ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ)

Published on Oct 27, 2024

ဒီတစ်ပတ် (အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ) အတွင်းမှာတော့ အစ္စရေးက အီရန်စစ်ရေးနေရာတွေကို ပစ်ခတ်တိုက်ခိုက်တဲ့ သတင်း အပါအဝင် ထိုင်ဝမ်ရဲ့ တစ်လက်မကိုမှ အထိအပါးမခံဘူးလို့ သမ္မတလိုင်ပြောတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်အောင်ပွဲခံရေး တစ်ရက်ဒေါ်လာတစ်သန်း မဲဖောက်ပေးမဲ့ အီလွန်မက်သတင်း၊ လက်ဘနွန်မှာ ဂျာနယ်လစ်တွေ သေဆုံးနေလို့ ကုလစိုးရိမ်ဆိုတဲ့ သတင်းနဲ့ ကိဗ်မြို့အထိ ရုရှား ဒရုန်းတွေ ဝင်ရောက်တဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

“တာဝန်အရပါလို့ ဆိုလိုက်တဲ့ အစ္စရေး”

 

အီရန်မြို့တော် တီဟီရန်နဲ့ ကာရက်ဂျ် မြို့တွေမှာ အောက်တိုဘာ ၂၆ ရက် မနက်အစောပိုင်းက ပေါက်ကွဲသံတွေကြားရတယ်လို့ အီရန်သတင်းတွေက ဖော်ပြလာပြီးနောက်မှာ ဒီတိုက်ခိုက်မှုတွေကို အစ္စရေးဘက်က ပြုလုပ်လိုက်တာဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဌာနက အသိပေးလာပါတယ်။

 

အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ အသိပေးထားပြီး ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်ကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အမေရိကန်ကို ပြန်ရောက်ချိန်မှာ တိုက်ခိုက်မှု ပြလုပ်လိုက်တာပဲဖြစ်ပါတယ်။

 

ဒီလို ပစ်ခတ်မှုတွေပြုလုပ်တာဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံတွေရဲ့ တာဝန်အတိုင်း လုပ်သင့်၊ တုံ့ပြန်သင့်တာကို ဆောင်ရွက်တာဖြစ်သလို အစ္စရေးနိုင်ငံနဲ့ အစ္စရေးပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

 

အခုဖြစ်ရပ်ဟာ အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို အီရန်ဘက်က ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်တာကို လက်တုံ့ပြန်တာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပေမဲ့ အီရန်ရဲ့ နျူကလီးယား သုတေသန အဆောက်အအုံများတွေနဲ့ ရေနံ လုပ်ငန်းတွေ ပစ်ခတ်တိုက်ခိုက်တာကိုတော့ လက်မခံဘူးလို့ ဆိုပါတယ်။

 

နိုင်ငံတကာ သတင်းဌာနတွေကတော့ အီရန်နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ အောက်တိုဘာ ပထမအပတ်ကစလို့ အစ္စရေးကို မနားတမ်း တိုက်ခိုက်နေပြီး ပဲ့ထိန်းဒုံးကျည် ၂၀၀ နီးပါးနဲ့ အီရန်ကနေ တိုက်ရိုက် ပစ်ခတ်တာအပါအဝင် နေရာ ၇ နေရာကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

****************************************

“တရုတ်ကို ကြောက်နေမယ်လို့ မထင်နဲ့”

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို တောက်လျှောက် ဖိအားတွေပေးနေပါတယ်။ ဘေဂျင်းဘက်ကတော့ ထိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ပဲ ဆက်လက်လျှောက်လှမ်းနေတာပါ။ လက်ရှိ နှစ်ဘက်ကတော့ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီး တစ်ဘက်နဲ့တစ်ဘက် မောင်းတင်ထားတဲ့ အခြေအနေဖြစ်နေပါတယ်။

 

ထိုင်ဝမ် သမ္မတ လိုင်ကတော့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုတာ လွယ်လွယ်နဲ့ရတဲ့ အရာတွေ မဟုတ်လို့ အခွင့်အရေးကို ကာကွယ်ဖို့ အားလုံး ကြိုးပမ်းအားထုတ်ရမယ်လို့ အသိပေးတဲ့အပြင် ထိုင်ဝမ်ရဲ့ တစ်လက်မကိုတောင် ထိပါးခွင့် မပေးဘူးလို့ ဆိုပါတယ်။

 

သမ္မတလိုင်ဟာ ဒီပြောဆိုမှုကို တရုတ်နဲ့ ထိုင်ဝမ်ကြားဖြစ်ပွားတဲ့ ဂူနင်တုံ တိုက်ပွဲမှာ တရုတ်ကွန်မြူနစ်တပ်ဖွဲ့တွေကို အောင်ပွဲခံခဲ့တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပရာ ကင်မန်ကျွန်းကို သွားရောက်စဥ်အတွင်း ပြောခဲ့တာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian ကတော့ ဒီမှတ်ချက်အပေါ် ဂရုမပြုဘဲ ထိုင်ဝမ်နဲ့ တရုတ်ဟာ အဆုံးမှာတော့ ပေါင်းစည်းသွားမှာဖြစ်တယ်လို့ အခိုင်အမာပြောပါတယ်။

 

တရုတ်သမ္မတ ရှီကျင်းပင်ဟာ အတိတ်နှစ်ကာလတွေကတည်းက ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း အင်အားသုံးဖြေရှင်းသွားဖို့လည်း လက်မတွန့်ဘူးလို့လည်း ဆိုပါတယ်။

 

တရုတ်ဟာ ကိုယ်ပိုင်အချုပ်အခြာနဲ့ ရှိနေတဲ့ ထိုင်ဝမ်ကို ပြည်မကနေ ခွဲထွက်သွားခဲ့တဲ့ ပြည်နယ်တစ်ခုအဖြစ် ရှုမြင်နေတာပါ။ ဒါပေမဲ့ တစ်ဘက်မှာလည်း ထိုင်ဝမ်ကတော့ သူတို့အနေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်နေတဲ့ နိုင်ငံ အဖြစ်ရှုမြင်ပါတယ်။

****************************************

“တစ်ရက်ကို ဒေါ်လာတစ်သန်း ဘယ်နည်းမလဲ”

 

ကမ္ဘာ့ထိပ်တန်းသူဌေး အီလွန်မက်ကတော့ အာကာသအပါအဝင် ကမ္ဘာမြေမှာပါ ခြေလှမ်းတွေရှုပ်နေလို့ ပြောစမတ်တွင်နေပါပြီ။ အောက်တိုဘာ ဒုတိယအပတ်က  အာကာသခရီး သမိုင်းစာမျက်နှာသစ်ကို Starship ဒုံးပျံနဲ့ ဖွင့်လှစ်ခဲ့တဲ့ သူဟာ လက်ရှိမှာလည်း အမေရိကန် ရွေးကောက်ပွဲကို မှီပြီး နောက်ထပ် သမိုင်းစာမျက်နှာအသစ်တွေ ဖွင့်လှစ်ဖို့ ကြိုးပမ်းလာပါတယ်။

 

အီလွန်မက်ဟာ ရစ်ပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ် ထရမ့်ကို အမေရိကန် ရွေးကောက်ပွဲ အတွက် ထောက်ခံ အားပေးနေသူပါ။ နောက်ကွယ်မှာ ငွေကို လှိုင်လှိုင်သုံးပြီးတော့ ဝန်းရံနေသူဆိုရင်လည်း မမှားပါဘူး။  အခုသူက ရွေးကောက်ပွဲမှာ ထရမ့်နိုင်ဖို့ နည်းလမ်းတစ်မျိုးကို အသုံးပြုလာခဲ့ပါတယ်။

 

ဒါကတော့ အမေရိကန်က မဲ အပြောင်းအလဲများတဲ့ ပြည်နယ်တွေမှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဆန္ဒပြုခဲ့သူတွေ၊ မဲပေးဖို့ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေကို တစ်ရက်ကို ဒေါ်လာ တစ်သန်းစီ မဲဖောက် စည်းရုံးနေတာပဲဖြစ်ပါတယ်။  ဒီ အစီအစဉ်ကို နိုဝင်ဘာလ ၅ ရက် ရွေးကောက်ပွဲ ကာလ အထိ လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

 

အမေရိကန် ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီနည်းလမ်းဟာ  တရားမဝင်ဘူးလို့ ထောက်ပြပြောဆိုနေကြပါတယ်။ ဒါပေမဲ့ အီလွန်မက်ရဲ့ ခြေလှမ်းတွေကတော့ တော်တော်လေး ပေါက်ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာ သတင်းဌာနတချို့ရဲ့ ဖော်ပြချက်မှာဆိုရင် ထရမ့်ကို မဲမပေးချင်တဲ့သူတွေတောင် မဲပေးဖို့ ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

 

အမေရိကန်ရွေးကောက်ပွဲမှာ ထရမ့်သာ အနိုင်ရခဲ့မယ်ဆိုရင် အီလွန်မက်ဟာ သမ္မတကို တိုက်ရိုက်ပြောဆိုခွင့် ရရှိသွားမယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဒါ့အပြင် အစိုးရကိုထိန်းညှိပေးမဲ့ ထိရောက်မှုရှိတဲ့ ဌာနတစ်ခုကိုလည်း ဦးဆောင်သွားဖို့ ရှိနေပါတယ်။  သူရဲ့ ခြေလှမ်းတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးကို ရောယှက်ပြီး အကျိုးဖြစ်ထွန်းစေမဲ့ လမ်းကြောင်းတွေဖြစ်နေလို့  ထောက်ပြမှုတွေ များများပြုလုပ်သင့်တယ်လို့ လေ့လာသူတချို့က အသိပေးပါတယ်။

****************************************

“ဂျာနယ်လစ်တွေသေဆုံးနေလို့ UN စိုးရိမ်ပြန်”

 

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂျာနယ်လစ်တွေ သေဆုံးခဲ့ရတဲ့အတွက် ကုလသမဂ္ဂက စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၅ ရက်က အသိပေးချက်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် ဂျာနယ်လစ် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

 

အခုလို တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာ အကာအကွယ်ပေးထားတဲ့ သတင်းထောက်တွေကို ပစ်မှတ်ထားတဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တို့အပေါ်မှာ ထိခိုက်သွားတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်ကနေပဲ တာဝန်ဝတ္တရားတွေကို လိုက်နာရမှာဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ထပ်ဆောင်း အသိပေးထားပါတယ်။

 

အစ္စရေးဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဟက်စ်ဘာယာမြို့မှာရှိတဲ့  မီဒီယာတွေ အသုံးပြုတဲ့ တည်းခိုခန်းတစ်ခုကို ထိခိုက်ခဲ့တာပဲဖြစ်ပါတယ်။  အစ္စရေးဘက်ကတော့ ဂျာနယ်လစ်တွေ သေဆုံးမှုအပေါ် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

 

သေဆုံးသွားသူတွေဟာ အီရန်လိုလားတဲ့ သတင်းဌာန အလ်-မာယာဒီးန်ရဲ့ ကင်မရာအော်ပရေတာ ဂက်စ်ဆန် နက်ဂျားနဲ့ အင်ဂျင်နီယာ မိုဟာမဒက် ရီဒါ၊ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် အလ်-မာနာ ဂြိုလ်တု ရုပ်မြင်သံကြားဌာနက ကင်မရာအော်ပရေတာ ဝစ်ဆန်ကက်ဆမ်တို့ဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြထားပါတယ်။

 

လက်ဘနွန်မှာ အခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခအတွင်း လူ ၂,၆၀၀  နီးပါး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ရဲ့ အဆိုအရ ဂါဇာမှာ ပါလက်စတိုင်း သတင်းထောက်တွေနဲ့ မီဒီယာလုပ်သား ၁၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ ဆိုပါတယ်။

****************************************

“ကိဗ်မြို့အထိ ရုရှား ဒရုန်းတွေ ဝင်ရောက်”

 

ရှရှားဘက်ကတော့ ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်အထိ ဒရုန်းတွေ စေလွှတ်တိုက်ခိုက်လိုက်ပါပြီ။  အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ကိဗ်မြို့ မိုးမျှော်တိုက်တစ်လုံးကို ရုရှားပိုင် ဒရုန်းတစ်စင်းက ဝင်တိုက်လို့ အပေါ်ဆုံးအထပ်မှာ မီးလောင်ပြီး လူတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်အပြီး မြို့တော်ရဲ့ အနောက်ဘက် ဆိုလိုမြန်စကီး  ခရိုင်ရှိ အထပ်မြင့်တိုက်တွေမှာ နေထိုင်တဲ့  ဒေသခံ ၁၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့  မြို့တော်ရဲ့ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟေးပေါ့ပ်ကိုက ပြောပါတယ်။ တစ်နာရီကြာ လေကြောင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန် ကာကွယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်အပြီး နောက်နှစ်နာရီအကြာမှာ ဒရုန်းတွေ ဝင်လာလို့ မြို့မှာ သတိပေးချက်အသစ်တွေ ထုတ်ပြန်ခဲ့ရသေးတယ်လို့ ရိုက်တာသတင်းရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။

 

ရုရှားပိုင်ဒရုန်းဝင်တိုက်တဲ့ဖြစ်ရပ်မှာ မိုးမျှော်တိုက်ရဲ့ ၁၇ ထပ်ကနေ ၂၁ အထိ တိုက်ခန်းတွေ ပျက်စီးသွားခဲ့တယ်လို့ ပေါ့ပ်ကိုက တယ်လီဂရမ်မှာ အသိပေးခဲ့ပါတယ်။ ဒဏ်ရာရသူတွေကိုတော့ အခင်းဖြစ်ပွားရာနေရာမှာ ကုသပေးခဲ့တယ်လို့ ဆိုပြီး အရေးပေါ် လူနာတင်ယာဉ်တွေလည်း အနီးအနားမှာ ထားရှိပေးခဲ့တယ်လို့ သိရပါတယ်။

 

ရုရှား-ယူကရိန်းအရေးဟာ လက်ရှိမှာ ပြင်းထန်နေပြီး ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားက စေလွှတ်ထားတဲ့ စစ်သားတွေကို အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာပဲ စစ်မြေပြင်မှာ အသုံးပြုတော့မယ်ဆိုတာကို  ထောက်လှမ်းသိရှိခဲ့ရတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက အသိပေးထားပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယားရဲ့ အခုလို ခြေလှမ်းတွေကို လျစ်လျူရှုထားလို့ မရသလို သေချာရေရာမှု မရှိတဲ့ မှတ်ချက်တွေ ပေးနေရုံနဲ့ မရဘဲ  နှစ်ဘက်စလုံးကို ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်သင့်ပါတယ်လို့ ဇလန်းစကီးက ပြောဆိုပါတယ်။

 

ဒါဟာ ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေဘက်က မြောက်ကိုရီးယားတို့ ပါဝင်လာတာဟာ အခြေအနေပိုမိုဆိုးရွားစေတယ်လို့ ပြောဆိုမှုနောက်ပိုင်း ဇလန်းစကီးက ပြတ်သားတဲ့ လုပ်ရပ်တွေကိုပဲ လုပ်ကြဖို့ သတိပေးခဲ့တာပဲဖြစ်ပါတယ်။