ရန်ကုန်က ပြည်သူ့ဆေးရုံအများစုမှာ ခွေးရူးပြန်ကာကွယ်ဆေး အခကြေး‌ငွေပေး ထိုးနှံနေရ ပြင်ပမှာ ဆေးတစ်လုံး ရှစ်သောင်းအထိ ဈေးပေါက်

Published on Nov 25, 2024

ရန်ကုန်က မြို့နယ်ပြည်သူ့ဆေးရုံအများစုမှာ အခုလပိုင်းတွေအတွင်း ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်နေတယ်ဆိုပြီး အခကြေးငွေပေး ထိုးနေရတယ်လို့ ကြုံတွေ့နေရတဲ့ မြို့ခံတွေက CJ Platform ကို ပြောပါတယ်။

 

လတ်တလော ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွေမှာပဲ အခမဲ့ထိုးပေးနေပြီး ကျန်မြို့နယ်ဆေးရုံတွေမှာ ဆေးမရှိလို့ ပြင်ပဆေးခန်းတွေမှာ သွားရောက်ထိုးနှံရတာတွေရှိနေတယ်လို့ မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

“တစ်နေ့တုန်းက ကျွန်မတို့အိမ်နားက ကလေးမလေး ခွေးကိုက်ခံရလို့ ဆေးရုံမှာသွားထိုးတာ မရှိလို့ ဆေးခန်းတွေ ပတ်ရှာထိုးခဲ့ရတယ်။ အရင် ကျွန်မခွေးကိုက်ခံရတုန်းက သွားထိုးတာ အခမဲ့ထိုးခဲ့ရတယ်” လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီနှစ်ထဲ ခွေးရူးပြန်ကာကွယ်‌ဆေးထိုးခဲ့ရသူ လှိုင်သာယာမြို့ခံ အမျိုးသမီးတစ်ဦးကလည်း မြို့နယ်ဆေးရုံမှာ အရင်ကအခမဲ့ထိုးခဲ့ရပေမဲ့ အခုတော့ ဆေးရုံမှာဆေးမရှိတာကြောင့် ပြင်ပကနေဝယ်ယူထိုးနှံနေရတယ်လို့ ပြောပါတယ်။

 

လှိုင်သာယာနဲ့ ရွှေပြည်သာဆေးရုံတွေမှာ ခွေးရူးပြန်ကာကွယ်ဆေးတစ်လုံးကို သုံးသောင်း၊ အင်းစိန်ဆေးရုံမှာ ဆေးတစ်လုံး လေးသောင်း ပေးထိုးရတယ်လို့ လတ်တလောသိထားရပါတယ်။

 

ဒါပေမဲ့ ပြင်ပဆေးခန်းတွေမှာတော့ ခွေးရူးပြန်ကာကွယ်ဆေးတစ်လုံးကို ကျပ်ငါးသောင်းကနေ ရှစ်သောင်းလောက်အထိပေးရပြီး ရက်အလိုက် အနည်းဆုံးလေးကြိမ်ကနေ ငါးကြိမ်လောက်ထိုးရတယ်လို့ အဲဒီမြို့ခံတွေဆီကနေ သိရပါတယ်။

 

“ဆေးတွေကဆေးရုံကြီးမှာပဲရတော့တယ်။ ဈေးကအပြင်မှာဝယ်ရရင် တစ်လုံးကိုဈေးကအရမ်းကြီးတော့ ဆေးခန်းတွေမှာမထိုးနိုင်ကြတော့ဘူး။ တစ်နေ့တစ်နေ့ကို ဒီမှာတန်းစီပြီးလာထိုးကြသူတွေမနည်းဘူး” လို့ ရန်ကုန်ဆေးရုံကြီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဒီလို ခွေးရူးပြန်ကာကွယ်ဆေးဈေးနှုန်းတွေမြင့်တက်နေတာကြောင့် ရန်ကုန်က ခွေးမွေးထားသူတချို့လည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

 

“ဒီလိုဈေးတွေတက်လာတော့ ကျွန်မတို့လည်း ရတတ်မအေးဘူး။ ဆေးတစ်လုံးရှစ်သောင်းလောက်ရှိတယ်ဆိုတော့ ကိုက်မိတာနဲ့ လျော်ရမှာလေ” လို့ ရွှေပြည်သာမြို့နယ်နေ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ယောက်က CJ Platform ကို ပြောပါတယ်။

 

ဒီနှစ် ၂၀၂၄၊ စက်တင်ဘာလ ၂၉ ရက်မှာကျရောက်ခဲ့တဲ့ ကမ္ဘာ့ခွေးရူးပြန်ရောဂါကာကွယ်ရေးနေ့မှာ မြို့နယ်အသီးသီးက ကျန်းမာရေးဌာနတွေမှာ အခမဲ့ဆေးထိုးပေးတာတွေ စစ်ကောင်စီက လုပ်ခဲ့ပါတယ်။

 

စစ်အာဏာမသိမ်းခင်နှစ်တွေမှာ ရန်ကုန်မြို့က ဆေးရုံတိုင်းမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံလို့ရပေမဲ့ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဆေးဝါးပြတ်လပ်မှုတွေဖြစ်ခဲ့တာကြောင့် ဆေးရုံကြီးတွေမှာသာ အခမဲ့ထိုးနှံပေးတော့ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ခွေးရူးရောဂါ ၉၉ ရာခိုင်နှုန်းဟာ ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး ခွေးကိုက်ခံရပြီး လက္ခဏာမပေါ်မီ အချိန်မီ ကာကွယ်ဆေးကို စနစ်တကျ အကြိမ်ပြည့်ထိုးနှံခြင်းကသာ ရာနှုန်းပြည့်ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရတာနဲ့တစ်ပြိုင်နက် အချိန်မီလာရောက်ကုသမှုခံယူမှသာ ခွေးရူးပြန်ရောဂါကြောင့် အသက်သေဆုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ လုံးဝမရှိစေရေး ရည်မှန်းချက်ထား လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – MOI

 

ပုံစာ – ဒီနှစ် ၂၀၂၄၊ စက်တင်ဘာ ၂၉ ရက်နေ့က အင်းစိန်မြို့နယ်မှာ ‌စစ်ကောင်စီက‌ ခွေးရူးပြန်ကာကွယ်ဆေးများ ထိုးနှံပေးနေစဉ်