“ဒီကနေ့ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ဒီလထဲ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်

Published on Nov 01, 2024

 

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နိုဝင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အနိမ့်ဆုံး မုန်တိုင်းငယ်အဆင့်အထိ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါပေမဲ့ အဲဒီလေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးများတာ၊ ရေကြီးတာမျိုးတွေတော့ မဖြစ်နိုင်ဘူးလို့ ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ

 

Related News

Depend on news