“ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ကချင်၊ ကရင်နီနဲ့ နေပြည်တော်တို့ကလွဲလို့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ မိုးထစ်ချုန်းရွာမယ်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”
မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်လို့ ကြိုတင်သတိထားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ယင်းမာပင်နဲ့ အောင်ပန်းမြို့တွေပေါ်ကဖြတ်သန်းပြီး အင်းလေးကန်ဘက်ကို အနောက်မြောက်ဘက်က ဦးတည်ရွေ့လျားလာတဲ့ မိုးတိမ်တောင်ကြီးကနေ စိုက်ဆင်းလေပြင်းတိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
ဒါကြောင့် အင်းလေးဒေသက နေအိမ်အလုံး ၄၀ နီးပါး ပျက်စီးခဲ့ရတယ်လို့ သူက ဆက်ပြောထားပါတယ်။
မိုးကြိုရာသီ၊ မိုးဦးရာသီနဲ့ မိုးနှောင်း မိုးလွန်ရာသီတွေမှာ လေပြင်းအန္တရာယ်ကို သတိထားကြရမှာဖြစ်ပြီး စိုက်ဆင်းလေပြင်းဖြစ်တဲ့အခါ လေတိုက်နှုန်းတစ်နာရီ မိုင် ၁၀၀ ကျော်အထိ ဖြစ်တတ်တာကြောင့် မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်လာရင် သတိထားသင့်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”
နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ကရင်နီပြည်(ကယား)တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။
Source – မိုးဇလ