သက်ဆင်ကို နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တဲ့အတွက် အရေးယူဖို့ လျှောက်ထားချက် ရုံးတော်က ပယ်ချ

Author CJ Platform
Categories
Published on Nov 22, 2024

ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ဘီလီယံနာသူဌေးဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်တရာဟာ လက်ရှိအာဏာရ ဖျူထိုင်းပါတီရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်တာတွေနဲ့ စည်းမျဉ်းခံဘုရင်စနစ် အုပ်ချုပ်ရေးကို ဖြိုဖျက်ဖို့ ပူးပေါင်းကြံစည်တာတွေကြောင့် အရေးယူပေးဖို့ ရှေ့နေတစ်ဦးက လျှောက်ထားခဲ့ပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံးရုံးက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပယ်ချလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

တရားသူကြီး ကိုးဦးက ရှေ့နေတီရာယွတ် ဆွမ်ကေဆွန်း တင်သွားခဲ့တဲ့ လျှောက်လွှာဟာ တရားရုံးရဲ့ စည်းမျဉ်းစဉ်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီ လျှောက်လွှာထဲမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဘုရင့်အုပ်ချုပ်ရေးစနစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းနေပြီး သူ့သမီးဖြစ်သူ ပေထောင်ထန်ရှင်နာဝပ်တရာ ဦးဆောင်နေတဲ့ အာဏာရဖျူထိုင်းပါတီအပေါ် ဩဇာလွှမ်းမိုးနေတယ်လို့ စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် သက်ဆင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ အကြားမှာရှိတဲ့ အငြင်းပွားဖွယ် ပင်လယ်ပိုင်နက်အတွင်းက သဘာဝဓာတ်ငွေ့နဲ့ အခြားသယံဇာတတွေကို အတူတကွ အသုံးချဖို့ အစီအစဉ်ကနေတဆင့် ကမ္ဘောဒီးယားနိုင်ငံကို အကျိုးဖြစ်ထွန်းစေတယ်ဆိုတဲ့ စွဲချက်ကိုလည်း တရားရုံးက ခုနစ်မဲ၊ နှစ်မဲနဲ့ ပယ်ချဖို့ ဆုံးဖြတ်ခဲ့ကြပါသေးတယ်။

 

ထိုင်းနိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်တရာရဲ့ ဖခင်ဖြစ်သူ သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာချိန်ကစလို့ အာဏာရဖျူထိုင်းပါတီအပေါ် ဩဇာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မစ္စတာတီရာယွတ်ရဲ့ လျှောက်ထားချက်ကို မပယ်ချခင်မှာ အထွေထွေရှေ့နေချုပ်ရုံး (OAG) ကလည်း အခုလျှေက်ထားချက်ကို နိုဝင်ဘာ ၂၀ ရက်နေ့က ပယ်ချခဲ့ပါသေးတယ်။

 

မစ္စတာတီရာယွတ်ဟာ သူ့ရဲ့‌လျှောက်ထားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ အရ တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီ ပုဒ်မမှာ “မည်သူကမျှ မိမိတို့ရဲ့ အခွင့်အရေး သို့မဟုတ် လွတ်လပ်ခွင့်တွေကို အသုံးပြုပြီး

ဒီမိုကရေစီ၏ နိုင်ငံတော်အကြီးအကဲဖြစ် ရှိနေသော ဘုရင်ကို ဖြုတ်ချရန် ရည်ရွယ်လုပ်ဆောင်ခြင်းများ မပြုလုပ်ရ”လို့ ဖော်ပြထားပြီး အဲဒီလို လုပ်ရပ်တွေကို သိရှိသူ မည်သူမဆို တိုင်ကြားချက်တွေကို အထွေထွေ ရှေ့နေချုပ်ရုံးက တစ်ဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့ လျှောက်ထားတောင်းဆိုနိုင်တယ်လို့လည်း ဆိုထားပါတယ်။

 

အသက် ၇၅ နှစ်အရွယ် သက်ဆင်ဟာ ထိုင်းဘုရင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ ထောင်ဒဏ်ကို ကျခံပြီးတဲ့နောက်မှာ နိုင်ငံရဲ့ ယိုယွင်းနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် အစိုးရဆီကို မူဝါဒ အကြံပြုချက်တွေ တင်သွင်းပြီး အာဏာရဖျူထိုင်းပါတီအတွက်လည်း ဒေသန္တရ ရွေးကောက်ပွဲတွေမှာ မဲဆွယ်စည်းရုံးမှုတွေလည်း လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံရေးပါတီတွေဟာ ပါတီပြင်ပပုဂ္ဂိုလ်ရဲ့ ထိန်းချုပ်မှု ဒါမှမဟုတ် လွှမ်းမိုးမှုအောက်မှာ ရှိနေခြင်းဟာ ပါတီဖျက်သိမ်းခံရနိုင်တဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။

 

အခုနှစ်အစောပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီကို သူတို့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ ဘုရင်စနစ်ကို ဖြုတ်ချဖို့အတွက် အရေးပါတဲ့  ပုဒ်မ ၁၂၂ ကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုနဲ့ ပါတီဖျက်သိမ်းဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

 

Move Forward ပါတီဟာ ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ ဘုရင်စနစ်ကို ထောက်ခံတဲ့သူတွေနဲ့ စစ်တပ် ကျောထောက်နောက်ခံ ပြုထားတဲ့ အစုအဖွဲ့တွေရဲ့ ဟန့်တားမှုတွေကြောင့် အစိုးရဖွဲ့စည်းခွင့်မရခဲ့ဘဲ ပါတီပါ ဖျက်သိမ်းခံလိုက်ရပါတယ်။ နောက်ပိုင်းမှာ အဲဒီ အုပ်စုတွေဟာ ပြိုင်ဘက်ဖြစ်တဲ့ ဖျူထိုင်းပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ကြပါတယ်။

 

ဓာတ်ပုံ – Reuters

 

ပုံစာ – ဘန်ကောက်က ဖိုရမ်တစ်ခုကို တက်ရောက်လာတဲ့ သက်ဆင်ကို ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်

 

ကိုးကား – Bangkok Post