အဆောင်သူတွေရဲ့ ရှိုက်သံ

Author ကိုထက်
Categories
Published on Nov 03, 2024

ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍအတွက် ရန်ကုန်မြို့က အဆောင်နေသူတွေရဲ့ အသံတွေကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လို အခက်အခဲအကျပ်အတည်းတွေရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ ဘယ်လို ရုန်းကန်နေရပါသလဲ။

****************************************

 

“နေမကောင်းတောင်မဖြစ်ရဲဘူး။ ဆေးခန်းပြခတွေလည်း ဈေးကကြီးနေတာလေ။ မဖြစ်မနေမှပဲ သွားပြတယ်။”

 

လှိုင်သာယာမြို့နယ်မှာ အဆောင်ငှားနေသူ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦး

 

အဆောင်လခကလည်း တက်သွားတယ်။ မီတာခတွေလည်း ကိုယ်ဟာကိုယ် ပေးရတာလေ။ နှစ်ဆလောက်ကိုဖြစ်သွားတာ။ စက်ရုံကလည်း တစ်လလေးသိန်းလောက်ရဖို့ကို အိုတီက နေ့တိုင်းဆင်းနေရတယ်။ ကုန်ဈေးနှုန်းကလည်းကြီး၊ လစာကလည်း မတိုးတော့ အိမ်ကိုပြန်ပေးဖို့နေနေသာသာ အကြွေးတောင်တင်တယ်။ အရင်လို အဆင်ပြေပြေ၊ ရတဲ့လခနဲ့ မပူမပင်နေရတဲ့အချိန်တွေ ပြန်ရောက်ချင်တာပေါ့နော်။ အခုဟာက အစစအရာရာအကုန်ကြပ်နေတာ။ ဧည့်စာရင်းကလည်း ရက်မကျော်မိအောင်သတိထားနေရ၊ ရက်ကလေးတစ်ရက်လောက် ကျော်မိတာနဲ့ကို သူတို့က အနည်းဆုံး ငါးထောင်၊ တစ်သောင်းကနေစတောင်းတော့တာ။ နေမကောင်းတောင်မဖြစ်ရဲဘူး။ ဆေးခန်းပြခတွေလည်း ဈေးကကြီးနေတာလေ။ မဖြစ်မနေမှပဲ သွားပြတယ်။ ဒီအတိုင်း ခံနိုင်ရုံလောက်ကတော့ ဆေးတစ်လုံးလောက်ဝယ်‌သောက်ပြီး အလုပ်ဆင်းလိုက်တာပါပဲ။ ဘယ်အချိန်အထိ အခုလိုတွေ ရုန်းကန်နေရမလဲတော့မသိဘူး။ ဆက်ပြီးတော့ ကြိုးစားနေထိုင်ရဦးမှာပဲလေ။

****************************************

 

“တစ်ခုခုပေါက်ကွဲတာဖြစ်ပြီဆိုလည်း ကျွန်မတို့အဆောင်တွေ၊ အငှားတွေကိုပဲ ဧည့်စာရင်းက ဝင်စစ်တာများတယ်။”

 

ကမာရွတ်မြို့နယ်၊ လှည်တန်းအနီးရှိ အဆောင်သူ အမျိုးသမီးတစ်ဦး

 

သင်တန်းလည်း တက်၊ အလုပ်လည်းလုပ်ဖို့ ဒီလှည်းတန်းမှာ အဆောင်နေဖြစ်တာ။ ကျွန်မတို့ နယ်ဘက်တွေက တိုက်ပွဲတွေလည်းရှိနေတော့။ ဒီမှာကတော့ ဈေးတွေက အရမ်းတော့ မတက်သွားပါဘူး။ တခြားအဆောင်တချို့တွေဆိုရင် အိမ်ရှင်တွေက အရမ်းကို စည်းကမ်းကကြပ်တာမျိုးတွေပေါ့။ ကိုယ့်အသိထဲတွေက ကြုံရတာတွေ ကြားရတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေက အိမ်ငှားတွေကို အိမ်ရှင်တွေကိုတာဝန်ခံခိုင်းတာတွေ လုပ်ခိုင်းတော့ အိမ်ရှင်တွေဘက်က ကြပ်တာတွေကြောင့် အဆင်မပြေတာတွေပေါ့။ အဲဒါလောက်ပါပဲ။ အရင် အာဏာမသိမ်းခင်က ဒါမျိုးတွေမကြားရ၊ မကြုံရသလောက်ပဲလေ။ အခုက ငှားနေတဲ့သူတွေများလာတာကြောင့်ရယ်လည်းပါမယ်။ တစ်ခုခုပေါက်ကွဲတာဖြစ်ပြီဆိုလည်း ကျွန်မတို့အဆောင်တွေ၊ အငှားတွေကိုပဲ ဧည့်စာရင်းက ဝင်စစ်တာများတယ်။

****************************************

 

“အုပ်ချုပ်ရေးမှူးတွေက ယောက်ျားလေးတွေချည်း သီးသန့်ငှားရင် တော်တော်ကို သတိထားစစ်ခိုင်းနေတာ။”

 

ပဲခူးမြို့ကနေ တာမွေမြို့နယ်မှာ အဆောင်ငှားနေထိုင်သူ လူငယ်အမျိုးသားတစ်ဦး

 

မိဘတွေကလည်း စိတ်ချလို့ရယ်မဟုတ်ပါဘူး။ ဟိုမှာနေရင် ဘာအခွင့်အလမ်းမှမရှိဘူးလေ။ အရင်ကလည်း တစ်ယောက်တည်းတွေနေနေကျမလို့ ဒီမှာဂျပန်သင်တန်းတက်ရင်းလာနေတာ။ သတိထားပြီးတော့ နေရတာပေါ့။ ကိုယ်က ယောက်ျားလေးလည်းဖြစ်တော့ ပါသွားရင် လွတ်လမ်းကမရှိဘူးလေ။ ဒီလိုပဲ ကိုယ့်လို လာနေတဲ့သူတွေလည်းရှိတော့ အရမ်းစိုးရိမ်စိတ်တော့ မရှိပါဘူး။ အိမ်ရှင်ဘက်ကတော့ ‌မငှားခင်ကို တော်တော်မေးတာမြန်းတာလုပ်တယ်။ သူတို့လည်း တစ်ခုခုဖြစ်လာရင် မရှင်းနိုင်ဘူးပေါ့။ အုပ်ချုပ်ရေးမှူးတွေက ယောက်ျားလေးတွေချည်း သီးသန့်ငှားရင် တော်တော်ကို သတိထားစစ်ခိုင်းနေတာ။

****************************************

 

“အိမ်ကိုပို့ဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းနေဖို့စားဖို့တောင် တော်တော်ကိုလုပ်နေရတာလေ။”

 

ကျောက်တံတားမြို့နယ်မှာ အဆောင်နေသူ အသက် ၃၀ အရွယ်အမျိုးသား

 

တစ်ယောက်အခန်းလေးပဲ ငှားနေဖြစ်တယ်။ ဘာလို့ဆို ငှားခတွေကအရင်ကထက် ဈေးတွေကြီးလာတယ်။ ကိုယ်ကလည်း တစ်နေကုန်အလုပ်သွားနေပြီး ညဘက်အိပ်ရုံလေးဆိုတော့ အခုဟာလေးပဲ ငှားနေရတာ။ အဆောင်နေရသူတွေပြဿနာက အိမ်ရှင်နဲ့ အဆင်မပြေတာ‌တွေ၊ နေရတာမှာ ရေ၊မီးအဆင်မပြေတာတွေဆို ခဏခဏပြောင်းရတဲ့သဘာဝကရှိတယ်။ သည်းခံပြီးပဲ နေရတာပေါ့နော်။ ဘာလို့ဆို ကိုယ်တွေနယ်တွေက အေးမှမအေးချမ်းတာ။ ‌ရန်ကုန်က စစ်မက်ဘာညာမဖြစ်တာ ကျေးဇူးတင်ရမယ်။ အာဏာမသိမ်းခင်ကထက်တော့ အများကြီးကျပ်တည်းသွားတာပေါ့။ ကုန်ဈေးနှုန်းကလည်း အကုန်တက်နေတာ။ အိမ်ကိုပို့ဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းနေဖို့စားဖို့တောင် တော်တော်ကိုလုပ်နေရတာလေ။

****************************************

 

“အခုက စုမိဆောင်းမိဖို့ထက် လက်ရှိစားဝတ်နေရေးကိုပြေလည်ဖို့က ခက်နေတာ။”

 

လှိုင်သာယာမြို့နယ်က အဆောင်ငှားနေထိုင်သူ အသက် ၅၀ အရွယ်အမျိုးသမီး

 

အိမ်မှာက ပထမကကလေးတွေအဖေရဲ့လုပ်စာရှိတော့ အဆင်ပြေသေးတယ်။ အခုက အမျိုးသားက ဟိုတလောကပဲ ဆုံးသွားတာလေ။ အဲဒီတော့ ကလေးတွေပဲ စက်ရုံထွက်လုပ်။ သူတို့ရတဲ့လစာလေးတွေနဲ့ပဲ ရပ်တည်နေရတာ။ တစ်လစာစားဖို့၊ ဆန်၊ ဆီတွေကို လပေးသဘောမျိုးလေးယူထားပြီး လစာတွေထုတ်မှရှင်းပေါ့။ အဲဒီလိုမျိုးနေနေရတာ။ အဆောင်ခကလည်း တက်တယ်။ မီတာခက ကိုယ့်ဟာကိုယ်မဆောင်ရပေမဲ့ သပ်သပ်အဆောင်က ထပ်ကောက်တော့ သူတို့တိုးဆောင်ရရင် ကိုယ်တွေလည်းတိုးပေးရတာပဲလေ။ အဆင်ပြေတယ်လို့တော့မဟုတ်ဘူး။ ဒီလိုပဲ မပြေပြေအောင်နေနေရတာ။ အခုက စုမိဆောင်းမိဖို့ထက် လက်ရှိစားဝတ်နေရေးကိုပြေလည်ဖို့က ခက်နေတာ။