လမ်းသစ်ဖောက်ခဲ့သူ အမျိုးသမီးတစ်ဦး

အတိတ်က သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ အထင်အမြင်တွေနဲ့ စံနှုန်းတွေကို ချိုးဖျက်ပြီး ယုံကြည်ရာကို ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့တဲ့ အမျိုးသမီးတွေကို တွေ့ရမှာပါ။ မာလာလာ ယူဆွတ်ဇိုင်၊ မာရီကျူရီတို့က အကောင်းဆုံးဥပမာတွေပေါ့။ ဒီနေ့ခေတ်မှာလည်း လူ့အသိုက်အ၀န်းရဲ့ အမြင်တွေကို ဖောက်ထွက်ပြီး ယုံကြည်ရာကို အကောင်းဆုံး လုပ်ဆောင်နေကြတဲ့ ကမ္ဘာ့ထိပ်တန်း အမျိုးသမီးတွေ အများကြီးရှိပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ အမေရိကန် ဒုတိယသမ္မတဟောင်း ကမ်မလာဟဲရစ်ပါ။
ဒီတစ်ပတ် “သိစေချင်လို့” အစီအစဉ်မှာ ပထမဆုံးဆိုတဲ့ မှတ်တမ်းတွေကို ရေးထိုးခဲ့တဲ့ ကမ်မလာဟဲရစ်ရဲ့ အကြောင်းနဲ့ သူ့ဘ၀ထဲက အခက်အခဲတွေ၊ စိတ်ခွန်အားဖြစ်ဖွယ်တွေကို အတူလေ့လာကြပါမယ်။
“အမေက မကြာခဏ ပြောဖူးတယ်။ မင်းက ကိစ္စအရပ်ရပ်ကို ပထမဆုံး စတင်လုပ်ဆောင်သူ ဖြစ်နိုင်ပေမဲ့ နောက်ဆုံးတော့ မဖြစ်ပါစေနဲ့”
– ကမ်မလာဟဲရစ်
“ကမ်မလာဟဲရစ် ဆိုတာ”
ကမ်မလာဟဲရစ်လို့ ဆိုလိုက်တာနဲ့ ရွေးကောက်ပွဲပုံရိပ်တွေကြောင့် မသိတဲ့သူ ရှားပါလိမ့်မယ်။ ကမ်မလာဟဲရစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဒုတိယသမ္မတဖြစ်သလို ဒုသမ္မတနေရာကို တာ၀န်ယူတဲ့ ပထမဦးဆုံး အာရှနဲ့ အာဖရိကန်နွယ်ဖွား အမေရိကန်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုတွေအဖြစ် ဂျိုးဘိုင်ဒမ်နဲ့အတူ ရွေးချယ်ခံခဲ့ရတာပါ။
ဒီနှစ် ၂၀၂၄ ရွေးကောက်ပွဲမှာတော့ သမ္မတလောင်းအဖြစ် ၀င်ရောက်ရွေးချယ်ခံခဲ့ပေမဲ့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အရှုံးပေးလိုက်ရကာ ရာထူးက အနားယူခဲ့ရပါတယ်။ ဒုတိယသမ္မတအဖြစ် မထမ်းဆောင်ခင်အချိန် အမေရိကန်အထက်လွှတ်တော်မှာ ကယ်လီဖိုးနီးယားကိုယ်စားလှယ်အဖြစ် တာ၀န်ထမ်းဆောင်ဖူးသလို အဲဒီအရှေ့မှာ ကယ်လီဖိုးနီးယားရဲ့ ရှေ့နေချုပ်အဖြစ် ခြောက်နှစ်ကြာ ထမ်းဆောင်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာလည်း ကမ်မလာဟဲရစ်ဟာ ကယ်လီဖိုးနီးယားရဲ့ ပထမဦးဆုံး အမျိုးသမီးရှေ့နေချုပ်အဖြစ် မှတ်တမ်း၀င်ခဲ့ပါသေးတယ်။
“ကမ္မလာရဲ့ ငယ်ဘ၀”
ကမ်မလာဟဲရစ်ရဲ့ ငယ်စဉ်ဘ၀ မိသားစုအခြေအနေက သိပ်တော့ မလွယ်ကူခဲ့ပါဘူး။ ဖခင်နဲ့ မိခင် နှစ်ယောက်စလုံးက နိုင်ငံရပ်ခြားက ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ပညာလာသင်ကြားကြတဲ့ သူတွေဖြစ်ပါတယ်။ ဖခင်ကတော့ ဂျမေကာလူမျိုးဖြစ်ပြီး မိခင်ကတော့ အိန္ဒိယလူမျိူးပါ။ ဒါကြောင့် ပညာသင်ကြားမှုမှာ ခွဲခြားမှုတွေ ရှိခဲ့တာတော့ အမှန်ပါပဲ။ ကမ်မလာ ဟဲရစ်ကိုတော့ လက်ထပ်ပြီး တစ်နှစ်အကြာ ၁၉၆၄ ခုနှစ်မှာ မွေးဖွားပြီး သူ့မှာ မာယာဆိုတဲ့ ညီမလည်း ရှိပါတယ်။
ကံဆိုးစွာပဲ သူ့မိဘတွေဟာ လက်ထပ်ပြီး ကိုးနှစ်အကြာမှာပဲ ကွာရှင်းခဲ့တာကြောင့် ညီအစ်မနှစ်ယောက်စလုံး မိခင်ရဲ့ ပျိုးထောင်မှုအောက်မှာ ကြီးပြင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဟဲရစ်ဟာ မိခင်ရဲ့ ဘ၀ကို စာနာလေးစားပြီး ကမ်ပိန်းတွေမှာဆိုရင် သူဟာ အကြီးဆုံးသမီးဖြစ်တာကြောင့် လောကကြီးရဲ့ ရိုက်ခတ်မှုတွေကို ဘယ်လို စောစောစီးစီး ခံခဲ့ရကြောင်း ပြောလေ့ရှိပါတယ်။
“လမ်းသစ်ဖောက်တဲ့ ဟဲရစ်ရဲ့ ဘ၀ခရီး”
ဟဲရစ်ရဲ့ အမေဟာ ပညာတတ် သုတေသနပညာရှင်ဖြစ်လို့ ဟဲရစ်ရဲ့ ပညာရေးခရီးလမ်းမှာ အထောက်အပံ့ပေးခဲ့တာတွေ အများကြီး ရှိပါတယ်။ ဟဲရစ်ရဲ့ ပညာရေးခရီးကို ခြေရာကောက်ရရင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၊ ဟောင်းဝပ်တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ စီးပွားရေးကို လေ့လာခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ် ဥပဒေကောလိပ်က ဥပဒေဘွဲ့ရခဲ့တာပါ။
သူရခဲ့တဲ့ ဘွဲ့နဲ့ ကယ်လီဖိုးနီးယားမှာပဲ ဒုတိယခရိုင်ရှေ့နေအဖြစ် အုပ်စုဖွဲ့အနိုင်ကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ တရားမ၀င်ဆေးမှုတွေကို အဓိက ကိုင်တွယ်ဖြေရှင်းခဲ့ပါသေးတယ်။ ဟဲရစ်ဟာ အမျိုးသမီးဖြစ်တဲ့အတွက် ကြုံတွေ့ရတဲ့ အထင်သေးမှုတွေကို ကျော်လွှားပြီး ၂၀၀၄ ခုနှစ်မှာတော့ ကယ်လီဖိုးနီးယားရဲ့ ပထမဦးဆုံးသော အမျိုးသမီး ရှေ့နေချုပ်ဖြစ်လာပါတယ်။
လမ်းသစ်ဖောက်နေတဲ့ ဟဲရစ်တစ်ယောက် ၂၀၁၅ ခုနှစ်မှာ အခြေခံလစာတိုးမြှင့်ရေး၊ အမျိုးသမီးမျိုးပွားမှုဆိုင်ရာ အခွင့်အရေးတို့ကို အားပေးတဲ့ ကမ်ပိန်းတစ်ခုကြောင့်ပဲ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်တစ်နေရာကို ရရှိခဲ့ကာ အထက်လွှတ်တော်ရဲ့ ပထမဦးဆုံးသော အိန္ဒိယ-အမေရိကန် ကိုယ်စားလှယ်ဖြစ်လာခဲ့တာပါ။
ဒီလိုနဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ သမ္မတနေရာအတွက် ဒီမိုကရက်တစ်ပါတီတွင်း ပြိုင်ဆိုင်ခဲ့ပေမဲ့ လိုအပ်ချက်နဲ့ ကမ်ပိန်းစီမံခန့်ခွဲမှု အမှားအယွင်းတွေကြောင့် သမ္မတနေရာအတွက်နုတ်ထွက်ခဲ့ပေမဲ့ ဂျိုးဘိုင်ဒမ်က သူ့ရဲ့ ရွေးကောက်ပွဲအဖော်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နို၀င်ဘာလအရောက်မှာ ဟဲရစ်တစ်ယောက် အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတဖြစ်လာပြီး အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို အထင်သေးတဲ့သူတွေကို အလုပ်နဲ့ သက်သေပြနိုင်ခဲ့တာပေါ့။
“ဟဲရစ်နဲ့ အမျိုးသမီးအခွင့်အရေး”
ဟဲရစ်ဟာ ဒုတိယသမ္မတဖြစ်လာတဲ့ အချိန်ကစလို့ အမျိုးသမီးအခြေခံအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ ကမ်ပိန်းတွေကို အများအပြား အလေးပေးဆောင်ရွက်ခဲ့ပါတယ်။ အထင်ရှားဆုံးဥပမာကတော့ အာဖရိကမှာရှိတဲ့ အမျိုးသမီးတွေရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအသုံးပြုဖို့ ကြေညာခဲ့တာပါ။
သူ့ရဲ့ ရွေးကောက်ပွဲ အနိုင်ရမိန့်ခွန်းမှာတည်းက အမျိုးသမီးအခွင့်အရေးတွေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံအတွက် အရေးပါမှုတွေကို ပြောကြားသွားခဲ့ပြီး သူ့သက်တမ်းတစ်လျှောက်မှာလည်း အမျိုးသမီးတွေအတွက် တန်းတူညီမျှမှု၊ မဲပေးပိုင်ခွင့်၊ ကိုယ်၀န်ဖျက်ချခွင့်အပါအ၀င် အမျိုးသမီးမျိုးပွားမှုနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကို အားပေးလှုပ်ရှားခဲ့ပါသေးတယ်။
ဟဲရစ်ဟာ အနိုင်ရမိန့်ခွန်းထဲမှာ သူဟာ “ဒီနေရာအတွက် ပထမဆုံး အမျိုးသမီးပေမဲ့ နောက်ဆုံးတော့ မဟုတ်ပါဘူး။ ဒီညမှာ ကြည့်နေတဲ့ အမျိုးသမီးငယ်တွေဟာ ဒီနိုင်ငံရဲ့ ဖြစ်နိုင်ခြေတွေကို သိပြီး ဦးဆောင်နိုင်ပါလိမ့်မယ်” လို့ ဆိုသွားပါသေးတယ်။
ကုလသမဂ္ဂရဲ့ ခြောက်ကြိမ်မြောက် အမျိုးသမီးဂုဏ်ရည်ဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာလည်း ဟဲရစ်ဟာ အမျိုးသမီးတွေနဲ့ ဒီမိုကရေစီရဲ့ ဆက်စပ်အရေးပါပုံကို ထောက်ပြခဲ့ပြီး ဒီမိုကရေစီဟာ တန်းတူညီမျှမှုရှိရမှာ ဖြစ်သလို နိုင်ငံတစ်နိုင်ငံဟာ အမျိုးသမီးတွေကို တန်းတူဆက်ဆံမှသာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်လို့ သူက ယုံကြည်နေပါတယ်။
ဒါတွေကို ကြည့်မယ်ဆိုရင် ဟဲရစ်ဟာ အမျိုးသမီးအခွင့်အရေးတွေကို အထူးအလေးထားသူဖြစ်ပြီး ဒုသမ္မတအဖြစ် တာ၀န်ထမ်းဆောင်စဉ်မှာ အမေရိကန်က အမျိုးသမီးတွေအတွက်ရော၊ နိုင်ငံတကာအမျိုးသမီးတွေအတွက်ပါ အလေးပေး ဆောင်ရွက်ခဲ့ပါတယ်။
ဟဲရစ်ဟာ ကန့်သတ်မှုတွေ၊ အထင်သေးမှုတွေနဲ့ မိသားစုအခက်အခဲတွေကို ကျော်လွှားပြီး ပထမဦးဆုံးဆိုတဲ့ အရာတွေကို လုပ်ပြသွားတဲ့ အမျိုးသမီးတစ်ဦးပါ။ လူ့အဖွဲ့အစည်းရဲ့ အထင်သေးမှုကို ကျော်လွှားပြီး သမ္မတရာထူးထိပါ စိန်ခေါ်ဖို့ ကြိုးစားခဲ့တဲ့ သူ့ရဲ့အရည်အချင်းနဲ့ စိတ်ဓာတ်ကိုတော့ လေးစားရမှာတော့ အမှန်ပါပဲ။
စာဖတ်သူတို့လည်း သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကနေ အတုယူစရာတွေနဲ့ အမျိုးသမီးဖြစ်ပေမဲ့လည်း သူ့ရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြီး စိတ်ခွန်အား တချို့ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဟဲရစ်ပြောခဲ့သလို တခြားသူက ကိုယ်ဘယ်လိုလူဆိုတာကို ဆုံးဖြတ်ပေးတာမခံဘဲ ကိုယ်တိုင်က ဘယ်သူဖြစ်ကြောင်း ထုတ်ပြောနိုင်ဖို့ အကြံပေးရင်း နောက်အပတ်ရဲ့ “သိစေချင်လို့” အစီအစဉ်မှ ပြန်တွေ့ကြပါမယ်။
ဓာတ်ပုံ – From – https://api.photon.aremedia.net.au/wp-content/uploads/sites/5/2024/07/kamala-harris-1.jpg?w=1080
References :
– Grant, T., & McNamee, G. L. (2024, November 13). Kamala Harris | Biography, Policies, Family, & Facts. Encyclopedia Britannica. https://www.britannica.com/biography/Kamala-Harris
– NBC News. (2020, November 8). Vice President-Elect Harris: ‘While I may be the first woman in this office, I will not be the last’ [Video]. YouTube. https://www.youtube.com/watch?v=o_HRgl2jCJQ
– Wright, J. (2021, March 16). Harris uses UN speech to champion women’s role in democracy. CNN. https://www.cnn.com/2021/03/16/politics/kamala-harris-united-nations-women-democracy/index.html
– Agence France-Presse. (2023, March 29). VP Harris announces $1 billion+ for women’s empowerment. Voice of America. https://www.voaafrica.com/a/vp-harris-announces-1-billion-for-women-s-empowerment/7027417.html
– Kamala Harris Biography. (n.d.). Kamala Harris Biography. https://www.womenshistory.org/education-resources/biographies/kamala-harris