တရုတ်ခါးပတ်လမ်းစီမံကိန်းအပါအဝင် အဓိကစီမံကိန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ် တိုက်တွန်း

Author အဂ္ဂ
Categories
Published on Oct 17, 2024

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နိုင်ငံတွေပါဝင်တဲ့ ဒေသတွင်းကုန်သွယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် တရုတ်ခါးပတ်လမ်းစီမံကိန်း (BRI) အပါအဝင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စတဲ့ အဓိကကျတဲ့ စီမံကိန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ်က အောက်တိုဘာ ၁၆ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

 

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာ ကျင်းပနေတဲ့ SCO ရဲ့ အစိုးရအကြီးအကဲများကောင်စီ အစည်းအဝေးမှာ ပါကစ္စတန် ဝန်ကြီးချုပ် ရှဇ်ဘတ်ဘ်ရှရစ်ဖ်က အခုလိုမျိုး တိုက်တွန်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

“BRI, CPEC နဲ့ နိုင်ငံတကာ တောင်-မြောက် သယ်ယူပို့ဆောင်ရေး စင်္ကြံ (INSTC) စတဲ့ အဓိက စီမံကိန်းတွေကို တိုးချဲ့ခြင်းအားဖြင့် ဒေသတွင်းပေါင်းစည်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် အခုလိုစီမံကိန်းမျိုးကို ကျဉ်းမြောင်းတဲ့ နိုင်ငံရေးရှုထောင့်ကနေ မကြည့်သင့်ဘဲ အဲဒီအစား စီးပွားရေးအရ ပေါင်းစည်းထားတဲ့ ဒေသတစ်ခုဖြစ်ပေါ်လာရေး ဆိုတဲ့ ပူးတွဲမျှော်မှန်းချက်နဲ့ အကောင်အထည်ပေါ်လာစေဖို့၊ စုပေါင်းချိတ်ဆက်လုပ်ဆောင်ကြဖို့ကိုလည်း ဆက်ပြီးပြောခဲ့ပါသေးတယ်။

 

“အဖွဲ့ဝင်နိုင်ငံအားလုံး အကျိုးရှိမဲ့ ကောင်းစွာ ပေါင်းစည်းထားပြီး ကြွယ်ဝတဲ့ ဒေသတစ်ခုအတွက် အတူတကွ လုပ်ဆောင်ကြပါစို့”လို့လည်း သူက ထပ်မံတိုက်တွန်းပြောဆိုခဲ့ပါတယ်။

 

SCO အဖွဲ့ဟာ ၂၀၀၁ ခုနှစ်မှာ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ကိုးနိုင်ငံနဲ့ လေ့လာသူ သုံးနိုင်ငံရှိပါတယ်။ (အဖွဲ့ဝင် ကိုးနိုင်ငံကတော့ အိန္ဒိယ၊ တရုတ်၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ ဖြစ်ပြီး လေ့လာသူ သုံးနိုင်ငံကတော့ အာဖဂန်နစ္စတန်၊ ဘီလာရုစ်နဲ့ မွန်ဂိုလီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။)

 

SCO အဖွဲ့ဟာ အရှေ့နဲ့ အလယ်အာရှဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ GDP (ပြည်တွင်းအသားတင်ထုတ်လုပ်မှု) ၃၀ ရာခိုင်နှုန်းအထိ ကိုယ်စားပြုပါတယ်။

 

တရုတ်ခါးပတ်လမ်းစီမံကိန်း (BRI) ဟာ နိုင်ငံတကာကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ပိုးလမ်းမစီမံကိန်းသစ်လို့ခေါ်တဲ့ အဲဒီစီမံကိန်းမှာ ဥရောပနဲ့ အာရှကို ဆက်သွယ်ထားတဲ့ ကုန်းလမ်းစီးပွားရေး စင်္ကြ့တွေပါသလို တရုတ်နိုင်ငံကနေ ဥရောပနဲ့ အာဖရိကကို ဆက်သွယ်ထားတဲ့ ပင်လယ်ရေကြောင်းလမ်းတွေလည်း ပါဝင်ပါတယ်။

 

BRI ဟာတရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုကို တိုးချဲ့ဖို့ကြိုးပမ်းချက် တစ်ရပ်လို့အများစုကတော့ ရှုမြင်ကြပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စီမံကိန်းမှာပါဝင်တဲ့ နိုင်ငံတွေ အတွက် စိန်ခေါ်မှုတွေအပြင် အခွင့်အလမ်းတွေပါ ယူလာတတ်တာကြောင့် ပါကစ္စတန်နိုင်ငံလို ထောက်ခံအားပေးတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။

 

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကတော့ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြားမှာ လမ်း၊ ရထားလမ်း၊ ဆိပ်ကမ်းနဲ့ စွမ်းအင်စီမံကိန်းတွေ ပါဝင်ပါတယ်။ အဲဒီစင်္ကြံဟာ တရုတ်နိုင်ငံက ပါကစ္စတန်ကနေတဆင့် အရှေ့အလယ်ပိုင်းဒေသတွေကို ဆက်သွယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော်အထိ ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာ CPEC ဟာ BRI စီမံကိန်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး SCO ကတော့ BRI အကောင်အထည်ဖော်ဖို့အတွက် အရေးပါတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူ တချို့က သုံးသပ်ထားပါတယ်။

 

CPEC, SCO နဲ့ BRI သုံးခုစလုံးဟာ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှုကို မြှင့်တင်ဖို့ ကြိုးပမ်းချက်တွေရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

 

 

ဓာတ်ပုံ-  Geo News

 

ကိုးကား – Geo News