နောက်ထပ် စစ်တိုင်းဌာနချုပ်တစ်ခု ထပ်မံလက်လွှတ်ရမယ့်အရေးနဲ့ စစ်ကောင်စီရင်ဆိုင်နေရ

Author သုတ
Categories
Published on Oct 30, 2024

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်(ရပခ)ကို ကိုးကန့်တပ် MNDAA ဆီ ဇူလိုင်လနှောင်းပိုင်းမှာ စစ်ကောင်စီ လက်လွှတ်ခဲ့ရပါတယ်။

 

အခုလည်း ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်စင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

နပခကို AA က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက အတည်မပြုသလို တိုက်ပွဲပြင်းထန်နေဆဲပဲလို့ ပြောကြပါတယ်။

 

AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်အထိ တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီဘက်က နပခ ကျမသွားစေဖို့ အသည်းအသန်ခုခံနေတယ်လို့ CJ Platform ကို ပြောပါတယ်။

 

“ခုခံနေဆဲတော့ တွေ့ရတယ်။ ဒါပေမဲ့ ဒေသခံတွေကို ဖမ်းပြီး လူသားဒိုင်းကာအနေနဲ့ လုပ်ထားတာတွေလည်း ရှိနေပါတယ်။ မြို့ခံတွေကိုလည်း ဘယ်မှထွက်ခွင့်မပေးဘဲ စုထားတယ်။ ဗုံးခိုကျင်း မတူးခိုင်းတာတော့ အဆိုးဆုံးပဲ” လို့ သူက ဆက်ပြောပါတယ်။

အမ်း(နပခ)ရဲ့ အရန်တပ်တွေဟာ ဌာနချုပ်အထိ တပ်ဆုတ်ပြီး AA တပ်ဖွဲ့ဝင်တွေရဲ့ ထိုးစစ်ကို ခုခံကာကွယ်နေရတယ်လို့လည်း သိရပါတယ်။

 

ဒီလ အောက်တိုဘာလ ပထမပတ်ကစလို့ နပခအနီးရှိ တပ်စခန်းတွေကို AA နဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တချို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲအရှိန်အမြင့်ဆုံးအဆင့်ထိ ရောက်ရှိလာတာဖြစ်ပါတယ်။

 

လက်ရှိ အမ်းမြို့ရဲ့ နေရာအများစုကို AA က သိမ်းပိုက်ထိန်းချုပ်ထားသလို ရခိုင်ပြည်က စစ်ကောင်စီရဲ့ အကြီးဆုံးဌာနချုပ်(နပခ)ရှိတဲ့ အမ်းမြို့ကို ရရှိပါက ရခိုင်ပြည်ကို ၉၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီလို့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က မှတ်ချက်ပေးပါတယ်။

 

“စစ်ရဲ့သဘောသဘာဝအရ Chief of Command လို့ခေါ်ပါတယ်။ အဲဒီဒေသတစ်ခုလုံးကို ကြီးကြပ်တဲ့ဌာနထဲမှာ အမိန့်ဟူသမျှဟာ အဲဒီနေရာကနေ ဆင်းသက်လာတယ်။ ဥပမာ ဗဟိုဖြစ်တဲ့ ကက(ကြည်း)ကနေပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ညွှန်ကြားမယ်။ တိုင်းမှူးကတစ်ဆင့် မြေပြင်မှာရှိတဲ့ သူတို့ရဲ့ အဆင့်ဆင့်သော ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေကို အဆင့်ဆင့်ညွှန်ကြားတဲ့နေရာဖြစ်တဲ့အတွက် အမ်းကျပြီဆိုရင်တော့ ရခိုင်ပြည်ကို ကျွန်တော်တို့ ပြီးပြီလို့တောင် ပြောလို့ရတဲ့အဆင့်မှာရှိတယ်” လို့ သူက ပြောပါတယ်။

 

AA ရဲ့ ဝန်းရံပိတ်ဆို့ခြင်းကို ခံထားရတာကြောင့် စစ်ကောင်စီအနေနဲ့ ကုန်းလမ်းနဲ့ ရေကြောင်းကနေ စစ်ကူအင်အား မပေးပို့နိုင်တော့သလို လေကြောင်းကနေပဲ အင်အားဖြည့်တင်းနေရပြီး AA ရဲ့ ထိုးစစ်ကို ကြာရှည်တောင့်ခံနေဖို့ မလွယ်တော့ဘူးလို့ ရခိုင်စစ်ရေးသုံးသပ်သူတချို့က ဆိုကြပါတယ်။

 

အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာကုန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာရံထားတဲ့ တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး နပခကို သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲမှာ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိနေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ဆီ သမိုင်းမှာ ပထမဆုံးအနေနဲ့ သံတွဲမြို့နယ်၊ မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရွာတို့အနီးက ပင်မရေတပ်ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – အမ်းမြို့က မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

 

Related News

Depend on news