ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Nov 03, 2024

ဒီတစ်ပတ်(အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၂ ရက်အထိ)အတွင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သွားပါတယ်။ အဲဒီလိုပဲ တရုတ်သွားဖို့ရှိနေတဲ့ စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တွေ လူလုံးသိပ်မထွက်ခဲ့ပါဘူး။ တော်လှန်ရေးတိုက်ပွဲသတင်းတွေဘက်မှာဆိုရင် အမ်းနပခ ဒုတိယမြောက် သိမ်းခံရတဲ့ စစ်ဌာနချုပ်ဖြစ်လာဖွယ်ရှိတဲ့သတင်းလည်း ထူးပါတယ်။ နောက်ပြီး အညာကို ရွှေ့တဲ့ BPLA ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထားတဲ့ မန်း PDF အချုပ်ဆောင် နှစ်ရက်တာ ဗုံးကြဲခံရမှုသတင်းတွေအပါအဝင် မြန်မာအလှမယ် သဲစုငြိမ်း ဆုရုပ်သိမ်းခံရတဲ့ သတင်းတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

“စစ်ခေါင်းဆောင်တွေ လူရှေ့သိပ်မထွက်ခဲ့တဲ့ ရက်သတ္တပတ်”

 

ပြီးခဲ့တဲ့အပတ်တွေထဲ စစ်ခေါင်းဆောင်နှစ်ယောက် တစ်ပတ်လုံးလိုလို မအားမလပ်ရအောင် ပွဲတွေ လည်တက်ခဲ့ပေမဲ့ ဒီတစ်ပတ်ထဲတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်ပွဲနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်ပွဲပဲ တက်ခဲ့တာတွေ့ရပါတယ်။

 

ပထမဆုံး စစ်ခေါင်းဆောင်က အောက်တိုဘာ ၃၀ ရက် ဗုဒ္ဓဟူးနေ့မှာ Naypyitaw State Polytechnic University တည်ဆောက်နေတာကို သွားကြည့်ခဲ့ပါတယ်။

 

အဲဒီမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက္ကသိုလ်အတွင်း ဆိုလာမီးသုံးဖို့၊ သစ်ပင်တွေစိုက်ဖို့တွေအပါအဝင် ရေရှည်အကျိုး ကြည့်ပြီး လုပ်ဖို့ သူ့လက်အောက်ခံတွေကို အမိန့်ပေးသွားပါတယ်။

 

အဲဒီနေ့ မနက်ပိုင်းမှာပဲ တာဝန်ပြီးဆုံးလို့ မိခင်နိုင်ငံပြန်တော့မယ့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကို နေပြည်တော်မှာပဲ တွေ့ခဲ့ပြန်ပါတယ်။

အဲဒီမှာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းနေတာ၊ အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်နိုင်ဖို့နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတာတွေကို စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

 

ဗုဒ္ဓဟူး တစ်ရက်တည်းမှာပဲ ဒုစစ်ခေါင်းဆောင် စိုးဝင်းလည်း ဒီနှစ် ၂၀၂၄ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ လေးကြိမ်မြောက် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

 

နိုင်ငံတော်အဆင့်အနေနဲ့ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် အဲဒီအားကစားပွဲကို ကိုးနှစ်အကြာမှာ စစ်ကောင်စီက ပြန်လုပ်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။

 

အားကစားပွဲတော်တွေကို ၁၉၉၂ ခုနှစ်၊ မေ ၃၊ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီ ၂၅၊ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီ ၁၁ နဲ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ တို့မှာ ကျင်းပခဲ့ပြီး ပထမသုံးကြိမ်ကို ရန်ကုန်မှာ လုပ်ခဲ့ပေမဲ့ နောက်ဆုံးအကြိမ်ကိုတော့ နေပြည်တော်မှာ လုပ်ခဲ့ပါတယ်။

 

ဒီတစ်ပတ် အောက်တိုဘာလနှောင်းပိုင်း ရက်တွေနဲ့ နိုဝင်ဘာ လဆန်းပိုင်းရက်တွေထဲ စစ်ခေါင်းဆောင် နှစ်ယောက်စလုံး ပွဲနဲ့ လူရှေ့ထွက်မှုတွေ အများအပြားမလုပ်ခဲ့ပါဘူး။

 

အောက်တိုဘာ ၃၀ တစ်ရက်တည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်ခါနဲ့ စိုးဝင်းက တစ်ခါပဲ လူရှေ့ထွက်ပြခဲ့ကြပါတယ်။

“တစ်နှစ်ပြည့် ၁၀၂၇ စစ်ဆင်ရေး”

 

ဒီတစ်ပတ် အောက်တိုဘာ ၂၇ ရက် တနင်္ဂနွေနေ့မှာ လက်နက်ကိုင်တော်လှန်ရေးကို အရှိန်မြင့်ဆုံးဖြစ်စေခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သွားပါတယ်။

 

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ အဲဒီတစ်နှစ်တာ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ရဲ့ နယ်မြေအားလုံးနီးပါးကို စစ်ကောင်စီလက်ထဲက တိုက်ယူနိုင်ခဲ့ပါတယ်။

 

အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း လောက်ကိုင်မြို့နဲ့ ဒုတိယပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးတစ်မြို့နယ်လုံးအပါအဝင် ကိုးကန့်နယ်ကို MNDAA တို့ အပိုင်စားရခဲ့ပါတယ်။

 

TNLA တို့ဟာလည်း ရှမ်းမြောက်-မန္တလေးအစပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေအပါအဝင် တအာင်း-ပလောင်နယ်မြေ တခွင်လုံးနီးပါး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်လိုက်ရတဲ့ ရှမ်းမြောက်က မြို့/ရွာတွေအားလုံးနီးပါးကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

တစ်နှစ်ပြည့် အောက်တိုဘာ ၂၇ ရက်နေ့မှာလည်း ကိုးကန့်အထူးဒေသ(၁)ရဲ့ မြို့တော် လောက်ကိုင်နဲ့ သိန္နီမြို့တွေ၊ တအာင်းတပ်ရဲ့ နမ့်ခမ်းနဲ့ နောင်ချိုမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

ဒါကြောင့် ကိုးကန့်ဒေသထဲက မြို့တွေမှာ လူသေဆုံးထိခိုက်မှုတွေမရှိခဲ့ပေမဲ့ ဟိုတယ်တစ်လုံးအပါအဝင် လူနေအဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ MNDAA က နောက်တစ်ရက် တနင်္လာနေ့မှာ ထုတ်ပြောထားပါတယ်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ဒေသတွေမှာတော့ အမျိုးသားတစ်ယောက်သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

 

“ဒုတိယမြောက်သိမ်းခံရတော့မယ့် စစ်ဋ္ဌာနချုပ် အမ်းနပခ”

 

ဒီတစ်ပတ်ထဲ စစ်ကောင်စီရဲ့ ဒုတိယမြောက် စစ်တိုင်းဌာနချုပ်တစ်ခု ထပ်သိမ်းခံရပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်၊ အမ်းမြို့နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဖြစ်ပါတယ်။

 

ဒါပေမဲ့ နိုဝင်ဘာ ၂ ရက် စနေနေ့ထိတော့ သိမ်းလိုက်ပြီဆိုတဲ့သတင်းကို CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်မပြုသေးသလို အာရက္ခတပ်တော် AA ဘက်ကလည်း တရားဝင်ထုတ်ပြောလာတာမျိုးမရှိသေးပါဘူး။

 

ဒါပေမဲ့ အမ်းနပခတဝိုက်က စစ်ကောင်စီရဲ့ စခန်းတွေနဲ့ အရံတပ်တွေအားလုံးကို AA ဘက်က သိမ်းပိုက်ထားသလို နပခ ကာကင်းအထိ တက်တိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် မကြာမီအချိန်အတွင်းမှာပဲ နပခကို အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်တော့မှာဖြစ်သလို ရခိုင်ပြည် ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်တော့မယ်လို့ အဲဒီက စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက ပြောထားပါတယ်။

 

လက်ရှိ အမ်းနပခသိမ်းတိုက်ပွဲတွေ အရှိန်အမြင့်ဆုံးရောက်နေသလို အဲဒီတိုက်ပွဲတွေဟာ ရခိုင်တိုက်ပွဲတွေထဲ အပြင်းထန်ဆုံးပဲလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

 

“အညာကို ရွှေ့တဲ့ BPLA”

 

PDF တွေအားကောင်းတဲ့ အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ တာဝန်ခံ မောင်ဆောင်းခက ဒီတစ်ပတ်ထဲ လူထုကို အသိပြောကြားထားပါတယ်။

 

အဲဒီမှာဖော်ဆောင်မယ့် စစ်ဆင်ရေးတွေအပေါ် အညာလူထုအနေနဲ့ ကြိုဆိုမယ်ဆိုတာ ယုံကြည်မျှော်လင့်တယ်လို့လည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အောက်တိုဘာ ၂၇ ရက် တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာပါ။

 

သူတို့စစ်ဆင်ရေးဒေသပြောင်းပြီလို့ ပြောတဲ့နေ့ဟာ BPLA တို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်အဖြစ်ဆင်နွှဲခဲ့တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီး တိုးတက်ဖြစ်ထွန်းခဲ့ပြီး အဲဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ မောင်ဆောင်းခက ပြောခဲ့ပါတယ်။

 

BPLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ရှမ်းပြည်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

 

အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေတင်မကဘဲ MOD လက်အောက်ခံမဟုတ်တဲ့တခြားအင်အားစုတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမယ်လို့ နောက်တစ်ရက် အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့မှာ ဆက်ပြောထားပါတယ်။

 

နောက်ပြီး BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့ အသိအမှတ်ပြုမှုရရှိဖို့ တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်မယ်လို့လည်း ပြောပါတယ်။

နောက်ပြီး BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပြောသွားပါတယ်။

 

BPLA ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး သူတို့ရဲ့အဓိကရည်ရွယ်ချက်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိရေး ဦးတည်ကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

 

“ပွဲရှာရင်း ပွဲခံသွားရပ်တဲ့ မြန်မာအလှမယ်”

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၁၂ ကြိမ်မြောက် Miss Grand International(MGI) ပြိုင်ပွဲဟာ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့ပါတယ်။

 

အဲဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားပေမဲ့ နိုင်ငံမတည်ငြိမ်တာနဲ့ တခြားအကြောင်းအချက်တချို့ကြောင့် ထိုင်းကို ရွှေ့ခဲ့ရတာပါ။

 

ဒီနှစ် ၂၀၂၄ MGI ပြိုင်ပွဲမှာ မြန်မာအလှမယ် သဲစုငြိမ်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး 2nd Runner up(တတိယ)ဆုပဲ ရရှိခဲ့ပါတယ်။

 

ဒါကို မကျေနပ်တဲ့ National Director(ND)က ဆုပေးပွဲ စင်ပေါ်ကဆင်းလာတဲ့ မြန်မာအလှမယ်ရဲ့ သရဖူကို လွှင့်ပစ်ခဲ့တဲ့အပြင် ဆလွယ်ကိုလည်း ချက်ချင်းချွတ်ပစ်တာတွေပြုလုပ်ခဲ့သလို စင်ပေါ်ကထွက်ခွာစဉ်မှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်  ပရိသတ်တွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

 

အဲဒီနောက် အလှမယ် သဲစုငြိမ်းနဲ့ ND တို့က Live လွှင့်ပြီး ပြဿနာတွေထပ်တက်အောင် ပြုမူပြောဆိုခဲ့သလို MGI အဖွဲ့အစည်းကနေ နုတ်ထွက်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

 

ဒါကြောင့် အလှမယ် သဲစုငြိမ်းကို စည်းကမ်းချိုးဖောက်တဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေလုပ်တယ်ဆိုပြီး MGI က အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆုပြန်ရုပ်သိမ်းခဲ့ပါတယ်။

 

ဘန်ကောက် MGI Hall မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ MGI ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၆၈ နိုင်ငံက အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 

၂၀၂၄ ခုနှစ်အတွက် MGI အလှမယ် သရဖူကို အိန္ဒိယအလှမယ် ရေချယ်ဂုပတာ (Rachel Gupta) ကရရှိခဲ့ပြီး ဖိလစ်ပိုင်အလှမယ် ခရစ်စတင်း ဂျူလီယန် အိုပီယာဇာ (Christine Julian Opiaza) က 1st Runner up နဲ့ မြန်မာအလှမယ် သဲစုငြိမ်းက 2nd Runner Up ဆုရရှိခဲ့ပါတယ်။

 

“ဇာတ်တူသားလည်း မရှောင်တဲ့ စစ်ကောင်စီ”

 

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ဘက်၊ အရပ်ဘက် မရွေးဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေအပြင် လေကြောင်းဗုံးကြဲမှုတွေပါ နိုင်ငံတဝန်းပြုလုပ်နေပါတယ်။

 

အခုတော့ သူတို့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုပါ မရှောင်တော့ဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒီတစ်ပတ်အတွင်း ပြုလုပ်နေပြီဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်ဟာ မန္တလေးမှာ ပထမဆုံးမြို့သိမ်းနိုင်တဲ့ NUG လက်အောက်ခံတပ် မန်း PDF ရဲ့ စစ်သုံ့ပန်းတွေထားရာ အချုပ်ဆောင်ကို အောက်တိုဘာ ၂၈ နဲ့ ၃၀ ရက်နေ့တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

တနင်္လာနေ့ ညနေပိုင်း နှစ်ကြိမ်ဗုံးကြဲခံရမှုကြောင့် စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့အပြင် အယောက် ၆၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားပါတယ်။

 

အဲဒီက စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူတွေထဲ ခမရ-၇၀၈ တိုက်ကြီးမြို့နယ်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦး၊ တပ်ကြပ် တစ်ဦးတို့နဲ့တကွ လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ)-၁၀၁၄ အင်ကြင်းမြိုင်တပ်က တပ်ကြပ်ကြီးစာရေး တစ်ဦး၊ ခမရ-၇၇ ရေနံချောင်းမြို့က ဒုတပ်ကြပ် တစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်တယ်လို့ မန်း PDF ရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလ ၃၀ ရက် မနက် ၁ နာရီခန့်မှာလည်း ဗုံးထပ်ကြဲခံရလို့ ဖမ်းမိ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦး ထပ်မံသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ပါတယ်။

 

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဗုံးစ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးကနေ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောထားပါတယ်။