မန်း PDF ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထားရာ အချုပ်ဆောင် ဗုံးကြဲတိုက်ခိုက်ခံရ စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦး သေဆုံး၊ ၆၀ ဝန်းကျင်ဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Oct 29, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ရဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ဒီကနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲခန့်မှာ လေကြောင်းကနေ နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့အပြင် အယောက် ၆၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချုပ်ဆောင်မှာ ဘီလူးစစ်ကြောင်းက စစ်သုံ့ပန်းတွေအပါအဝင် တခြားစစ်သုံ့ပန်းတွေကိုလည်း သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိပေမဲ့ စစ်ကောင်စီက သူတို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Mdy-PDF က ပြောပါတယ်။

 

သေဆုံးသူတွေထဲ ခမရ-၇၀၈ တိုက်ကြီးမြို့နယ်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦး၊ တပ်ကြပ် တစ်ဦးတို့နဲ့တကွ လကတ-၁၀၁၄ အင်ကြင်းမြိုင်တပ်က တပ်ကြပ်ကြီးစာရေး တစ်ဦး၊ ခမရ-၇၇ ရေနံချောင်းမြို့က ဒုတပ်ကြပ် တစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်တယ်လို့ မန်း PDF ရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

 

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဗုံးစ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကို မန်းမန္တလေးကနေ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောထားပါတယ်။

 

ဓာတ်ပုံ – MDY PDF

 

ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အချုပ်ဆောင်ကို တွေ့ရစဉ်

 

Related News

Depend on news