ရာသီစက်ဝန်း ပြီးဆုံးခြင်းအကြောင်း သိကောင်းစရာ

Author CJ Platform
Categories
Published on Nov 04, 2024

အမျိုးသမီးတွေအားလုံးဟာ အသက် ၄၅ နဲ့ ၅၅ နှစ်ကြားကို ဝင်ရောက်လာပြီဆိုတာနဲ့ သွေးဆုံးကိုင်တဲ့ ဖြစ်ရပ်ကို ကြုံတွေ့ကြရမှာ မလွဲမသွေပါပဲ။ သွေးဆုံးကိုင်တယ်ဆိုတာ အမျိုးသမီးတို့ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ် ရပ်တန့်သွားတာကို ဆိုလိုတာပါ။ ဒီကနေ့တော့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းပြီးဆုံးခြင်းဆိုင်ရာ အသိပညာတွေကို CJ Platform ရဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာ လေ့လာကြည့်ကြစို့။

သွေးဆုံးကိုင်ခြင်းဖြစ်စဉ်မှာဆိုရင် အဆင့်သုံးဆင့် ပါဝင်ပါတယ်။ Peri menopause, Menopause နဲ့ Postmenopause တို့ပဲ ဖြစ်ပါတယ်။

 

Perimenopause

 

Perimenopause ဆိုတာက သွေးဆုံးကိုင်ခြင်း မဖြစ်ခင်မှာ ကြုံတွေ့ရတတ်တဲ့ ကာလအပိုင်းအခြားတစ်ခုပါ။ ဒီကာလက ဓမ္မတာလာတာရပ်တန့်မှု မတိုင်မီ  ရှစ်နှစ်ကနေ ၁၀ နှစ်အတွင်းမှာ စတင်တတ်ပါတယ်။ လွယ်လွယ်ပြောရရင် အသက် ၄၀ ကျော်လောက်မှာပေါ့။ ဒီကာလအတွင်းမှာဆိုရင် အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်ဟာ အက်စထရိုဂျင် (Estrogen) လို့ခေါ်တဲ့ မ,ဟော်မုန်းထုတ်လုပ်မှုတွေ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ကျဆင်းလာတဲ့ ဟော်မုန်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ခန္ဓာကိုယ်မှာလည်း ပြောင်းလဲမှုတွေ ကြုံတွေ့လာရပါတော့တယ်။ ဓမ္မတာစက်ဝန်း မမှန်တာ၊ လတွေ ကျော်ပြီးလာတာ၊ ရာသီသွေး ပိုဆင်းတာမျိုး ဒါမှမဟုတ် ရာသီသွေးနည်းနည်းပဲ ဆင်းတာမျိုးတွေ၊ ညဘက် ချွေးအရမ်းထွက်တတ်တာတွေ၊ ညဘက် အိပ်မပျော်တာတွေ၊ မီးယပ်ချမ်း ထတာ၊ စိတ်အတက်အကျ အရမ်းမြန်လာတာတွေ၊ မိန်းမကိုယ် ခြောက်သွေ့လာတာနဲ့ ခဏခဏ ဆီးသွားဖို့လိုလာတာမျိုးတွေ၊ စသဖြင့်ပေါ့။ သားဥကြွေတာမှာ အထောက်အကူပြုပေးတဲ့ အက်စ်ထရိုဂျင်တွေ ကျဆင်းလာတာဖြစ်တဲ့အတွက်လည်း ဓမ္မတာလာရင် ပုံမှန်ထက် ပိုရက်ကြာနေတာမျိုး၊ ရက်တိုနေတာမျိုးတွေလည်း ကြုံတွေ့ရလာနိုင်ပါတယ်။  အပေါ်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေ အကုန်ဖြစ်လာနိုင်သလို တချို့တလေပဲလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့‌ တစ်ယောက် ကြုံတွေ့ခံစားရတာတွေက တူညီမှုမရှိပါဘူး။ ဒီ Perimenopause ဆိုတဲ့ကာလကို လွယ်လွယ်ရှင်းရှင်းပြောရရင် ရာသီသွေးစီးဆင်းမှုရပ်တန့်ဖို့အတွက် အရှိန်ယူနေတဲ့ကာလလို့ သတ်မှတ်လို့ရပါတယ်။

 

Menopause

 

တချို့အမျိုးသမီးတွေက အပေါ်မှာ ရှင်းပြခဲ့တဲ့လက္ခဏာတွေကို နှစ်အတော်အတန်ကြာအောင် ခံစားနိုင်ရပေမဲ့ တချို့ကတော့ လအနည်းငယ်ပဲလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီကာလကို ဖြတ်ကျော်ပြီးသွားရင်တော့ Menopause လို့ခေါ်တဲ့ ရာသီသွေးစီးဆင်းမှုရပ်တန့်တဲ့ အချိန်အပိုင်းအခြားကို ရောက်ရှိပါပြီ။ ဒီကာလမှာဆိုရင် ဓမ္မတာလာတာက တစ်နှစ်တိတိ၊ ၁၂ လဆက်တိုက် ရပ်ဆိုင်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဆင့်မှာလည်း Perimenopause မှာ ကြုံတွေ့ရတဲ့ လက္ခဏာတချို့ကို ခံစားနေရဦးမှာပါ။

 

Post menopause

 

Post menopause ကတော့ တစ်နှစ်တိုင်တိုင် ဓမ္မတာ မလာပြီးနောက် ကြုံတွေ့ရမဲ့ ကာလပါ။ အမျိုးသမီးတွေရဲ့ မျိုးပွားမှုစနစ်က ရပ်တန့်သွားပြီး သားဥအိမ်ကလည်း သားဥကြွေမပေးတော့ပါဘူး။ တစ်နည်းပြောရရင် အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်း အပြီးတိုင်ရပ်တန့်သွားတာပါ။ ဒီကာလမှာတော့ အပေါ်မှာကြုံတွေ့ခဲ့ရတဲ့ လက္ခဏာတွေဟာ မပြင်းထန်တော့တာမျိုး ဒါမှမဟုတ် အပြီးတိုင်ပျောက်ကွယ်သွားတာမျိုး ဖြစ်လာမှာပါ။ ဒါပေမဲ့လည်း ရာသီစက်ဝန်းရပ်တန့်သွားတာတောင် မိန်းမကိုယ်က အလွန်အမင်းခြောက်သွေ့ပြီး သွေးအနည်းငယ်ထွက်တာ၊ မီးယပ်ချမ်းတွေ မကြာခဏခံစားနေရတုန်းဆိုရင်တော့ သက်ဆိုင်ရာကျွမ်းကျင်သူတွေဆီမှာ အမြန်ဆုံး သွားရောက်ကုသတိုင်ပင်တာက အကောင်းဆုံးဖြစ်မှာပါ။

ရာသီစက်ဝန်းရပ်တန့်တာက ပြဿနာမရှိပေမဲ့ အက်စ်ထရိုဂျင်ကို အဓိကထုတ်ပေးတဲ့ သားဥတွေမရှိတော့တဲ့ အတွက်ကြောင့် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ Adrenal Glands ကနေထွက်လာတဲ့ Androgens လို့ခေါ်တဲ့ ဟော်မုန်းတွေကို Estrogen ဟော်မုန်းဖြစ်အောင် ပြောင်းလဲပစ်လိုက်ရပါတော့တယ်။ ဒီလိုပြောင်းလဲလိုက်ပေမဲ့လည်း Estrogen ဟော်မုန်းက မလုံလောက်သေးတဲ့အတွက် အရိုးပွရောဂါအပြင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်း စတာတွေကို ကြုံတွေ့လာနိုင်စွမ်းက ပိုမြင့်လာမှာပဲဖြစ်ပါတယ်။

ဒီလိုရောဂါတွေဖြစ်လာတာကို ကြိုတင်ကာကွယ်ဖို့နဲ့ သွေးဆုံးကိုင်ခြင်းဖြစ်စဉ်အတွင်းမှာ ခံစားရတဲ့လက္ခဏာတွေကို ပျောက်ကင်းဖို့အတွက် ဟော်မုန်းအစားထိုးကုသခြင်း (Hormone Replacement Therapy) ဆိုတဲ့ ကုသမှုလည်းရှိပါတယ်။ ဒါတွေအပြင် အရွယ်မတိုင်ခင် ရာသီစက်ဝန်းရပ်တန့်မှုကို ကြုံတွေ့ရတတ်တဲ့အမျိုးသမီးတွေအတွက်လည်း ဒီကုထုံးကို အသုံးပြကြပါသေးတယ်။ ဒီကုသမှုက Estrogen တွေကို ပြင်ပကနေ ခန္ဓာကိုယ်ထဲကို ထိုးသွင်းပြီး ဟော်မုန်းပမာဏမြင့်လာအောင် လုပ်တာပါ။ ဒါပေမဲ့လည်း ဘေးထွက်ဆိုးကျိုး တချို့ရှိတဲ့အတွက် Phytoestrogens ဟော်မုန်းပါဝင်တဲ့ အစားအစာတွေကို အဓိက စားသုံးပေးဖို့သာ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။ ဥပမာ ပဲပိစပ်၊ ကုလားပဲ၊ တို့ဟူး၊ လိမ္မော်သီးနဲ့ စတော်ဘယ်ရီ စတဲ့အစားအစားမျိုးတွေပေါ့။

တကယ်လို့များသာ စာဖတ်သူတို့ရဲ့ မိသားစုထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ သွေးဆုံးကိုင်ခြင်းလက္ခဏာတွေက အပေါ်မှာရှင်းပြခဲ့တာတွေထက် ပိုပြီးပြင်းထန်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလောက်ဆိုရင် သွေးဆုံးကိုင်ခြင်းအကြောင်းကို စာဖတ်သူတို့ ရှင်းရှင်းလင်းလင်း နားလည်လောက်ပြီလို့ ထင်မြင်မိလို့ စာကို ဒီမှာပဲအဆုံးသတ်ပါရစေ။ နောက်တစ်ပတ်ပြန်ဆုံပါမယ်။