ရင်ရှင်း မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ တစ်သိန်းခွဲကျော် ဘေးလွတ်ရာပြောင်းရွှေ့နေရ

Author CJ Platform
Categories
Published on Nov 08, 2024

အပူပိုင်းမုန်တိုင်း ရင်ရှင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ လူဦးရေအများဆုံးနေထိုင်ရာ လူဇွန်ကျွန်းမှာ နိုဝင်ဘာ ၇ ရက်နေ့က လေပြင်း တိုက်ခတ်မှုတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

 

မုန်တိုင်း မဝင်ခင် ယမန်နေ့ နံနက်ပိုင်းကတည်းက  လူပေါင်း ၁၆၀,၀၀၀ ကျော်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အရပ်ဘက်ကာကွယ်ရေးရုံးက ထုတ်ပြန် အသိပေးထားပါတယ်။

 

ဒေသအခေါ် မာစီလို့ခေါ်တဲ့ အပူပိုင်းမုန်တိုင်းဟာ လူဇွန်ကျွန်း မြောက်ပိုင်းကမ်းခြေကို နှစ်ကြိမ်တိုက်ခတ်ခဲ့ပြီး စတန်တာအာနာမြို့ကို ယမန်နေ့ ညနေ ၃  နာရီ ၄၀ မိနစ်မှာ အဆင့် ၄ မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ပင်လယ်အော်ကို ဖြတ်ကျော်ကာ ဆန်ချက်ဇ်-မီရာမြို့ကို ည ၉ နာရီမှာ ထပ်မံတိုက်ခတ်ခဲ့တယ်လို့ နိုင်ငံရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။

 

မြို့နှစ်မြို့လုံးဟာ ဖိလစ်ပိုင်ကျွန်းစုရဲ့ မြောက်ဘက်အစွန်း ကမ်းရိုးတန်းဒေသဖြစ်တဲ့ ကာဂါယန်ပြည်နယ်မှာ တည်ရှိပြီး မြို့တော် မနီလာမြို့ရဲ့ မြောက်ဘက် မိုင် ၅၀၀ (ကီလိုမီတာ ၈၀၄) အကွာမှာ ရှိပါတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာတော့ မုန်တိုင်းဟာ အဆင့် ၂ အထိ ပြင်းအား လျော့ကျသွားပြီး လက်ရှိမှာ တစ်နာရီကို ၁၆၇ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေတယ်လို့ သိရပါတယ်။ အနောက်ဘက်ကို ဦးတည်ပြီး တစ်နာရီကို ကီလိုမီတာ ၂၀ ခန့် ရွေ့လျားနေတဲ့ မုန်တိုင်းဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ဖိလစ်ပိုင် ရေပိုင်နက်ကနေတစ်ဆင့် ပင်လယ်ထဲ ထွက်ခွာသွားမယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

 

လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အစီရင်ခံမှုတွေ မရှိသေးပေမဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမှာ ဆက်လက် တည်ရှိနေတာကြောင့် ကာဂါယန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အပါယိုနဲ့ အီလိုကို့စ်နော်တီ ပြည်နယ်တွေမှာ သတိထားနေကြဖို့ အာဏပိုင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် မုန်တိုင်းကြောင့် စာသင်ကျောင်းနဲ့ လုပ်ငန်းခွင်တွေ ပိတ်ထားသလို ရေကြီး၊ မြေပြိုမှုတွေ အတွက်လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ပျမ်းမျှ တစ်နှစ်ကို မုန်တိုင်း အကြိမ် ၂၀ ဝန်းကျင် တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့လကုန်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းတရာမီကြောင့်လည်း အနည်းဆုံးလူ အယောက် ၈၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ငါးသိန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း ကရာသွန်ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး စိုက်ပျိုးဧက အများအပြား ပျက်စီးခဲ့ရသလို လူပေါင်းသန်းနဲ့ချီလည်း ထိခိုက်ခဲ့ရပါတယ်။

 

ဒါ့အပြင် ၂၀၂၀ ခုနှစ်မှာလည်း တိုင်ဖွန်းဗမ်ကိုကြောင့် ကာဂါယန်ပြည်နယ်မှာ မြစ်ရေလျှံတက်လာပြီး ရေကြီးခဲ့တာကြောင့် ကျေးရွာ ၂၈ ရွာစလုံး ရေနစ်မြုပ်ခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ- Francis R Malasig/EPA, via Shutterstock

 

ပုံစာ- ဖိလစ်ပိုင်နိုင်ငံ အပါရီမြို့မှာ လမ်းပေါ်ကျော်တက်နေတဲ့ ရေထဲဖြတ်လျှောက်နေတဲ့ ဒေသခံတွေကို ဒီကနေ့ မနက်ပိုင်းမှာ တွေ့ရစဉ်

 

ကိုးကား- The New York Times