အမေရိကန်ရွေးကောက်ပွဲမှာ နေ့တိုင်း ဒေါ်လာတစ်သန်း မဲဖောက်ပေးမယ့် အီလွန်မက်ခ် တရားစွဲခံရ
လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်ပြည်ထောင်စုရဲ့ အထွေထွေရွေးကောက်ပွဲမှာ သမ္မတလောင်းတွေအတွက် အရေးပါတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်က မဲပေးဖို့ စာရင်းသွင်းသူတွေကို အီလွန်မက်ခ်ရဲ့ America PAC အဖွဲ့က ဒေါ်လာတစ်သန်း မဲဖောက်ပေးမယ့် ကိစ္စကို ဖီလာဒဲဖီးယားတရားရုံးက တရားစွဲဆိုလိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။
သမ္မတလောင်း ထရမ့်ကို အားပေးကူညီဖို့ ဖွဲ့ထားတဲ့ အဲဒီအဖွဲ့ဟာ မဲပေးပိုင်ခွင့်ရှိသူတွေကို ဒေါ်လာတစ်သန်းနဲ့ မက်လုံးပေးဆွဲဆောင်နေမှုကို ရပ်တန့်နိုင်ဖို့အတွက် အခုလို အမှုဖွင့်ဆိုခဲ့တာ ဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဖီလာဒဲဖီးယား တရားရုံးမှာ ပြုလုပ်မယ့် ကြားနာမှုကို အီလွန်မက်ခ် အပါအဝင် သက်ဆိုင်သူအားလုံး တက်ရောက်ရမယ်လို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအမှုကို ဖီလာဒဲဖီးယား ခရိုင်တရားရုံးက အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်စွဲဆိုခဲ့တာဖြစ်ပြီး America PAC အဖွဲ့ရဲ့ လုပ်ဆောင်မှုဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ နေထိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူစုဆောင်းဖို့ လုပ်ဆောင်နေတဲ့ တရားမဝင် ထီလုပ်ငန်းတစ်မျိုး ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
အီလွန်မက်ခ်ဟာ မဲပေးဖို့စာရင်းသွင်းတဲ့အပြင် အွန်လိုင်းကနေ သူကောက်ယူနေတဲ့ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လက်နက်ကိုင်ဆောင်ခွင့်” လက်မှတ်ထိုးတောင်းဆိုမှုမှာ လက်မှတ်ထိုးပြီးပါဝင်သူတွေထဲက တစ်ဦးကို နေ့စဉ် ရွေးချယ်ပြီး ဒေါ်လာတစ်သန်းပေးအပ်သွားမှာဖြစ်တယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။
ပထမဦးဆုံးကံထူးရှင်ဖြစ်တဲ့ ဂျွန်ဒရီဟာဆိုသူကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ပန်ဆယ်ဗေးနီးယားက မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ဆုကြေးငွေချီးမြှင့်ခဲ့ပါတယ်။
တရားရေးဌာနဟာ မက်ခ်ရဲ့ America PAC အဖွဲ့ကို အသိပေးစာပေးပို့ခဲ့ပြီး အခုလိုမျိုး လက်မှတ်ထိုး တောင်းဆိုမှုမှာ လက်မှတ်ထိုးပေးဖို့ လူတွေကို ငွေပေးတဲ့ ကိစ္စဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်နိုင်တယ်လို့လည်း CNN သတင်းဌာနက ပြီးခဲ့တဲ့ အပတ်က ရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ အီလွန်မက်ခ်ရော America PAC ဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။
လာမယ့် ရွေးကောက်ပွဲမှာ ကမ်မလာဟဲရစ်နဲ့ အကြိတ်အနယ် ယှဉ်ပြိင်ရမယ့် ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေသလို သူ့ကို ထောက်ခံတဲ့ အီလွန်မက်ခ်ကလည်း အခုလိုမျိုး မက်လုံးတွေနဲ့ ပြင်ပနေ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ – Reuters/ Carlos Barria
ပုံစာ- ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းက နယူးယောက်ရှိ Madison Square Garden မှာ ပြုလုပ်ခဲ့တဲ့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲမှာ စကားပြောနေတဲ့ အီလွန်မက်ခ်
ကိုးကား – Reuters