“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (နိုဝင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ)
ဒီတစ်ပတ် (နိုဝင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ) အတွင်း နိုင်ငံတဝန်း တော်လှန်ရေးတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်သလို စစ်ခေါင်းဆောင်ကလည်း ပွဲတွေတက်ပြီး တောင်စဉ်ရေမရစကားတွေ ပြောနေဆဲဖြစ်ပါတယ်။ အဲဒီထဲ ဒီတစ်ပတ်ထဲကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ တရုတ်ခရီးစဉ်အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ နောက်ပြီး တရုတ်က ‘ဝ’ နဲ့ ကိုးကန့်ခေါင်းဆောင်တွေကို ဖမ်းဆီးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ နောက်တစ်နေ့ ညပိုင်းမှာပဲ ကချင်အထူးဒေသ ၁ က နောက်ဆုံးကျန်တဲ့ ကန်ပိုက်တီမြို့အသိမ်းခံလိုက်ရပါတယ်။ ဒီအချိန်မှာပဲ စစ်ကောင်စီအသုံးစရိတ် အခုဘဏ္ဍာနှစ်အတွက် ကျပ်ဘီလျံ ၄၁,၀၀၀ အထိ စံချိန်တင်သုံးမယ့်သတင်းထွက်လာပါတယ်။ ဒီလိုသတင်းတွေနဲ့အတူ တစ်ပတ်အတွင်း အထူးခြားဆုံးဖြစ်ခဲ့တဲ့သတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။
****************************************
“တရုတ်-စစ်ကောင်စီတို့ရဲ့ ကိုကြီး-ညီလေး ဆက်ဆံရေး”
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းလေးနှစ်အတွင်း ဒီနှစ် နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ ငါးရက်ကြာ ပထမဆုံး တရုတ်ခရီးစဉ်အပြီး နိုဝင်ဘာ ၁၉ ရက်နေ့က ပထမဆုံးစစ်ကောင်စီအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် အဖွဲ့ဝင် ၁၇ ယောက်စလုံးတက်ယောက်ခဲ့တာတွေ့ရပါတယ်။
အဲဒီမှာ တစ်နိုင်ငံလုံး မြို့ ၉၀ နီးပါးနဲ့အတူ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့အတူ တရုတ်နယ်စပ်တလျှောက်နဲ့ ကချင်ပြည်က တရုတ်နယ်စပ်တလျှောက်၊ သံတွဲက ရေတပ်တွေပါလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဘက်ကနေ တရုတ်က ပြတ်ပြတ်သားသားရပ်တည်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေကို တပ်တွင်းယုံကြည်မှုလျော့ကျနေချိန်မှာပဲ တရုတ်က စစ်ရှုံးစစ်ကောင်စီတပ်ဘက်က အခိုင်အမာရပ်တည်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
တရုတ်နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေသလို တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုကိုပဲ တရုတ်နိုင်ငံဘက်က အားပေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်တုန်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ်အပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘာဒီးယားတို့ရဲ့ ဝန်ကြီးချုပ်တွေနဲ့တွေ့ဆုံပြီး ၂၀၂၀ ရွေးကောက်ပွဲမှာမဲမသမာမှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲသစ်ကျင်းပမယ့်အကြောင်း ထပ်မံပြောဆိုသွားပါတယ်။
ဒါနဲ့ပတ်သက်ပြီး EAO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ သဘောတူဆွေးနွေးချက်တွေ ရရှိထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်ခွဲပြီး ပြုလုပ်ရနိုင်ပြီး တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ကြွေးကြော်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း သန်းခေါင်းစာရင်းကောက်ယူနိုင်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် ကောက်ယူနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောသွားပါသေးတယ်။
စစ်ခေါင်းဆောင်မိန့်ခွန်းတစ်ခုလုံးမှာ တရုတ်က သူတို့နောက်က ရှိနေကြောင်း အများအပြားပြောခဲ့ပြီး တရုတ်-စစ်ကောင်စီကြား ဆက်ဆံရေးကောင်းရှိနေတယ်ဆိုတဲ့အကြောင်းတွေပြောကြားခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့် တရုတ်-စစ်ကောင်စီ (သို့မဟုတ်) ရှီကျင့်ဖျင်-မင်းအောင်လှိုင်တို့ရဲ့ ကိုကြီး/ညီလေးဆက်ဆံရေးကြောင့် မြန်မာလူထု ဘယ်လောက်ထိ အကျပ်ရိုက်စေမလဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
****************************************
“တရုတ် အာဏာစက်ပြခံရတဲ့ ‘ဝ’ နဲ့ ကိုးကန့်”
ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ တရုတ်နဲ့ မကင်းကွာတဲ့ဆက်ဆံရေးတည်ရှိနေတာ၊ တရုတ်ဩဇာခံနီးနီးဖြစ်နေတာ အများအသိဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ဘက်က မြန်မာပြည်တွင်းက သူတို့ရဲ့ အကျိုးစီးပွားတွေ ထိခိုက်လာချိန်မှာတော့ နယ်စပ်ဂိတ်တွေပိတ်တာ၊ ဖြတ်ငါးဖြတ်လုပ်တာ စသဖြင့် အာဏာစက်အမျိုးမျိုးပြ ခြိမ်းခြောက်မှုတွေ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပေါ်ပေါ်ထင်ထင်လုပ်လာခဲ့ပြီဖြစ်ပါတယ်။
အခုတော့ တစ်ဆင့်ထပ်တိုးလို့ အဓိက ERO ခေါင်းဆောင်တွေဖြစ်တဲ့ အကြီးဆုံး ERO တပ် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)ရဲ့ ဒုစစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းနဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေ ဒီတစ်ပတ်ထဲ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။
ပေါက်ကျွင်းဖုန်းကို ပြီးခဲ့တဲ့အောက်တိုဘာ ပထမပတ်နဲ့ ဖုန်တာရွှင်ကိုတော့ အောက်တိုဘာ နှောင်းပိုင်းထဲမှာ တရုတ်ဘက်က ဖမ်းဆီးထားခဲ့တာလို့ UWSA ၊ MNDAA တို့နဲ့ နီးစပ်သူတွေက လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပြောကြားခဲ့ကြပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်လို့ နှစ်ဖွဲ့လုံးက နှုတ်ဆိတ်နေခဲ့ပေမဲ့ တရုတ်ဘက်ကတော့ မဟုတ်မှန်ကြောင်း အဲဒီသတင်းတွေထွက်ပေါ်လာတဲ့ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့မှာပဲ ထွက်ရှင်းလာပါတယ်။
ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ပြန်လည်ကျန်းမာလာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လင်ကျင်းက အထက်ပါအတိုင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
****************************************
“KIA ရဲ့ မြို့သိမ်းအမှတ်စဉ်ထဲဝင်သွားတဲ့ ကန်ပိုက်တီ”
တရုတ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ တောက်လျှောက်လုပ်ဆောင်ခံနေရတာကို ကချင်လွတ်လပ်ရေးတပ်(KIA)ဟာ မမှုဘဲ နောက်ထပ် စခန်းသိမ်း/မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်နေပါတယ်။
ဒီတစ်ပတ် နိုဝင်ဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့ ညပိုင်းမှာတော့ တရုတ်နဲ့ စစ်ကောင်စီတို့အတွက် စစ်ရေးအပြင် စီးပွားရေးအရပါ အရေးပါတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ရှိရာ ကန်ပိုက်တီ(ကန်ပိုက်တည်)မြို့ကို KIA/PDF တွေက သိမ်းပိုက်ထိမ်းချုပ်လိုက်နိုင်ပါတယ်။
ကန်ပိုက်တီနဲ့တဝိုက်ကို လနဲ့ချီကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပေမဲ့ မြို့တွင်းကိုတော့ တစ်ရက်တည်းအပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကချင်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေအားလုံးကို KIA/PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကို KIA နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးက သတင်းထုတ်ပြန်တာမျိုးတွေမလုပ်ခဲ့ပါဘူး။ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်း ရရှိခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေအရ သိရပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ(၁)ထဲက ချီဖွေ၊ ဆော့်လော်၊ ပန်ဝါဒေသတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်းပိုင်းကစပြီး တိုက်ခိုက်သိမ်းပိုက်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးအနေနဲ့ ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
****************************************
“စံချိန်တင် ငွေသုံးမယ့် စစ်ကောင်စီ”
တစ်နှစ်ထက် တစ်နှစ် ကိုယ့်ပြည်သူ ကိုယ်သတ်ရင်း စစ်သုံးစရိတ်တွေမြင့်တက်လာပြီးနောက် အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ဘီလျံ ၄၁၀၀၀ ကျော်အထိ စံချိန်တင်သုံးဖို့ စစ်ကောင်စီက လျာထားပြန်ပါတယ်။
ဒါဟာ အရင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က ဘီလျံ သုံးသောင်းကျော်နဲ့ သမိုင်းတလျှောက်စံချိန်တင်မှုကို ဘီလျံတစ်သောင်းကျော်ထပ်တိုးပြီး ထပ်မံစံချိန်ချိုးလိုက်တာဖြစ်ပါတယ်။
ဘဏ္ဍာရေးနှစ်စတင်တဲ့ ဧပြီလတိုင်း ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးစာရင်း(ဘတ်ဂျက်)ကို ထုတ်ပြန်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ စစ်ကောင်စီက မထုတ်ပြန်ခဲ့ဘဲ နိုဝင်ဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားခဲ့တာပါ။
ဒီလိုအသုံးစရိတ်စံချိန်တင်မြင့်တက်လာတာကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကလည်း မလိုအပ်တဲ့အသုံးစရိတ်တွေ မသုံးစွဲမိစေရေး စိစစ်ရန်လိုတယ်လို့ ဒုချုပ် စိုးဝင်းက ပြောသွားပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကနဦးရငွေဟာ ကျပ်ဘီလျံ ၃၁,၀၀၀ ကျော်မှာ သုံးငွေက ကျပ်ဘီလျံ ၃၉,၀၀၀ ကျော်လို့ဆိုပေမဲ့ ပြုပြင်ပြီး ခန့်မှန်းခြေမှာတော့ ရငွေက ကျပ်ဘီလျံ ၃၅,၀၀၀ ကျော်မှာ သုံးငွေက ကျပ်ဘီလျံ ၄၁,၀၀၀ ကျော်ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
ဒါဟာ တွက်ချက်ပြီး GDP မှာ ကျပ်ဘီလျံ ၁၅၅,၅၄၃ ဒသမ ၅၃၄ ဖြစ်တဲ့အတွက် မူလခန့်မှန်းခြေ လိုငွေရဲ့ GDP အချိုးအရ ၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေရဲ့ GDP နဲ့ လိုငွေအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်တာကို တွေ့ရတယ်လို့ ဒုစစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသွားပါတယ်။
ဒီအစည်းအဝေးမှာလည်း ငွေစာရင်းအသေးစိတ်အချက်အလက်တွေကို ဒုစစ်ခေါင်းဆောင်က ထုတ်မပြောသွားပေမဲ့ နှစ်စဉ်အများဆုံးသုံးစွဲတဲ့ ကာကွယ်ရေးအသုံးစရိတ်ကပဲ အများဆုံးဖြစ်လိမ့်မယ်လို့ ခန့်မှန်းပြောကြားနေကြပါတယ်။
အခုဖြည့်စွက်ခွင့်ပြုငွေတွေကိုတောင်းခံတဲ့အခါမှာလည်း ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို အဓိကထားတင်ပြခဲ့တာတွေ့ရပါတယ်။
****************************************
“တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦးအထိ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလေတပ်”
စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းလေးနှစ်အတွင်း ပထမဆုံး နိုဝင်ဘာ တရုတ်ခရီးစဉ်အပြီး ရှမ်းတောင်၊ မြောက်၊ ကရင်နီ(ကယား)နဲ့ အညာဒေသတွေအပါအဝင် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဒီတစ်ပတ်ထဲ တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၇၊ ၁၈၊ ၁၉ နဲ့ ၂၀ ရက် လေးရက်ဆက် ရှမ်းမြောက်က ကွတ်ခိုင်၊ မိုင်းငေါ့၊ နောင်ချိုနဲ့ ရှမ်း-ကရင်နီအစပ်က ဖယ်ခုံ၊ စစ်ကိုင်းတိုင်းက ကန့်ဘလူနဲ့ ကျွမ်းလှမြို့နယ်တွေထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် ဒေသခံပြည်သူ ၁၃ ဦးအထိသေဆုံးခဲ့ပြီး ၃၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီတစ်ပတ်ထဲ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြိမ်အများဆုံးဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်ကတော့ တစ်ရက်တည်းလူထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း ကလေးနဲ့ အမျိုးသမီး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ရှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ နောင်ချိုမြို့မှာ နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၇ ဦးသေဆုံးပြီး ၂၆ ဉီးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ PSLF/TNLA က အသိပေးထားပါတယ်။
****************************************
“စစ်ကောင်စီဩဇာခံမီဒီယာကောင်စီသစ်”
စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ဩဇာခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဖွဲ့စည်းတယ်ဆိုပြီး နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ အာဏာသိမ်းစစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။
မီဒီယာကောင်စီဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ နိုဝင်ဘာ ၂၂ ရက် သောကြာနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
“သတင်းမီဒီယာကောင်စီရဲ့ လုပ်ငန်းသဘာ၀က နိုင်ငံအနှံ့အပြားက သတင်းမီဒီယာသမားတွေအတွက် ရပ်တည်ပေးရမယ်။ လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်လုပ်ခွင့်ကို အားပေးရမယ်။ သတင်းသမားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်။ ဒါတွေကို စစ်ကောင်စီရဲ့ မီဒီယာကောင်စီက ဘာတစ်ခုမှ လုပ်ပေးခဲ့တာ မရှိတဲ့အပြင် သတင်းသမားတွေကိုပါ ဖမ်းဆီးထောင်ချ သတ်ဖြတ်ခံနေရတာကို လျစ်လျူရှုနေတဲ့အဖွဲ့လို့ ပြောချင်ပါတယ်” လို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက CJ Platform ကို ပြောထားပါတယ်။
အခုမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာသမားတွေကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ဖို့အတွက်သာဖြစ်တယ်လို့ IPCM က ဆိုပါတယ်။
နောက်ပြီး စစ်ကောင်စီဖွဲ့ပေးလိုက်တဲ့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦးနဲ့ အတွင်းရေးမှူး ဦးအေးချမ်းတို့ကို IPCM က ထောက်ပြထားတာတွေ့ရပါတယ်။
ဥက္ကဋ္ဌက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းဖြစ်သလို အတွင်းရေးမှူးလုပ်သူကလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်းရဲ့ သားဖြစ်နေတဲ့အတွက် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေလုံခြုံရေးအတွက် ဘယ်လိုမှ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
မြန်မာမှာ အာဏာသိမ်းအပြီး လေးနှစ်အတွင်း သတင်းသမားစုစုပေါင်း ရှစ်ဦးအထိ သတ်ဖြတ်ခံထားရပြီး အယောက် ၅၀ အကျဉ်းချခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Committee to Protect Journalists(CPJ)က 2024 Global Impunity Index မှာ အဆင့် ၁၀ သတ်မှတ်ခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီဖွဲ့စည်းပေးလိုက်တဲ့သတင်းမီဒီယာကောင်စီနဲ့ အသိအမှတ်မပြုဘဲ IPCM နဲ့သာ ဆက်သွယ်လုပ်ကိုင်ကြဖို့ သတင်းသမားတွေကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
****************************************
“စစ်ကောင်စီပြောတဲ့ ကျပ် ၂၇ ဘီလျံကျော်တန်ဖိုးရှိ ကွင်းဆက် မူးယစ်မှု”
စစ်ကောင်စီတပ်သားတွေ မူးယစ်ဆေးသုံးပြီး တိုက်ခိုက်တယ်။ စစ်ကောင်စီ ထိပ်တန်းအရာရှိတွေ မူးယစ်ဆေးဖြန့်ဖြူးရောင်းချမှုမှာ ပါဝင်နေတယ်လို့ တိုးတိုးတဖန်၊ ကျယ်ကျယ်တစ်မျိုး သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
အခုတော့ ရှမ်းပြည်(တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေက မူးယစ်ရောင်း/ဝယ်သူတွေကို ကွင်းဆက်အရ ဖမ်းမိခဲ့တယ်လို့ နိုဝင်ဘာ ၂၂ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ ကလေးဝကနေ ကလေးဘက်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးပါ ကုန်တင်ယာဉ်ပေါ်ကနေ ဘိန်းဖြူတွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ပထမဆုံးဖမ်းမိခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီနောက် သူတို့ကို စစ်ဆေးမေးမြန်းရာကနေ မန္တလေးတိုင်း၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦးတို့ကို ထပ်မံဖမ်းမိခဲ့သလို ကလေးမြို့က အမျိုးသား သုံးဦးတို့ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့ဟာ ရှမ်းပြည်တောင်ပိုင်းကနေ မန္တလေးမြို့ကို သယ်ဆောင်ပြီး ကလေးမြို့မှာ သိုလှောင်ပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်ကနေ အိန္ဒိယနိုင်ငံထဲ ရောင်း/ဝယ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
အဲဒီလိုပဲ ထိန်းချုပ်ဓာတုပစ္စည်းတွေကို အိန္ဒိယဘက်က တရားမဝင်တင်သွင်းခဲ့ကြတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် ၂၁ ဦးကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး ဥပဒေအရအရေးယူထားပြီးဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အခုဖမ်းဆီးရမိမှုမှာ ဘိန်းဖြူ ၁၅၀ ကီလို၊ စိတ်ကြွဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် ၄၁၂ ကီလိုနဲ့ ထိန်းချုပ်ဓာတုကဖင်း သုံးတန်တို့ဖြစ်ပြီး တန်ဖိုး ၂၇ ဒသမ ၅၇ ဘီလျံကျော်ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြောလာမှုအရ သိရပါတယ်။