မိုးမောက်က ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရ၊ ကလေး ခုနှစ်ဦးအပါအဝင် ကိုးဦးသေဆုံး

Author လဂွန်းအိမ်၊ ဆလိုင်း
Categories
Published on Nov 16, 2024

ကချင်ပြည်၊ မိုးမောက်မြို့နယ်ရှိ ဒေသခံတွေ စစ်ရှောင်နေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် KBC ဘုရားကျောင်း တစ်ခုကို ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲလို့ ကလေး ခုနှစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ မိုးမောက် ဒေသခံတစ်ဦး ပြောပြချက်အရ သိရပါတယ်။

 

မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘေးက ကုန်းလောကျေးရွာရှိ အဲဒီခရစ်ယာန်ကျောင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ ဗုံးလာကြဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တဲ့အပြင် ၁၀ ဦးကျော် စိုးရိမ်ရတဲ့ အနေအထားရှိသလို သေဆုံးသူလည်း ထပ်တိုးနိုင်တယ်လို့ ပြောပါတယ်။

 

“မီးခိုးထွက်တဲ့ နေရာကို ဗုံးကြဲတာ၊ ကျတဲ့နေရာက ကလေးတွေ ဆော့တဲ့နေရာကို ကျတာ၊ သေဆုံးတဲ့အထဲမှာ ခြောက်ယောက်က မိသားစုဝင်တွေ” လို့ အသက် ၂၈ နှစ်အရွယ် မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဗုံးကြဲခံရတာကြောင့် ဒဏ်ရာရတဲ့သူတွေကို လိုင်ဇာဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပြီး သေဆုံးခဲ့သူတွေကိုတော့ ဒီနေ့မှာ ခရစ်ယာန်ဘာသာရေးရှိခိုး ဆုတောင်းပွဲနဲ့အတူ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

 

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေက ကုန်းလောကျေးရွာအပါအဝင် မိုးမောက်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားပြီလို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ခမရ ၃၄၇ ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

 

မိုးမောက်မြို့ကစစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ အဲဒီတပ်ရင်းကို ဇူလိုင် ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကချင်တောင်တန်း

 

ပုံစာ – ဗုံးကြဲခံရတဲ့ ကုန်းလောကျေးရွာကို တွေ့ရစဉ်