ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ)
ဒီတစ်ပတ် (အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ) အတွင်းမှာတော့ မြောက်ကိုရီးယားဟာ ရုရှားဘက်က ရပ်တည်တယ်လို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့ သတင်း အပါအဝင် စပိန်မှာ သဘာဝဘေးကြောင့် လူရာနဲ့ချီသေဆုံးရတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာလို့ ဖူဂျီတောင်မှာ နှင်း မကပ်နိုင်တော့တဲ့ သတင်း၊ အစ္စရေးမှာ ထိုင်းလူမျိုးတွေ ဒုံးကျည်ထိမှန်သေဆုံးရတဲ့သတင်းနဲ့ အမေရိကန်က ကြိုတင်မဲပုံးတွေ မီးရှို့ခံရတဲ့ သတင်း အကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
****************************************
“ရုရှားဘက်မှာ မြောက်ကိုရီးယား ပြတ်ပြတ်သားသားရပ်ပြီ”
ရုရှားနဲ့ မြောက်ကိုရီးယားဟာ အခုနှစ်ထဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွေအပြင် စစ်ရေး ကိစ္စတွေကိုပါ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲထဲမှာတောင် မြောက်ကိုရီးယားက ပါဝင်လာလို့ ကမ္ဘာနိုင်ငံတွေရဲ့ စောင့်ကြည့်တာတွေကို ခံလာရတာပါ။ မြောက်ကိုရီးယားအနေနဲ့ ဒီလိုပြောဆိုမှုတွေကို အစောပိုင်းမှာ ခုခံကာကွယ်ပြီး ငြင်းဆိုခဲ့ပေမဲ့ စောင့်ကြည့်နေတဲ့ ကမ္ဘာနိုင်ငံတွေက သက်သေတွေနဲ့တကွ ချပြလာတဲ့အခါမှာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်လာခဲ့ပါတယ်။
မြောက်ကိုယားအထူးတပ်ဖွဲ့ဝင်တွေဟာ ရုရှားကို အမှန်တကယ်ပဲ ရောက်နေခဲ့ပါပြီ။ ရုရှားဘက်ကနေ တိုက်ခိုက်သွားမှာပါ။ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယားစစ်ကူတွေဟာ စစ်မြေပြင်တွေအထိ ရောက်ရှိနေကြပြီလို့ နိုင်ငံတကာသတင်းတွေကလည်း အသိပေးပြီးပါပြီ။ အခုတော့ အဲဒီလို သတင်းတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မြောက်ကိုရီးယားက ထပ်ပြီးတော့ အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ဟာ ရုရှားနိုင်ငံကို သံတမန်ရေးရာအရ ခရီးဆက်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေက စိုးရိမ်နေချိန်မှာပဲ ရုရှားဘက်မှာ မြောက်ကိုရီးယားအနေနဲ့ အပြည့်အဝ ရပ်တည်ကြောင်း ပြသလိုက်တာနဲ့ တူတူပါပဲ။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ နောက်ထပ် မြောက်ကိုရီးယား စစ်ကူတွေ ရုရှားကို လွှတ်မဲ့အရေးကို အထူးဆွေးနွေးသွားဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယား လွှတ်တော် တံခါးပိတ် အစည်းအဝေးအတွင်း တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက တင်ပြခဲ့တယ်ဆိုတာကို နိုင်ငံတကာသတင်းတွေက ဖော်ပြနေကြပါတယ်။
အခုလိုမျိုး ရုရှားဘက်ကို မြောက်ကိုရီးယားဘက်က အကူအညီတွေ ပေးလာလို့ ရုရှား-ယူကရိန်း စစ်ပွဲဟာ ပိုမိုပြီး အချိန်ကြာမြင့်သွားမဲ့အရေး စိုက်နေပါပြီ။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးအန္တရယ်တွေဟာ ပိုမိုပြီး ကြီးထွားလာဖို့ပဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ အသိပေးချက်မှာ ရုရှားအနေနဲ့ အောင်မြင်မှု ရမယ်ဆိုတာကို ယုံကြည်ပြီး အောင်မြင်မှုရတဲ့အထိ ရုရှားနဲ့အတူ ရပ်တည်သွားမယ်လို့ ပြတ်ပြတ်သားသား ထုတ်ပြောခဲ့တာပါ။
****************************************
“စပိန်မှာ လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်”
စပိန်မှာတော့ သဘာဝဘေးနဲ့ ပတ်သက်ပြီး မကြုံစဖူးတွေ ရင်ဆိုင်နေရသလို လူပေါင်းရာချီသေဆုံးမှုတွေ ဖြစ်လာပါတယ်။ စပိန်နိုင်ငံ အရှေ့ပိုင်းဒေသ ဗလင်စီယာ တောင်ပိုင်းမှာ လွန်ခဲ့တဲ့ သုံးရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရုတ်တရက် ရေလွှမ်းသွားတဲ့အတွက် သေဆုံးသူ ၂၀၀ ကျော်ရှိနေပြီး ပျောက်ဆုံးသူ အများအပြား ရှိနေတယ်လို့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
ဒီလို လူသေဆုံးတာတွေနဲ့ ပျောက်ဆုံးတာတွေ ရှိနေပေမဲ့ မိုးရွာသွန်းမှုနဲ့ ရေကြီးမှုတွေဟာ ရပ်တန့်သွားမှာမဟုတ်သေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ မိုးဆက်တိုက်ရွာနိုင်ချေရှိနေလို့ စပိန် အရေးပေါ်ဌာနက သတိပေးချက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေပါတယ်။ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဝင်ရောက်တဲ့ မုန်တိုင်းအပြင် နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကြောင့် အခုဖြစ်ရပ်ကို စပိန်နိုင်ငံမှာ လူသေဆုံးမှု အများဆုံး သဘာဝဘေးတစ်ခုအဖြစ် သတ်မှတ်လိုက်ပါပြီ။
အခုတော့ ဗလင်စီယာမှာ လျှပ်စစ်မီး မရတာတွေ၊ သောက်သုံးရေ မရတာတွေနဲ့ ဖုန်းလိုင်းအဆက်အသွယ် ပြတ်တောက်မှုတွေ ဖြစ်နေပါတယ်။ ကူညီကယ်ဆယ်ရေးတွေကတော့ ဘဘာဝဘေးဖြစ်တဲ့ နေရာတွေကို သွားရောက် ကူညီနေကြပေမဲ့ မြေပြင်မှာ အခက်အခဲတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။
အဓိကကတော့ အပျက်အစီးတွေကို ဖယ်ရှားဖို့ စက်တွေ၊ ကရိန်းတွေ လိုအပ်နေတာပါ။ ဗလင်စီယာမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရှစ်နာရီကြာ မိုးရွာသွန်းခဲ့တာကြောင့် တစ်မြို့လုံး ရေလွှမ်းခဲ့သလို လမ်းတွေ အိမ်တွေ ပျက်စီးပြီး ရွှံ့တွေ ဖုံးလွှမ်းသွားတယ်လို့ ဆိုပါတယ်။
စပိန်နာမည်ကြီး ဘောလုံးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်အသင်းကတော့ အခုရေဘေးအတွက် အရေးပေါ်ကူညီတွေ လုပ်ဆောင်နိုင်အောင် ယူရို တစ်သန်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် စနေနေ့မှာ ကစားရမဲ့ ဗလင်စီယာအသင်းနဲ့ ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်သေးတယ်။
****************************************
“မကြုံစဖူး ဆီးနှင်းတွေ ကင်းစင်နေတဲ့ ဖူဂျီတောင်ကြီး”
ဂျပန်နိုင်ငံရဲ့ အထင်ကရ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ကြီးမှာ အောက်တိုဘာလကုန်အထိ ဆီးနှင်းတွေ မရှိတာကို တွေ့မြင်ရပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၃၀ အတွင်း မကြုံစဖူး ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့ရတာပါ။ ဂျပန်နိုင်ငံဟာ အပူဆုံးနွေရာသီကို ဖြတ်ကျော်ခဲ့ရပြီးနောက် နိုင်ငံအတွင်းမှာ အခုလို ထူးခြားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။ ၁၉၅၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာတောင် ဆီးနှင်းမြင်တွေ့ခွင့်စံချိန်က အောက်တိုဘာ ၂၆ ရက် နောက်ဆုံး ရှိခဲ့တာပါ။ ဒီနှစ်မှာတော့ အဲဒီနောက်ဆုံး စံချိန်တင်ထားတဲ့ ရက်ကိုပါ ကျော်သွားခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ပြီး ဂျပန်နိုင်ငံမှာလည်း မိုးရွာသွန်းမှုနည်းပါးသွားတာနဲ့ ဆီးနှင့်ကျတာ နောက်ကျတာတွေ ဆက်တိုက်ကြုံလာရပါတယ်။ ဂျပန်နိုင်ငံဟာ အခုနှစ်မှာ အပူဆုံးနွေရာသီအဖြစ် စံချိန်တင်ခဲ့ပြီး ဇွန်လကနေ သြဂုတ်လအတွင်း အပူချိန်ဟာ ပျမ်းမျှထက် ၁ ဒသမ ၇၆ ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်မားခဲ့ပါတယ်။ ပူနွေးတဲ့ အပူချိန်ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလအထိ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ဆီးနှင်းတွေ အားကောင်းလာစေနိုင်တဲ့ လေအေးတွေလည်း မရနိုင်ခဲ့ဘဲ ဖြစ်ခဲ့ရပါတယ်။
ဖူဂျီတောင်ပေါ်မှာ ပထမဆုံး နှင်းကျတာဟာ ဆောင်းရာသီ ရောက်ရှိလာပြီလို့ ညွှန်းဆိုလိုက်တာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ အခုတော့ ဆီးနှင်းတွေလည်း မလာနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တိုဘာ ၅ ရက်နေ့တွေမှာတောင် နှင်းပွင့်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ငယ်ငယ်က ဆပ်ပြာဗူးခွံတွေမှာ အမြဲတွေ့ခဲ့ရတဲ့ ဖူဂျီတောင်ကြီးနဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကတော့ အတော်လေး သတိထားရမဲ့ အခြေအနေဖြစ်နေပါပြီ။
ကမ္ဘာကြီးပူနွေးမှုဟာ ပိုမိုဆိုးရွားလာတဲ့အခြေအနေကို ဦးတည်နေပေမဲ့ ကမ္ဘာ့နိုင်ငံတွေက ကုမ္ပဏီတွေကတော့ ရုပ်ကြွင်းလောင်စာတွေနဲ့ ဘိလပ်မြေထုတ်မှုတွေကို ပိုမိုပြုလုပ်နေပြီး ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို အားပေးအားမြောက်ပြုလုပ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က စံချိန်တင် အပူဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာဟာ လက်ရှိမှာလည်း ကမ္ဘာကြီးပူနွေးလာမှု ၂ ဒသမ ၇ ဒီဂရီကို ဦးတည်နေပြီဖြစ်ပါတယ်။ Carbon Majors Database ရဲ့ အစီရင်ခံစာအသစ်မှာတော့ ကုမ္ပဏီ ၅၇ ခုဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ဖောဖောသီသီ ထုတ်လွှတ်နေကြတယ်လို့ဆိုပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် ၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက်ကို အဖွဲ့အစည်းပါတီပေါင်း ၂၀၀ နီးပါးက လက်ခံခဲ့ကြပေမဲ့ အခုလို ထုတ်လွှတ်မှုတွေက ဆက်လက်မြင့်တက်လာနေတာပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီစာရင်းတွေထဲမှာ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီတွေလည်း ပါဝင်နေပြီး အထိန်းအကွပ်မရှိ တိုးထုတ်နေမှုတွေအတွက် တာဝန်ခံဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကတိကဝတ်တွေကို လိုက်နာမှုပြုလုပ်နေဟန်နဲ့ ကမ်ပိန်းတွေမှာ ဒေါ်လာသန်းချီအကုန်ကျခံပြီး လူမြင်ကောင်းအောင် ပြုလုပ်နေကြသလို တစ်ဘက်မှာ သူတို့ရဲ့ စွမ်းအင်ထုတ်မှုတွေက ရရှိတဲ့ ဘီလီယံ၊ ထရီလီယံချီတဲ့ ငွေကြေးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်လုပ်နေကြတာပဲဖြစ်ပါတယ်။
****************************************
“အစ္စရေးမှာ ဒုံးကျည်ထိမှန် သေဆုံးခဲ့ရတဲ့ ထိုင်းလူမျိုးတွေ”
လက်ဘနွန်နယ်စပ်နဲ့ ကပ်နေတဲ့ အစ္စရေးနိုင်ငံ မြောက်ပိုင်းက မီတူလာမြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လက်ဘနွန်ဘက်ကပစ်လိုက်တဲ့ ဒုံးကျည်ကြောင့် ထိုင်းနိုင်ငံသား လေးယောက် သေဆုံးခဲ့ရပါတယ်။ သူတို့လေးယောက်ဟာ တခြားအလုပ်သမားတွေနဲ့အတူ လယ်ယာစိုက်ပျိုးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေကြတာပါ။ ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုထားပြီး နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က သူ့ရဲ့ လူမှုကွန်ရက် X မှာ အလွန်ဝမ်းနည်းရကြောင်း အသိပေးထားပါတယ်။
အစ္စရေးမှာ ထိုင်းအလုပ်သမား ၃၀,၀၀၀ ခန့်ရှိပြီး အများစုဟာ လယ်ယာလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကြပါတယ်။ ပဋိပက္ခတွေအတွင်း အခုလို ထိုင်းလူမျိုးတွေ သေဆုံး ထိခိုက်ဒဏ်ရာတွေရတာဟာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာတောင် ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းလူမျိုး ၄၆ ယောက် သေဆုံးခဲ့ရပါသေးတယ်။ ဒီ့အပြင် ခြောက်ဦးကိုလည်း လက်ရှိအထိ ဟားမက်စ်အဖွဲ့က ဓားစာခံတွေအဖြစ် ဖမ်းဆီးထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်ထားပါတယ်။
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ မိသားစုတွေကို အပြည့်အဝ အကူအညီပေးဖို့ တဲအဗစ်မှာရှိတဲ့ ထိုင်းသံရုံးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အပြစ်မဲ့ အရပ်သားတွေ ထိခိုက်နေတဲ့အပေါ်မှာလည်း မှတ်ချက်ပြုခဲ့ပါတယ်။ သက်ဆိုင်တဲ့အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကို သွားဖို့ ထိုင်းနိုင်ငံအနေနဲ့တောင်းဆိုကြောင်း အသိပေးထားပါတယ်။ အစ္စရေးသတင်းတွေမှာတော့ အစ္စရေးတစ်ယောက်နဲ့ ထိုင်းနိုင်ငံသားတွေဖြစ်တဲ့ Kawisak Papanang၊ Akaphon Wanasai၊ Thana Tijantak နဲ့ Prayat Pilatram တို့ သေဆုံးသွားကြတယ်လို့ ရေးသားဖော်ပြကြပါတယ်။
****************************************
“အမေရိကန်မှာလည်း ကြိုတင်မဲပုံးတွေ ဖျက်ဆီးခံရတယ်”
အမေရိကန် ဝါရှင်တန်ပြည်နယ်နဲ့ အိုရီဂွန် ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်အစောပိုင်းက ကြိုတင်မဲပုံးတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ မီးရှို့တဲ့သူကို ဖမ်းဆီးနိုင်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းနေပါတယ်။ AP သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ တချို့ မဲပုံးတွေဟာ မီးလောင်နေပေမဲ့ လုံခြုံရေးတွေက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရာနဲ့ချီတဲ့ ကြိုတင်မဲတွေကတော့ မီးလောင်ပျက်စီးခဲ့ရပါတယ်။
အမေရိကန်မှာ ပြည်သူတွေ မဲပေးဖို့ အခြေအနေနဲ့ ပတ်သက်ပြီး အခက်အခဲတချို့ ရှိနေပါတယ်။ မကြာသေးခင်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ရေဘေးသင့်ခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထားတွေ ဆုံးရှုံးခဲ့ရလို့ မဲပေးနိုင်ဖို့ ဒုက္ခရောက်နေရပါတယ်။ အခုအခါမှာလည်း ကြိုတင်မဲပုံးတွေ လိုက်ဖျက်ဆီးနေတဲ့ အခြေအနေတွေ ထပ်ပေါ်လာလို့ တချို့ပြည်သူတွေအနေနဲ့ မဲပြန်ပေးဖို့တောင် စိုးရိမ်နေကြပါတယ်။ တချို့ကတော့ အခုလိုလုပ်ရပ်တွေဟာ ဒီမိုကရေစီကို တိုက်ရိုက် တိုက်ခိုက်လိုက်တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
အခုနှစ် အမေရိကန် သမ္မတနေရာအတွက် ယှဉ်ပြိုင်မှုဟာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန် ပါတီတို့အကြား အတော်လေး ကျဉ်းမြောင်းနေပြီး အကြိတ်အနယ်ဖြစ်လာမယ့် အခြေအနေပါ။ ဒါကြောင့်လည်း အသည်းကြားက မဲတစ်ပြားကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင် ဖြစ်နေပြီး နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲပေးမှုကိစ္စတွေကို ချောချောမောမောနဲ့ ဖြစ်စေချင်နေကြပါတယ်။
မြေပြင်က အခုလို ကိစ္စတွေအပြင် နည်းပညာပိုင်းနဲ့ ဆိုက်ဘာနှောက်ယှက်မှုတွေဟာလည်း သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပွားနေပါသေးတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ ဆုံးဖြတ်ချက်ဝေဝါးအောင် သို့မဟုတ် ရလဒ်တွေ ပြောင်းလဲသွားအောင် တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံတွေက လုပ်ဆောင်နေတယ်ဆိုတာကို Microsoft နည်းပညာကုမ္ပဏီကြီးနဲ့ Recorded Future ဆိုတဲ့ ဆိုင်ဘာလုံခြုံရေးလုပ်ငန်းတွေက ဆိုင်ဘာအန္တရာယ် သုံးသပ်ချက် အစီရင်ခံစာကို ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်ပြီး အသိပေးခဲ့ပါတယ်။
၂၀၂၀ တုန်းကလို အမေရိကန်မဲဆန္ဒရှင်တွေ အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တဲ့ အီရန်နဲ့ဆက်နွယ်တဲ့ အဖွဲ့တွေဟာ အခုရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဝက်ဆိုက်တွေ၊ သတင်းဌာနကြီးတွေကို လေ့လာစောင့်ကြည့်နေပြီး နှောက်ယှက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။