ထရမ့်ကို အစ္စရေးဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတတို့က ထောက်ခံကြိုဆို

Author CJ Platform
Categories
Published on Nov 06, 2024

ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ မှာ ၂၆၇ မဲအထိ ရရှိထားပြီဖြစ်တာကြောင့် သမ္မတဖြစ်ဖို့ အတော်လေး အခြေအနေကောင်းနေခဲ့ပါပြီလို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

လက်ရှိမှာတော့ ထရမ့်ဟာ ဖလော်ရီဒါက West Palm ကမ်းခြေက စင်ပေါ်မှာ သူ့ရဲ့ မိသားစုဝင်တွေ၊ သူ့နိုင်ငံရေးပါတီက အဖွဲ့ဝင်တွေ၊ သူ့ကို ထောက်ခံတဲ့ ထင်ပေါ်ကျော်ကြားတဲ့ သူတွေနဲ့အတူ အောင်ပွဲခံနေပါတယ်။

 

အဲဒီသူတွေထဲမှာ အောက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ မိုက်ဂျွန်ဆင်၊ UFC အဖွဲ့အစည်းရဲ့ CEO ဒေနာဝှိုက်နဲ့ နာမည်ကျော်ဂေါက်ရိုက်သမား ဘရိုင်ဆန်ဒီချန်ဘူ တို့လည်း ပါဝင်ပါတယ်။

 

“လွန်ခဲ့တဲ့လေးနှစ်တာကာလရဲ့ သဘောထားကွဲလွဲမှုတွေကို နောက်မှာ ချန်ထားပစ်ခဲ့ဖို့ အချိန်တန်ပါပြီ။ စည်းလုံးဖို့ အချိန်ကျပါပြီ” လို့လည်း ထရမ့်က ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ပြောပါတယ်။

 

အမေရိကန် သမ္မတဖြစ်ဖို့ နီးစပ်နေတဲ့ ထရမ့်အပေါ် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက “သမိုင်းဝင်မယ့် အကြီးကျယ်ဆုံး ပြန်လာနိုင်မှုအတွက် ဂုဏ်ယူပါတယ်။ အိမ်ဖြူတော်ကို မင်းရဲ့ သမိုင်းဝင် ပြန်လာနိုင်မှုဟာ အမေရိကအတွက် ကဏ္ဍအသစ် စတင်ခြင်းရယ်၊ အစ္စရေးနဲ့ အမေရိကန်ကြားက ကြီးကျယ်တဲ့ မဟာမိတ်ပြုမှုအတွက် အားကောင်းခိုင်မာတဲ့ ကတိကဝတ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်”လို့ လူမှုကွန်ရက် X မှာ ရေးသားပြီး ထရမ့်ကို ကြိုဆိုထောက်ခံကြောင်း ပြသခဲ့ပါတယ်။

 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကလည်း “  ပိုပြီး ငြိမ်းချမ်းသာယာ ဝပြောဖို့အတွက် မင်းရဲ့ ခံယူချက်တွေ စိတ်နေစိတ်ထားတွေ၊ လေးစားမှုတွေ ရည်မှန်းချက်တွေနဲ့  လာမယ့် လေးနှစ်အတွင်းမှာ ငါတို့တွေ လုပ်နိုင်သမျှအတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့အသင့်ဖြစ်နေပါပြီ”လို့ လူမှုကွန်ရက် X မှာရေးသားပြီး ထရမ့်ကို ကြိုဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ရီပတ်ဘလီကန်တွေဟာ အထက်လွှတ်တော်မှာလည်း ၂၀၂၁ ခုနှစ်ကတည်းက အသာမရခဲ့မှုကို ချိုးဖျက်နိုင်ခဲ့ပြီး လွှတ်တော်အမတ် ၁၀၀ ရှိတဲ့အထဲ ၅၁ နေရာအထိ အနိုင်ရရှိပြီးဖြစ်တာကြောင့် အထက်လွှတ်တော်မှာ လွှမ်းမိုးထားနိုင်ပြီလို့လည်း ဆိုပါတယ်။

 

အထက်လွှတ်တော်ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ အရေးကြီးခန့်အပ်မှုတွေကို အတည်ပြုပေးရတဲ့ လွှတ်တော်ဖြစ်ပြီး ပြည်နယ်တစ်ခုကို အမတ် နှစ်ဦးနှုန်းနဲ့ လွှတ်တော်အမတ် ၁၀၀ အထိရှိတာလည်း ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ်ဟာ အနည်းဆုံး အသက် ၃၀ ပြည့်ရမှာဖြစ်ပြီး သက်တမ်း ၆ နှစ်အထိ တာဝန်ထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တွေမှာ ရီပတ်ဘလီကန်တွေလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာလည်း အနိုင်ရဖို့ လိုအပ်တဲ့ ၂၁၈ နေရာမှာ ၁၉၂ နေရာအထိ အနိုင်ရပြီး ဒီမိုကရက်တွေကို ထပ်ပြီး ဦးဆောင်ထားပါတယ်။

 

အောက်လွှတ်တော်ဟာ အခွန်ဥပဒေတွေကို အဓိက ဦးဆောင်ရေးဆွဲရပါတယ်။ လွှတ်တော်အမတ်နေရာကို ပြည်နယ်လူဦးရေအလိုက် ခွဲတမ်းသတ်မှတ်ပေးတာဖြစ်ပြီး  အမတ်နေရာ ၄၃၅ နေရာရှိပါတယ်။ အောက်လွှတ်တော်အမတ်ဖြစ်ဖို့ အနည်းဆုံး အသက် ၂၅ နှစ်ရှိရမှာဖြစ်သလို သက်တမ်းကတော့  ၂ နှစ်ဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ  ဥပဒေတစ်ခုပြဋ္ဌာန်းဖို့ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုပေးဖို့ လိုအပ်ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးဟာလည်း အပြန်အလှန်ထိန်းကျောင်းတဲ့ ပုံစံမျိုးနဲ့ လည်ပတ်ဆောင်ရွက်ကြပါတယ်။

 

ဥပဒေပြဋ္ဌာန်းမှုကို သမ္မတဖြစ်သူက ဗီတိုအာဏာသုံးပြီး ပယ်ချလို့ရပေမယ့် လွှတ်တော်နှစ်ရပ်ရဲ့ မဲ သုံးပုံနှစ်ပုံ ရရှိခဲ့ရင်တော့ ပြန်လည် အတည်ပြုပြဋ္ဌာန်းလို့ရပါတယ်။

 

လက်ရှိမဲရေတွက်ပြီးစီးမှု အခြေအနေတွေအရတော့  ရီပတ်ဘလီကန်ပါတီဟာ သမ္မတနေရာ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ပါဝင်တဲ့ ကွန်ဂရက်နေရာတွေမှာပါ အားလုံးအနိုင်ရဖို့ အခြေအနေကောင်းနေပါတယ်။

 

ဓာတ်ပုံ – Reuters/Brian Synder

 

ပုံစာ- ဖလော်ရီဒါက West Palm ကမ်းခြေက ညီလာခံကျင်းပတဲ့ စင်တာမှာပြုလုပ်တဲ့ လူထုစည်းဝေးပွဲမှာ သူ့ကိုထောက်ခံသူတွေကို လက်ညှိုးညွှန်ပြနေတဲ့ ထရမ့်

 

ကိုးကား – Reuters/ AP News