ဒီကနေ့ အောက်တိုဘာ ၂၃ ရက်အတွက် မိုးလေဝသခန့်မှန်းချက်

Published on Oct 23, 2024

“မိုးကြီးနိုင်တဲ့ ဒေသများ”

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ ညနေပိုင်းအထိ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ယမန်နေ့က မိုးရွာသွန်းနိုင်ခြေမရှိဘူးလို့ခန့်မှန်းခဲ့တဲ့ ကချင်ပြည်၊ ရှမ်းပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ ဒီကနေ့မှာတော့ မိုးရွာသွန်းနိုင်ခြေရှိတယ်လို့ ဒီကနေ့မနက် ၆ နာရီခွဲတိုင်းထွာထားချက်အရ သိရပါတယ်။

 

ကရင်နီ(ကယား)ပြည်မှာ နေရာကွက်ကျား၊ ရှမ်းပြည်(မြောက်ပိုင်း)နဲ့ (အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲ၊ ကချင်ပြည်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး မိုးရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ရှိ ဆာဂါကျွန်း တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာမှာရှိနေပြီး  အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ ၃၅ မိုင်ကနေ မိုင် ၄၀ နှုန်းခန့် ရှိနိုင်တယ် လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့လည်း ဆိုထားပါတယ်။

 

ဒါ့အပြင်မုန်တိုင်းငယ်ဟာ ဆက်လက်အားကောင်းနေပြီး ဒီကနေ့ မနက် ၅ နာရီခွဲကနေ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ မနက်ဖြန် ၂၄ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ DANA အမည်ရှိ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ မိုးဇလရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၅၀ ကနေ ၅၅ မိုင်အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၁ ပေကနေ ၁၅ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ