“ဒီကနေ့ နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးကြီးနိုင်

Published on Nov 08, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ဧရာဝတီတိုင်းမှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နဲ့ ရှမ်းပြည်(မြောက်ပိုင်း)တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ထူးခြားဖြစ်စဉ်အနေနဲ့ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း(YINXING)ဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းစွန်းဒေသတွေကို ဖြတ်ကျော်ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်ကို ရောက်ရှိခဲ့ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက် ထုတ်ပြန်ထားပါတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၈ ရက် မနက် ၁ နာရီကနေ မနက်ဖြန် ၉ ရက်နေ့ မနက် ၁ နာရီအထိ ၂၄ နာရီအတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဒီကနေ့မနက်မှာ ခန့်မှန်းထားပါတယ်။ အဲဒီဒေသတွေမှာ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ကာ ရာသီဥတု ပြန်လည်သာယာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် မနက်ဖြန် နိုဝင်ဘာ ၉ ရက်နေ့အထိ ဧရာဝတီတိုင်းရှိ ငပုတော၊ ကျုံမငေး၊ ဝါးခယ်မ၊ ဘိုကလေး၊ လပွတ္တာခရိုင်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မနီးပါးအထိ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် သူက ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ငါးပေကနေ ရှစ်ပေခန့်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

 

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်လို့ ကြိုတင်သတိထားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

ကချင်ပြည်၊ ရှမ်းပြည်နဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ