“စပါးအထွက် လယ်သမားအခက်”

Author လဂွန်းအိမ်၊ မင်းထက်၊ Gold
Categories
Published on Oct 19, 2024

ဧရာဝတီတိုင်းအပါအဝင် ဒေသတချို့မှာ အောက်တိုဘာ လဆန်းပိုင်းကစပြီး မိုးစပါးသစ်တွေ စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။ တချို့ဒေသတွေမှာ ရိတ်သိမ်းနေကြဆဲဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာတော့ ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ မိုးကာလထဲ မိုးကြီးရေလျှံမှုတွေကြောင့် စပါးခင်းတွေ ရေမြုပ်ပျက်စီးတာတွေ ဒေသအများအပြားမှာ ကြုံခဲ့ရပါတယ်။ ဒါကြောင့် တောင်သူအများစုက စပါးအထွက်နှုန်းနည်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီး အခု မိုးစပါးအဖွင့်ဈေးနှုန်းတွေဟာ မနှစ်က ဈေးနှုန်းတွေအတိုင်း ဆန်ကြမ်းစပါးတွေဟာ တင်း ၁၀၀ ကျပ် ၁၇ သိန်းဝန်းကျင်ပဲရလို့ လယ်သမားတွေ အရှုံးပေါ်နေရတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေရဲ့ အသံတွေကို CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍကနေ ထုတ်ဖော်ပေးလိုက်ပါတယ်။

****************************************

 

“ဒီနှစ်က စပါးရှုံးတဲ့နှစ်ပါ။ အရှုံးနည်းတာနဲ့ များတာပဲရှိမယ်။”

 

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဘောလုံးကျေးရွာက အသက် ၅၀ ကျော် လယ်သူမကြီးတစ်ဦး

 

ဒီနှစ်က ငါးဧကလောက်စိုက်ဖြစ်တယ်။ ရေမြုပ်ကုန်လို့ မထွက်သလောက်ပါပဲ။ ပျမ်းမျှပြောရရင် နှစ်ဧကကို စပါး ၃၀ လောက်ပဲထွက်မယ်။ ကျန်တာရေမြုပ်တော့ ကုန်တာပေါ့။ စပါးဈေးက ဟိုရက်ကတော့ ၁၇ သိန်းဆိုပြီးလာကောက်တယ်။ ဒီရက်တော့ ၁၈ အထိပေးသေးတယ်။ အဒေါ်တော့ မရောင်းသေးဘဲ ကိုယ့်ဘာကိုယ်လှောင်ထားသေးတယ်။ ဈေးနည်းနည်းတက်မှ ရောင်းမှာပေါ့။ ဒီဈေးနဲ့ရောင်းရင် အရှုံးများမယ်လေ။ ဈေးတက်မှ ရောင်းရင်တော့ အရှုံးနည်းမှာပေါ့။ ဒီနှစ်က စပါးရှုံးတဲ့နှစ်ပါ။ အရှုံးနည်းတာနဲ့ များတာပဲရှိမယ်။ စိုက်စရိတ်က တစ်ဧကကို ၁၀ သိန်းကျော်ရှိတာလေ။ ခုချိန်ရောင်းရင် ၁၀ သိန်းတောင်ရမှာမဟုတ်ဘူး။ အဆင်ပြေလားဆို မပြေဘူးပဲပြောရမှာပဲလေ။ ဒီလိုပဲ လုပ်စားနေရတာပဲပေါ့။ ကိုင်းတော့စိုက်ဖို့ရှိတယ်။ ကိုင်းသီးနှံလေး ပေါ်ရင်တော့ အသက်ရှူချောင်မယ်ထင်တာပဲ။

****************************************

 

“အခုက ကုန်ဈေးနှုန်းကလည်းကြီး၊ လယ်တွေလည်းရှုံးဆိုတော့ မလွယ်ဘူး။ ကြာရင် ဟိုအတန်းသွားရဖို့ပဲရှိမယ်။”

 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်က အသက် ၄၀ ကျော် လယ်သမားတစ်ဦး

 

စိုက်တာကတော့ ဆယ်ဧကပဲ။ စပါးဆိုတာ ဘာလဲတောင်မေးယူရမယ်။ အကုန်လုံးစပါးမထွက်ကြဘူး။ စပါးလည်း မမြင်ရဘူး။ ဆင်းသုခကို ၁၆ သိန်းခွဲလာကောက်တယ်။ ရှုံးတာပေါ့။ တွက်ကြည့်လေ။ လုပ်အားခ တစ်သိန်း၊ ချွေလှေ့ နှစ်သိန်း၊ အိပ်ဖိုး နှစ်သောင်းထား မျိုးစပါးက တစ်တင်းကို သုံးသောင်း၊ တစ်ဧကအတွက်ဆို ကြဲခင်းက နှစ်တင်းခွဲလောက်ကြဲရတာ ခုနစ်သောင်းထား၊ ထွန်စက်ခက ခြောက်သောင်းခွဲကွာ၊ ပေါင်းကောက်ခ ပျမ်းမျှ တစ်သိန်း၊ မြေဩဇာ သုံးသိန်း၊ ပိုးကျလို့ ပိုးသတ်ဆေး တစ်သိန်းကျော် တခြား ဗာဟိရနဲ့ပေါင်းလိုက်ရင် အားလုံးတစ်ဧကကို ၁၃ သိန်းကျော်လောက်ကုန်တယ်။ ရေကြီးလို့ မြုတ်တာနဲ့ တစ်ဧကကို ၅၀ လောက်ပဲထွက်တော့ လာကောက်တဲ့ဈေးနဲ့ဆို တစ်ဧက မှ ရှစ်သိန်းလောက်ပဲရမှာ။ မရှုံးဘဲနေမလား။ စပါးက ဈေးပဲရှိတာ။ အပြင်မှာ စပါးမမြင်ရဘူး။ ကျွန်တော်က တခြားလုပ်ငန်းလေးရှိတော့ တော်သေးတာပေါ့။ လယ်ပဲသီးသန့်စိုက်တဲ့သူတွေတော့ ဘယ်လွယ်မလဲ။ အခုက ကုန်ဈေးနှုန်းကလည်းကြီး၊ လယ်တွေလည်းရှုံးဆိုတော့ မလွယ်ဘူး။ ကြာရင် ဟိုအတန်းသွားရဖို့ပဲရှိမယ်။

****************************************

 

“မကိုက်တာမှ တော်တော်လေးကို မကိုက်ဘူး။”

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က လယ်စိုက်တောင်သူ အမျိုးသမီးတစ်ဦး

စပါးဈေးက တောမှာ ၁၅ သိန်းခွဲ မကောင်းတာဆို ၁၅(သိန်း)ပါ။ ရိတ်ခြွေခကျ လဲနေတဲ့စပါးတွေဆို တစ်သိန်းကိုးသောင်းပါ။ ထောင်နေတဲ့စပါးတွေဆို တစ်သိန်းရှစ်သောင်းပါ။ စပါး တစ်တင်း လှည်းတိုက်ခတင် နှစ်ထောင်၊ သုံးထောင် ရှိတယ်။ အခက်အခဲက တော်တော်ကြုံတယ်။ ကိုက်လား မကိုက်လားဆိုတော့ အလုပ်သမားငှားခတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ရတာ အတွက်မကိုက်ဘူး။ မကိုက်တာမှ တော်တော်လေးကို မကိုက်ဘူး။ လမ်းတွေကလည်းဆိုးနေတော့ သယ်ယူခနဲ့ ပိုပြီးတော့ဆိုးတယ်။ ကုန်ကျစရိတ်က တော်တော်များပါတယ်။

****************************************

 

“ပြေလည်အောင်ဆိုရင် လက်ရှိကတော့  စုဆောင်းထားတဲ့ ပစ္စည်းတွေရောင်းချပြီး ဒီမှာထည့်ဖို့လုပ်ထားတယ်။”

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာက ဒေသခံ စပါးစိုက်ပျိုးလုပ်ကိုင်သူတစ်ဦး

 

အရင်တစ်ပြန်ကပေါ်ထားတဲ့ နွေစပါးစျေးက စောစောရက်ကတော့ (သိန်း)၂၀ ကျော်လောက်ကြားပေမဲ့ အခု ၁၆ ၊ ၁၇ (သိန်း)လောက်ပဲ ရှိတော့တယ်ပြောတာပဲ။ ခုထိတော့ မရောင်းရသေးဘူး။ လက်ရှိကတော့ အသစ်စိုက်ထားတယ်။ စပါးတွေကတော့ ကောင်းတယ်။ ကောင်းတာကလည်း နောက်ကဆေး၊ မြေဆီကအစ လိုက်ရတာကိုးနော်။ ပထမစပါးက လမ်းကြောကြောင့်မရောင်းရသေးတာ။ ဦးကြီးတို့ဘက်ကူးရတဲ့ လမ်းကြောမကောင်းတာ။ ပြီးတော့ ကားကြီး၀င်မရသေးဘူး။ အဲဒီတော့ မရောင်းရသေးဘူး။ အခက်အခဲဆို ပထမစပါးတုန်းကလည်း စိုက်ပျိုးစရိတ် မြေဆီ၊ ဆေးကအစ ရင်းထားရတာ။ စပါးပေါ်ချိန် စပါးက မရောင်းရသေးတော့ ဘာမှအမြတ်ရောအရင်းရောမရသေးဘူး။ ဒီတော့ နောက်ထပ်စိုက်ပျိုးစရိတ်အတွက် အခက်အခဲဖြစ်တယ်။ မြေဆီ တစ်အိတ်ကို တစ်သိန်းငါးသောင်းအထက်မှာရှိတယ်။ စိုက်ပျိုးတာ၊ လူငှားရတာနဲ့ ဆေးစရိတ်နဲ့ လုပ်သာလုပ်နေရတာ ကျပ်ကျပ်တည်းတည်းဖြစ်တာပေါ့။ ပြေလည်အောင်ဆိုရင် လက်ရှိကတော့  စုဆောင်းထားတဲ့ ပစ္စည်းတွေရောင်းချပြီး ဒီမှာထည့်ဖို့လုပ်ထားတယ်။