မင်းကင်းက ရွှေမျောလုပ်ကွက်တွေ PDF က လုပ်ငန်းရှင်တွေကို ဒေသခံတွေသဘောမပါဘဲ လုပ်ကိုင်ခွင့်ချပေး ထုတ်ဖော်ပြောဆိုသူတွေကို ဖမ်းဆီး/သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခံရ

Published on Nov 23, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ဖြတ်သန်းစီးဆင်းတဲ့ ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေကို ဒေသခံတွေရဲ့သဘောတူညီချက်မပါဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ငန်းရှင်တွေဆီ လုပ်ကိုင်ခွင့်ချပေးနေတယ်လို့ အဲဒီဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

အဲဒီလုပ်ကွက်တွေကို မင်းကင်းတိုက်နယ်၊ မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေပူးပေါင်းပြီး နို၀င်ဘာ ၁၅ ရက်ကစလို့ ရှစ်လတာလုပ်ကိုင်ခွင့်ကို လုပ်ငန်းရှင်တွေဆီရောင်းချခဲ့ပြီးနောက် လုပ်ငန်းတွေလည်ပတ်နေပြီလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“​လုပ်နေတာတွေနဲ့ပတ်သက်လို့ ဒေသခံတွေဘာမှမသိရဘူး။ လုပ်ငန်းနယ်နိမိတ် ဘယ်နားဘယ်နားပေါ့။ မြေပြင်တိုင်းကြည့်တဲ့အခါ ရွာနဲ့ကလည်း ကိုက်တစ်ရာလောက်ပဲ၊ လုပ်ငန်းတွင်းက အင်ဂျင်တွေနဲ့ မျှောစင်တွေဆို ဒီထက်ပိုနီးတယ်” လို့ အဲဒီဒေသ မြောက်ချွန်းရွာနေ‌ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီဒေသမှာ ရွှေမျောလုပ်ကိုင်သူတွေနဲ့ စက်ပစ္စည်းတွေဟာ နို၀င်ဘာ ၁၅ ရက်ကစလို့ ဒီကနေ့ နို၀င်ဘာ ၂၃ ရက်အထိ ရှိနေပြီး ရွှေမျှောစင် ၄၀ ခန့်နဲ့ လည်ပတ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 

ဒါကြောင့် မလိုအပ်တဲ့ အနည်တွေအပါအဝင် စွန့်ပစ်မြေစာပုံစံတွေ​ကြောင့် မြောက်ချွန်းဒေသခံတွေအဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ကျေးရွာလူထုကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်တိမ်ကောမှာတို့အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“အခု ၁၀ ရက်လောက်ကို ရွာကုန်းထက် မြေစာကမြင့်နေပြီရွာဘက် တစ်စတစ်စကပ်လာပြီ။ သူတို့ရဲ့ရေတွေကလည်း စိုက်ခင်းတွေဘက်ရောက်တော့မယ်။ ဒီလိုပစ်ထားမယ်ဆို ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်နိုင်တယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။

 

မင်းကင်းဒေသ ချင်းတွင်းမြစ်​ကမ်းဘေးတစ်လျှောက်မှာ မျှောစင် ၄၀ ခန့်အပြင် ရှစ်လက်မအထက်ရှိတဲ့ ပိုက်တွေကို ဖောင်တွဲပြီး တန်းစီချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲဒီပိုက်တွေက ရေပေါ်တင်ချထားတာမျိုးမဟုတ်ဘဲ မြစ်ကြမ်းပြင်အောက် အနိမ့်ဆုံး ပေ ၆၀ ခန့်အထိ ထိုးစိုက်ထားတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ရွှေမျောဆိုတာ မြစ်ကြမ်းပြင်က သဲတွေ၊ ကျောက်တွေအပါအဝင် ကြမ်းပြင်မှာရှိတဲ့အရာတွေကို စက်တွေနဲ့စုပ်ယူပြီး မြက်အတုပုံစံ ဒါမှမဟုတ် အရပ်အခေါ် ကတ္တီပါအစပေါ် လောင်းချလိုက်ပြီး ပါရှိလာတဲ့ အရာတွေထဲက ရွှေကိုပြန်လည်စစ်ယူတာ၊ ဖမ်းယူကြတာဖြစ်တယ်လို့ သိရပါတယ်။။

 

အဲဒီနောက် မလိုအပ်တဲ့အနည်တွေအပါအဝင် စွန့်ပစ်မြေစာပုံစံတွေကို မြစ်ကမ်းနံဘေး မြေနုကျွန်းတွေအပေါ် စုပုံထားတာမျိုးလည်းလုပ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

မင်ကင်းမြို့နယ်အပိုင် ချင်းတွင်းမြစ်ဘေးတစ်လျှောက် မြစ်ကိုအမှီပြုပြီး စိုက်ပျိုးရေးအပါအဝင် သက်မွေးဝမ်းကျောင်းပြုနေသူတွေ အများအပြားရှိနေတဲ့အတွက် ရွှေမျောစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မြေနုကျွန်း သုံးပုံနှစ်ပုံဆုံးရှုံးထားရပြီး လုပ်ငန်းခွင်အနီး စိုက်ခင်းတွေအပြင် မြေယာတွေဆုံးရှုံးမှုရှိလာနိုင်တယ်လို့လည်း မြောက်ချွန်းဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ရွှေမျောလုပ်ငန်းတွေကြောင့် ရေလမ်းခရီးအတွက် အတားအဆီးဖြစ်နေသလို ကမ်းပြိုမှုတွေရှိနေတယ်လို့ သူတို့က ဆိုပါတယ်။

 

တဖန် လူအစုအဝေး အများအပြားလုပ်ကိုင်ရာနေရာဖြစ်တာကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရတယ်လို့လည်း ပြောပါတယ်။

 

မင်းကင်းက ချင်းတွင်းမြစ်အတွင်း ၂၀၂၂ ခုနှစ်အတွင်းကစတင်ပြီး ရွှေရှာဖွေရေးကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ရွှေမျောလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ ကန့်ကွက်မှုကြောင့် အဆင်မပြေမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာ ဒေသခံတွေကို အသိမပေးဘဲ ကျပ်သိန်း ၁၅၀၀ ခန့်နဲ့ ၁၅ ရက် စမ်းသပ်ရှာဖွေခွင့် လုပ်ငန်းရှင်တွေကို မြို့နယ်ပကဖအဖွဲ့ ဒုခေါင်းဆောင်က ဦးဆောင်ရောင်းချခဲ့ တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် နို၀င်ဘာ ၁၅ ရက်က ဆက်လက်လည်ပတ်လုပ်ကိုင်မှုမှာလည်း လုပ်ကိုင်ခွင့် ရှစ်လသက်တမ်းအတွင်း တစ်လကို သိန်း ၁၀၀ ကနေ ၃၀၀ နဲ့အထက် ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

 

မင်းကင်းမြို့နယ် ဒုခေါင်းဆောင်က အဲဒီလိုလုပ်ကိုင်ခွင့်ရောင်းချတာနဲ့ လုပ်ကိုင်မှုအပေါ် ဆန္ဒတစ်စုံတရာဖော်ထုတ်ပြောဆိုပါက ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

 

“အရင်က ရွှေမျောနဲ့ပတ်သက်လို့ ကန့်ကွက်တဲ့ အင်ကုန်းကြီးက ပကဖခေါင်းဆောင် ဦးချိုကြီးကိုဆိုရင်လည်း ၀ိုင်းပြီးလုပ်ကြံဖို့ လုပ်ကြသေးတာ။ ဦးချိုကြီး ထွက်ပြေးခဲ့ရတယ်။ ခုတစ်ခေါက်မှာ ဒေသခံတွေကို ဆန္ဒပြရဲရင်ပြကြည့် ဖမ်းမယ်။ သတ်မယ် အဲဒီလိုတွေပြောတာရှိတယ်” လို့ အသက် ၃၀ ခန့် နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

NUG အနေနဲ့ မင်းကင်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးခြင်းမရှိတဲ့အပြင် အရေးယူဆောင်ရွက်တာမျိုးတွေ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တာကြောင့် ဒီလိုအာဏာတလွဲအသုံးပြုသူတွေဖြစ်ပေါ်လာရတဲ့အတွက် ဒေသခံတွေကို ထိခိုက်စေတယ်လို့ ပြောဆိုနေကြပါတယ်။

 

ဒီလိုရွှေမျောလုပ်ကိုင်ခွင့်တွေ ဒေသခံတွေရဲ့သဘောမပါဘဲ ချထားပေးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောကြားထားတာမျိုး မရှိသေးပါဘူး။

 

ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း

 

ပုံစာ – ချင်းတွင်းမြစ်ဘေး ရွာတစ်ရွာမှ စစ်ကောင်စီကို ဆန္ဒထုတ်ဖော်နေတာကို တွေ့ရစဉ်(ပုံဟောင်း)