လူသေရုပ်အလောင်း ၄၀ ကျော် အသုံးပြု တရားကျင့်ဖို့လုပ်နေတဲ့ ထိုင်းက ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး
ထိုင်းနိုင်ငံ၊ ဖိချစ်ခရိုင်တွင်းက ပနခွန်ချိုင်ဘိုဗွန်လို့အမည်ရတဲ့ ဘုန်းကြီးကျောင်းဟာ တရားကျင့်ကြံဖို့အတွက် လူသေရုပ်အလောင်း ၄၁ လောင်း အသုံးပြုနေတာ သိရှိခဲ့ရတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့ဟာ ရုပ်အလောင်းတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေနဲ့ အခုလိုသိမ်းဆည်းထားရှိမှုနဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေကို ပြန်လည်စစ်ဆေးဖို့လုပ်ဆောင်နေတယ်လို့လည်း ဖိချစ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တာဒက်ဂျ်ကလွန်ကလီယန်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။
ဘုန်းကြီးကျောင်းဘက်က ဒီရုပ်အလောင်းတွေဟာ သူတို့ကို ကိုးကွယ်ဆည်းကပ်ယုံကြည်သူတွေက လာရောက်လှူဒါန်းထားကြတယ်လို့ဆိုပေမဲ့ ဒီအရုပ်အလောင်းတွေဟာ သဘာဝအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ရုပ်အလောင်းတွေကို သေဆုံးကြောင်းနဲ့ ခန္ဓာကိုယ်လှူဒါန်းကြောင်း ထောက်ခံစာတွေနဲ့အတူ တွေ့ရှိရပြီး အခုတော့ အမှုဖွင့်အရေးယူထားတာမရှိသေးဘူး” လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကလည်း AFP သတင်းဌာနကို ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဆီကို ဆက်သွယ်နေပြီး သေဆုံးသူတွေကိုယ်တိုင် သူတို့ရုပ်အလောင်းတွေကို စိတ်လိုလက်ရလှူဒါန်းခဲ့တာမျိုး ဟုတ်မဟုတ်၊ ရုပ်အလောင်းတွေဟာ ခိုးယူခံထားရခြင်းဟုတ်မဟုတ်ဆိုတာတွေကိုလည်း အတည်ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့တုန်းကလည်း ဖိချစ်ခရိုင်နဲ့ ကပ်လျက်တည်ရှိတဲ့ ကမ်ဖမ်ဖက်ခရိုင်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာလည်း ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိခဲ့ရသေးတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖိချစ်ခရိုင်က ဘုန်းတော်ကြီးကျောင်းတွေရဲ့ အကြီးအကဲ နည်းပြဘုန်းတော်ကြီး ဆိုင်ဖွန်ဘန်ဒီတိုကတော့ ရုပ်အလောင်းတွေကို အသုံးပြုခြင်းဟာ သူတီထွင်ထားတဲ့ တရားကျင့်ကြံနည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Thai PBS သတင်းဌာနကို မိန့်ကြားပါတယ်။
“(သူတီထွင်ထားတဲ့ တရားကျင့်ကြံနည်းကို)လာရောက်လေ့လာသင်ယူသူတွေဟာ ကျောင်းထိုင်ဆရာတော်တွေနဲ့ သံဃာတော်တွေ ဖြစ်ကြတယ်။ ဒီနည်းစနစ်တွေကို ဘယ်နှစ်ပါးလောက်က လိုက်နာကျင့်ကြံနေလဲတော့ မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။
တရားကျင့်ကြံသူတွေဟာ လူ့ခန္ဓာကိုယ်တွေထည့်ထားတဲ့ ခေါင်းတလားတွေရှိတဲ့ မဏ္ဍပ်လိုနေရာတွေမှာ တရားထိုင်ကြတာဖြစ်တယ်လို့ ဆရာတော်က ထိုင်းရုပ်သံသတင်းဌာနတစ်ခုကို ဖြေပါတယ်။
အခုလိုရုပ်အလောင်းတွေကို အသုံးပြုပြီး တရားကျင့်ကြံတဲ့ နည်းစနစ်တွေဟာ ဘယ်အတိုင်းအတာအထိ ပျံ့နှံ့နေပြီလဲဆိုတာသိရဖို့ တခြားခရိုင်က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖိချစ်ခရိုင် ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဓာတ်ပုံ – Bangkok Post
ပုံစာ- နိုဝင်ဘာ ၂၃ ရက်နေ့က ဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေကို တွေ့ရပုံနဲ့ ဘုန်းတော်ကြီးကျောင်းအတွင်း တွေ့ရှိရတဲ့ ဆင်းတုတော်နဲ့ အဆောင်များ
ကိုးကား- Bangkok Post, AFP