိုးနိုင်ငံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုထက် နိုင်ငံရေး၊ စီးပွားရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့နိုင်ငံတွေလို့ ပြောလို့ရပါတယ်။
“ဆေးဘက်ဆိုင်ရာ အထောက်အပံ့လိုအပ်ချက်”
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးဝါးကုသမှုနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ နည်းပါးတာကြောင့် မိခင်လောင်းလျာတွေနဲ့ မိခင်တွေသေဆုံးနှုန်းမြင့်ရခြင်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် လိုအပ်ရင်လိုအပ်သလို ဆေးဝါးထောက်ပံ့မှု မပေးနိုင်တာတွေလည်း ရှိသလို၊ ဆေးဘက်ဆိုင်ရာ ကုသရေးဝန်ထမ်း ရှားပါးမှုအပါအဝင် နယ်မြေဒေသအလိုက် အခက်အခဲမျိုးစုံကိုကြုံတွေ့နေကြရပါတယ်။
ဒါ့အပြင် ကလေးမွေးဖွားနေစဉ်မှာ သွေးသွန်ခြင်း၊ မွေးလမ်းကြောင်းပိုးဝင်ခြင်း စတာတွေကြောင့်လည်း ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ တိုတိုနဲ့ရှင်းရှင်းပြောပြရရင် အဓိက ကြုံတွေ့နေရတာတွေကတော့
- ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဝန်ထမ်း အလုံအလောက် မရှိတာ၊
- ကလေးမီးဖွားနေစဉ်နဲ့ မီးဖွားပြီးကာလတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေအတွက် ဆေးဝါးအလုံအလောက်မရှိတာနဲ့ အချိန်မီမထောက်ပံ့နိုင်တာတွေ၊
- ဆေးကုသရေးနဲ့သက်ဆိုင်တဲ့ စက်ပစ္စည်းကိရိယာ အလုံအလောက် မရှိတာတွေပါ။
“သားဆက်ခြားတာနဲ့ ကိုယ်ဝန်တားခြင်း”
ကလေးမွေးဖွားပြီးတဲ့အခါ မိခင်တွေဟာ အနည်းဆုံး ၁၈ လအကြာမှ နောက်ထပ်တစ်ကြိမ် ကိုယ်ဝန်ထပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ပထမကိုယ်ဝန်ဆောင်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်ထပ်ရှိလာခဲ့မယ်ဆိုရင် မိခင်ကိုယ်တိုင်ရော ကလေးအတွက်ပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ အလျင်စလို သန္ဓေသားဖျက်ချတာတွေ၊ သန္ဓေသားကိုထိခိုက်စေမဲ့ ကိစ္စရပ်တွေကို မလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ရာကနေ မလိုလားအပ်ဘဲ ပိုပြီးအန္တရာယ်များနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချရုံမှမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ပျက်ကျသွားမယ်ဆိုရင်လည်း အခြေအနေပေါ်မူတည်ပြီး အသက်အန္တရာယ်ရှိနိုင်ပါသေးတယ်။
ကိုယ်ဝန်ပျက်ကျတာနဲ့ ကိုယ်ဝန်ဖျက်ချရာကနေ သေဆုံးသွားတဲ့ အမျိုးသမီးရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်နဲ့ မိခင်တွေသေဆုံးမှုရာခိုင်နှုန်းစုစုပေါင်းဟာ ၁၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေရော မိသားစုတွေကပါ သန္ဓေသားမထိခိုက်စေဖို့နဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်စေဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေပေးဖို့ လိုအပ်ပါမယ်။
တကယ်လို့များ မိခင်နဲ့ သန္ဓေသားမှာ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုရင် ကြားဖူးနားဝ ဆေးမြီးတို၊ လုပ်ထုံးလုပ်နည်းတွေလောက်နဲ့ မဟုတ်ဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းကိုသွားပြီး လိုအပ်တဲ့ကုသမှုတွေကို ခံယူတာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
“လုပ်ငန်းခွင်နဲ့ စီးပွားရေးအခက်အခဲ”
ကိုယ်ဝန်ဆောင်သည်ပဲဖြစ်ဖြစ်၊ မိခင်တွေပဲဖြစ်ဖြစ် ငွေရေးကြေးရေးပြဿနာကြောင့်ရော၊ ဆေးဝါးပြတ်လပ်မှု ပြဿနာကြောင့်ပါ ဆေးရှိပေမဲ့ မဝယ်နိုင်တာမျိုး၊ ငွေရှိပေမဲ့ ဆေး မဝယ်နိုင်တာမျိုးတွေ ဖြစ်တတ်သလို လက်ရှိလည်း ဖြစ်နေပါတယ်။ ရာသီဥတု ပူပြင်းလွန်းတဲ့ နိုင်ငံမျိုးတွေမှာ နွေရာသီရောက်တိုင်း ကလေးငယ်ချို့မှာ အပူနာပေါက်တာမျိုးတွေ၊ အပူကြီးတာမျိုးတွေနဲ့ တစ်ခါတစ်ရံ ရောဂါအခံအပါအဝင် အခြားသောအခြေအနေတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။
ဒီလိုအခြေအနေတွေ ဖြစ်နေတာတောင် ဆေးဖိုးဝါးခပေးပြီး ဆေးခန်းပြ၊ ဆေးရုံတက်နဲ့ ဓာတ်စာကျွေးနိုင်လောက်တဲ့အထိ အင်အားမတောင့်တင်းတဲ့ မိသားစုတွေလည်း အများအပြားပါ။ ဒါ့အပြင် ကျပ်တည်းမှုတွေက တစ်စတစ်စ ဆိုးရွားလာနေတာမို့ ကိုယ်ဝန်ရင့်မာချိန်၊ ကလေးမီးဖွားရက် နီးနေချိန်မျိုးတွေမှာတောင်မှ အအလုပ်မျိုးစုံကို မလွှဲသာ မရှောင်သာဘဲ လုပ်နေသူတွေ ရှိနေပါသေးတယ်။
မီးဖွားပြီးစ မိခင်တစ်ယောက်ဟာ သီတင်းပတ် ခြောက်ပတ်ကနေ ရှစ်ပတ်၊ တစ်နည်းအားဖြင့် တစ်လခွဲ နှစ်လဝန်းကျင်အထိ ပင်ပင်ပန်းပန်း အလုပ်မလုပ်ဘဲ အနားယူဖို့ လိုအပ်ပေမဲ့ တချို့အမျိုးသမီးတွေအတွက်တော့ အခြေနေမပေးတာတွေ ရှိနေဆဲပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာမှ မဟုတ်ဘဲ မီးဖွားပြီးတဲ့ အချိန်မှာလည်း မိခင်တစ်ယောက်အဖို့ အနားယူသင့်တဲ့ ကာလတစ်ခုထက်စောပြီး လုပ်ငန်းခွင် ပြန်ဝင်ကြတတ်ပါတယ်။
အဲဒီလို အလုပ်ပြန်လုပ်တဲ့ မိခင်တွေဟာ သက်သောင့်သက်သာရှိတဲ့ အလုပ်မျိုးမဟုတ်ဘဲ ကလေးမွေးပြီးစ မိခင်တစ်ယောက်အတွက် ပင်ပန်းအားကြီးတဲ့ အလုပ်တွေပါ။ အထည်ချုပ်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်တဲ့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးတော်တော်များများဟာ ရက်ရှည်ခွင့်ယူလို့ မရတာကြောင့်ရော၊ စားဝတ်နေရေး အခြေအနေတွေကြောင့်ပါ ပြည့်ပြည့်ဝဝ အနားယူမနေနိုင်တော့ဘဲ အနည်းငယ်ပြန်ပြီး နာလန်ထပြီဆိုတာနဲ့ စက်ရုံတန်းဆင်းတတ်ပါတယ်။
ဒါတွေဟာ မလွှဲသာ မရှောင်သာဘဲ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ကျန်းမာရေးထက် စားဝတ်နေရေးကို ဦးစားပေးနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ အလားတူပြဿနာတွေကို ကြုံတွေ့နေရပါတယ်။
ကိုယ်ဝန်ဆောင်သည်တွေနဲ့ မိခင်တွေ သေဆုံးနေတာတွေကို လျှော့ချနိုင်ဖို့အတွက်ဆိုရင် ကိုယ်ဝန်ဆောင်နဲ့ မိခင်တွေကိုယ်တိုင် အပါအဝင် မိသားစုဝင်တွေကပါ ဝိုင်းဝန်းပြီး ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေကပါ တတ်နိုင်သလောက် ကူညီအားဖြည့်လာတာကို တွေ့ရပါတယ်။ ဘယ်လောက်ပဲ ကူညီထောက်ပံ့မှုတွေ လုပ်ပေးလုပ်ပေး အခြေအနေအမျိုးမျိုးကြောင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ မိခင်တွေရဲ့သေဆုံးမှုဟာ အတိုင်းတာတစ်ခုမှာ ရှိနေဆဲပါပဲ။
References: Maternal mortality rate by country 2024. (n.d.). https://worldpopulationreview.com/country-rankings/maternal-mortality-rate-by-country
– Maternal mortality. (n.d.). https://www.who.int/news-room/fact-sheets/detail/maternal-mortality
– Haddad LB, Nour NM. Unsafe abortion: unnecessary maternal mortality. Rev Obstet Gynecol. 2009 Spring;2(2):122-6. PMID: 19609407; PMCID: PMC2709326.
– Wheeler, S., Ateva, E., Churchill, R., Pleuss, E., McCallon, B., Storey, A., Akram, M. I., Carpio, M. T., Pillay, Y., & Fasawe, O. (2022). Short communication: The global health community needs to start planning for the impact of the climate crisis on maternal and newborn health. The Journal of Climate Change and Health, 6, 100131. https://doi.org/10.1016/j.joclim.2022.100131
– Lopez-Gonzalez, D. M., & Kopparapu, A. K. (2022, December 11). Postpartum care of the new mother. StatPearls – NCBI Bookshelf. https://www.ncbi.nlm.nih.gov/books/NBK565875/
– Diana, S., Wahyuni, C. U., & Prasetyo, B. (2020). Maternal complications and risk factors for mortality. Deleted Journal, 9(2), jphr.2020.1842. https://doi.org/10.4081/jphr.2020.1842
ဓာတ်ပုံ – New Security Beat