“လော်စပီကာနဲ့ ဆောင်းဘောက်သံတွေကြားက ရန်ကုန်မြို့ခံတွေရဲ့ တီးတိုးသံ”

Author ကိုထက်
Categories
Published on Nov 15, 2024

ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ ကထိန်အလှူဗန်းပြပြီး လော်စပီကာ၊ ဆောင်းဘောက်တွေနဲ့ ဒီဂျေသီချင်းတွေကြောင့် ဒေသခံတွေ ဒုက္ခတွေ့နေကြရပါတယ်။ အဲဒီထဲက ရန်ကုန်မြို့မှာ ဒီလို ဒဏ်ခံစားနေရသူတွေရဲ့ အသံတွေကို ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိ တွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍကနေ ဖော်ထုတ်ပေးလိုက်ပါတယ်။

****************************************

“တကယ်အလှူခံထာထက် အပျော်ကများနေတယ်။ နှစ်တိုင်းလိုလိုကို ခံစားနေရတာ။”

 

လှိုင်သာယာမြို့နယ်နေ အသက် ၅၀ အရွယ် အမျိုးသမီး

 

တကယ်အလှူခံထာထက် အပျော်ကများနေတယ်။ နှစ်တိုင်းလိုလိုကို ခံစားနေရတာ။ အခုက အလှူခံဖို့ စက်ဖွင့်ဖို့ကို ရပ်ကွက်ရုံးကို ခွင့်တောင်းရလို့ ညဘက်တွေနောက်ကျတဲ့အထိ မဆူညံတော့တာ။ ဟိုအရင်ကဆို အလှူခံတာ၊ ပြောတာဟောတာနည်းနည်း အလှူနဲ့မဆိုင်တဲ့သီချင်းတွေကို အကျယ်ကြီးတွေ ဖွင့်နေကြတာ။ ဘုန်းကြီးကို လှူဖို့ဗန်းပြပြီး အပျော်လုပ်သလိုလုပ်တယ်လို့‌တော့ မြင်တယ်။

****************************************

“အလှူသီချင်းဆိုရင် ဘာပဲပြောပြောနားဝင်ချိုသေးတယ်လေ။ မဆိုင်တဲ့အင်္ဂလိပ်သီချင်းတီးလုံးတွေပါ ဖွင့်ကြတော့ ကုသိုလ်မရဘဲ ငရဲတောင်ရကြဦးမယ်။”

 

အင်းစိန်မြို့နယ်နေ အသက် ၄၂ အရွယ် အမျိုးသား

 

ဒါမျိုးကတော့ တစ်နှစ်မှာ ဒီကထိန်အလှူခံ တစ်လလုံးကတော့ကြုံရတာပဲ။ ကိုယ့်ဗုဒ္ဓဘာသာအချင်းချင်းဆိုတော့ ပြောရခက်တယ်လေ။ ဦးလေးတို့က အိမ်နားကပ်နေတော့ မိုးလင်းတာကနေ ညအထိ တောက်လျှောက်ကြားနေရတာ။ တကယ်ကို နားမခံနိုင်ဖြစ်မှ အသံလေးလျှော့ပေးပါ ဘာညာသွားပြောရတယ်။ အလှူသီချင်းဆိုရင် ဘာပဲပြောပြောနားဝင်ချိုသေးတယ်လေ။ မဆိုင်တဲ့အင်္ဂလိပ်သီချင်းတီးလုံးတွေပါ ဖွင့်ကြတော့ ကုသိုလ်မရဘဲ ငရဲတောင်ရကြဦးမယ်။ ဘာလို့ဆို မအပ်စပ်ဘူးလေ၊ အလှူနဲ့။

****************************************

“အဲဒီဆောင်းဘောက်ကြီးတွေ အသံက နားတွေတကယ်အူနေတာပဲ။ သေချာလေး ကြပ်မတ်သင့်တယ်မြင်တယ်။”

 

လှိုင်မြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး

 

အဲဒီအသံတွေကတော့ မနက်မိုးလင်းတည်းက တောက်လျှောက်ပဲဖွင့်တာ။ နေ့လယ်လေးတစ်ချက်နားတယ်။ နေ့ခင်း ၃ နာရီလောက်ကစပြီး ပြန်ဖွင့်တာပဲ။ အဲဒီဆောင်းဘောက်ကြီးတွေ အသံက နားတွေတကယ်အူနေတာပဲ။ သေချာလေး ကြပ်မတ်သင့်တယ်မြင်တယ်။ ဘာလို့ဆို အလှူခံမှာ အလှူသီချင်းထက် ဒီဂျေလိုလိုဘာလိုလိုသီချင်းတွေကို အသားကုန်အကျယ်ကြီးဖွင့်တာ အလှူနဲ့လည်းမဆိုင်ဘူးလို့ မြင်တယ်။ ရပ်ကွက်လူကြီးတွေကလည်း ပြောသင့်တယ်။

****************************************

“မြေညီအလွှာနိမ့်တွေက မသိသာပေမဲ့ အလွှာမြင့်နေသူတို့အတွက် အသံက အပေါ်တက်တော့ နားတွေငြီး ခေါင်းတွေကိုက်ပြီး အတော်လေးကို ဒုက္ခရောက်ပါတယ်။”

 

ကြည်မြင့်တိုင်မြို့နယ်နေ အသက် ၃၀ အရွယ် အမျိုးသမီး

 

မြေညီအလွှာနိမ့်တွေက မသိသာပေမဲ့ အလွှာမြင့်နေသူတို့အတွက် အသံက အပေါ်တက်တော့ နားတွေငြီး ခေါင်းတွေကိုက်ပြီး အတော်လေးကို ဒုက္ခရောက်ပါတယ်။ အခုဟာက အလှူကိစ္စမလို့ မပြောချင်ပေမဲ့ တစ်ရက်တည်းမဟုတ်သလို အရှေ့မှာလည်း ရေဘေးအတွက် ဘာအတွက်ဆိုပြီး သီချင်းဆို/သီချင်းဖွင့်ပြီး အလှူခံတာတွေက နေ့တိုင်းဖြစ်နေတော့ တအားကို နေရတာအဆင်မပြေဘူး။ ရပ်ကွက်လူကြီးတွေကလည်း မပြောကြ၊ မဆိုကြဘူး။ သူတို့က ဦးဆောင်လုပ်နေတော့လည်း ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ တစ်နှစ်မှာ တစ်ခါကတော့ ခံစားနေကြရမှာပဲလေ။

 

မေးမြန်းသူ – ကိုထက်

 

ဓာတ်ပုံ – CJ